bap-logo
digital media literacy

အဆိုးမြင်သတင်းများကို အဆက်မပြတ်ဖတ်ရှုသည့် အကျင့် (Doomscrolling)

lQulXn5Ne4jxhLiQSBsMp-image

လွန်ခဲ့သော ၂ ရက် က


BAP၊ ဒီဇင်ဘာ ၅။

 

တစ်မိနစ်လောက်တော့ ဘာတွေ ထူးလဲ Facebook ကြည့်လိုက်ဦးမယ်၊ TikTok သုံးလိုက်ဦးမယ်။”

 

ဒီလိုနဲ့ သတင်းတွေရော၊ အတင်းတွေပါ တစ်ပုဒ်ပြီး တစ်ပုဒ်၊ တစ်မိနစ်ကနေ ၁၀ မိနစ်၊ အဲဒီကနေ တစ်နာရီ၊ နှစ်နာရီ အကြာကြီး သုံးမိတတ်ကြပါတယ်။

 

“Doomscrolling” ဆိုတာ “doom” (ပျက်စီးခြင်း၊ ကံဆိုးခြင်း) နဲ့ “scrolling” (စာမျက်နှာများအထက်အောက် ရွှေ့လျားဖတ်ရှုခြင်း) ဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဒါဟာ အွန်လိုင်းပေါ်က စိတ်ဓာတ်ကျစရာ ဒါမှမဟုတ် အပျက်သဘောဆောင်တဲ့ သတင်းတွေကို ကိုယ်က စိုးရိမ်ပူပန်နေရ၊ စိတ်ဖိစီးနေရတဲ့ကြားက အဆုံးမရှိ ဆက်တိုက် ဖတ်ရှုနေတဲ့ အကျင့်ကို ဖော်ပြတာပါ။

 

Doomscrolling ဆိုတာ အထူးသဖြင့် အခက်အခဲ၊ ပဋိပက္ခ၊ ဒါမှမဟုတ် မသေချာမရေရာတဲ့ အချိန်မျိုးတွေမှာ စိတ်မချမ်းသာစရာ သတင်းဆိုးတွေကို အဆုံးမရှိ ဆက်တိုက် ဖတ်နေတဲ့ အကျင့် ကို ပြောတာပါ။

 

အဲဒီအကြောင်းအရာတွေက စိတ်ပူပန်စေတယ်၊ စိတ်ညစ်စေတယ်ဆိုပေမဲ့ ကိုယ်က ဆက်ကြည့်နေမိတယ်။ ဒါက စိတ်ပိုင်းရော၊ ကိုယ်ပိုင်းပါ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဖိစီးမှုသံသရာကြီး တစ်ခု ဖြစ်လာစေတယ်။

 

Doomscrolling ဆိုတဲ့ ဝေါဟာရဟာ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်လောက်ကမှ စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပေမဲ့ COVID-19 ကပ်ရောဂါ ကာလအတွင်းမှာ လူသိများလာပါတယ်။ အဲဒီအချိန်က လူအများအပြားဟာ ကူးစက်မှု အရေအတွက် တိုးလာတာ၊ ပိတ်ဆို့ထားမှုတွေနဲ့ ထိတ်လန့်စရာ သတင်းခေါင်းစဉ်တွေအကြောင်း ဖတ်ရင်း ဖုန်းတွေကို စွဲမြဲစွာ ကြည့်နေခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ doomscrolling ကို စိတ်ခံစားမှု၊ ဖိစီးမှုနဲ့ အိပ်စက်မှုတို့အပေါ် တိုင်းတာနိုင်တဲ့ သက်ရောက်မှုတွေရှိတဲ့ အလေ့အထတစ်ခုအဖြစ် အသိအမှတ်ပြုထားတဲ့အပြင် စိတ်ကျန်းမာရေး အတွက် ဒစ်ဂျစ်တယ်ခေတ်ရဲ့ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

 

Harvard Health ရဲ့ လေ့လာချက်တွေအရ doomscrolling က အန္တရာယ်ကို သိချင်တဲ့ လူတွေရဲ့ သဘာဝဗီဇကို အသုံးချတာလို့ ဆိုပါတယ်။ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေက ဒီဗီဇကို ကျွန်တော်တို့ ဦးနှောက်တွေက မခံနိုင်လောက်တဲ့အထိ ချဲ့ကားပစ်လိုက်တာပါ။

 

