Local News
နှစ်ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံး
လွန်ခဲ့သော ၂ နှစ် က
ဧပြီ ၉
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း၊ တနီးလာလဲကျေးရွာ အရှေ့ဖက် တောင်ပေါ်တစ်ကြောတွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များ အကြား ဧပြီလ ၄ နှင့် ၅ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု KNDF ထံမှသိရသည်။
ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ခမရ (၅၁၇) တပ်ရင်း အမှတ် တံဆိပ်ပါ MA-1 သေနတ် (၂)လက် ၊ MA-3 သေနတ် (၁)လက် နှင့် ကျည်ဆံများ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်းအချို့တို့အား သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။
တနီးလာလဲကျေးရွာ အရှေ့ဖက်တောင်ကြောပေါ်တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီ၏ တပ်များ အား ကရင်နီတပ်မတော် (KA )၊ KNDF ဗျူဟာ (၆)တပ်ရင်းဖြစ်သည့် KNDF B/09၊ KNDF ဗျူဟာ (၄) တပ်ရင်းများ ဖြစ်သည့် KNDF B/01၊ KNDF B/05၊ KNDF B/06၊ KNDF B/07 နှင့် KNDF ဗဟိုဒရုန်း တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး နှစ်ရက်တာ အပြင်းအထန်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
နှစ်ရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်နှင့် လွိုင်ကော် မြို့နယ်အခြေစိုက်တပ်များဖက်မှ လက်နက်ကြီးများ အဆမတန်အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး ဧပြီလ (၄) ရက်နေ့ ညနေ (၃)နာရီကျော် အချိန်တွင် တိုက်လေယာဥ်ဖြင့် (၆)ကြိမ် လာရောက် ပစ်ခတ်ခဲ့သည်ဟု KNDF က ဆိုသည်။
ဧပြီလ ၄ ရက်တိုက်ပွဲအတွင်း KNDF B/06 တပ်ရင်းမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟုလည်း KNDF က အသိပေးထုတ်ပြန်ထားသည်။
ကရင်နီဒေသတွင် ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါတမြေး၊ ဒေါတငူး၊ တနီးလာလဲ ကျေးရွာများ အနီးတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် KA၊ KNDF တပ်ပေါင်းစုများအကြား မတ်လမှစ၍ ယနေ့ထိ နေ့စဥ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။
ဓာတ်ပုံ - KNDF