University of CaliforniaSan Diego (UCSD) က ပါမောက္ခ Susan Tapert ရဲ့ အဆိုအရ ကျွန်တော်တို့ရဲ့ ဦးနှောက်တွေဟာ “ပူပန်မှုတွေနဲ့ ဆက်သွယ်ချိတ်ဆက်ထားတယ်။” လို့ ဆိုပါတယ်။ အဆင့်ဆင့် ပြောင်းလဲလာတဲ့ ရှင်သန်မှု ဗီဇအရ လူတွေဟာ အပျက်သဘောဆောင်တဲ့ သို့မဟုတ် ခြိမ်းခြောက်တဲ့ သတင်းတွေကို ပိုပြီး အာရုံစိုက်မိတယ်။ သတင်းဆိုးတွေက သတင်းကောင်းတွေထက် ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို ပိုပြီး လှုံ့ဆော်ပေးတယ်။ ဦးနှောက်အလုပ်လုပ်ပုံ ရှုထောင့်အရ ပြောရရင်တော့ ထိတ်လန့်စရာ သတင်းတွေ နဲ့ ထိတွေ့မှုဟာ စိတ်ခံစားမှု ဗဟိုချက် (ဥပမာ limbic system / amygdala) တွေကို လှုံ့ဆော်ပေးပြီး စိတ်ဖိစီးမှု၊ တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေတယ်။ တစ်ချိန်တည်းမှာပဲ ဦးနှောက်ရဲ့ ဆုလာဘ်ပေးတဲ့ စနစ်က ဒီအပြုအမူကို အားဖြည့်ပေးနိုင်ပါတယ်။ သတင်းအသစ် တစ်ခုစီက dopamine ထွက်ရှိမှုကို လှုံ့ဆော်နိုင်ပြီး စိုးရိမ်ပူပန်မှု + ခဏတာ ဆုလာဘ် + ပိုမိုဖတ်ရှုမှု ဆိုတဲ့ သံသရာကို ဖန်တီးပေးပါတယ်။

 

ဒီနေ့ခေတ် သတင်းတွေ မြန်မြန်ဆန်ဆန် လည်ပတ်နေတဲ့ ခေတ်ကြီးမှာ လူတွေက ဖုန်းကို တစ်နေ့ အကြိမ်များစွာ ကြည့်ဖြစ်ကြတယ်။ သတင်းဆိုးတွေက ပိုမြန်မြန်ပျံ့၊ ပိုထင်ရှားပေါ်လွင်၊ ပိုပြီး ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ဖြစ်စေတတ်တယ်။ ဒါက သံသရာလည်နေတဲ့ feedback loop ကို ဖန်တီးပေးပါတယ်။ သတင်းခေါင်းစဉ်တွေက ထိတ်လန့်စရာ၊ သတိပေးစရာတွေ ဖြစ်နေရင် ကိုယ့်ရဲ့ စိတ်ခံစားမှု၊ အိပ်စက်မှု အရည်အသွေး၊ အာရုံစူးစိုက်မှုတွေ ထိခိုက်နေလဲ ဆက်ဖတ်နေဖို့ တွန်းအားပေးနေတာဖြစ်ပါတယ်။ လူအများစုအတွက် doomscrolling က ညဘက်မှာ ဖြစ်တာများတယ်။ ခဏလေး သတင်းကြည့်မယ်ဆိုပြီး စိတ်ညစ်စရာ update တွေကို နာရီဝက်လောက် ခံစားမိလိုက်ရင် စိုးရိမ်စိတ်တွေ တိုးပြီး အိပ်ရေးပျက်ကြပါတယ်။

 

ပုံမှန် အိပ်ရာမဝင်ခင် ဆိုရှယ်မီဒီယာကို ကြည့်တာ၊ ဘေးအန္တရာယ်တွေ၊ နိုင်ငံရေးတင်းမာမှုတွေ၊ ရာဇဝတ်မှုတွေ၊ စီးပွားရေး စိုးရိမ်စရာတွေနဲ့ လွှမ်းမိုးခံလိုက်ရတာတွေဟာ အချက်အလက် သိလိုက်ရတယ်လို့ မခံစားရဘဲ ညဘက်မှာ စိတ်ရဲ့ ငြိမ်းချမ်းမှုမရှိဘဲ အိပ်ရာဝင်လိုက်ရတယ်။ အချိန်ကြာလာရင် ဒါက နာတာရှည် စိတ်ဖိစီးမှု၊ စိတ်တိုလွယ်မှု၊ စိတ်ပင်ပန်းနွမ်းနယ်မှုနဲ့ အာရုံစူးစိုက်ရ ခက်ခဲတာတွေ ဖြစ်လာစေနိုင်တယ်။

 

စိတ်သက်သာရာ ရစရာ တစ်ခုကတော့ doomscrolling ကို ထိန်းချုပ်လို့ ရပါတယ်။ ထိရောက်တဲ့ နည်းလမ်းတစ်ခုက တစ်နေ့တာလုံး အမြဲကြည့်နေမယ့်အစား သတ်မှတ်ထားတဲ့ အချိန်တွေမှာပဲ သတင်းကြည့်ဖို့ ကန့်သတ်ချက်တွေ သတ်မှတ်တာပါ။ မလိုအပ်တဲ့ notification တွေကို ပိတ်ထားခြင်းက “ခဏလေး ကြည့်လိုက်ဦးမယ်” ဆိုတဲ့ စိတ်ကို လျော့ပါးစေတယ်။ ကိုယ့်ကြည့်ရှုလိုတဲ့ feed တွေကို စီစစ်တာ၊ စိတ်ခံစားမှုကို လွန်လွန်ကဲကဲ နှိုးဆွတဲ့၊ ကြောက်ရွံ့မှုကို တွန်းအားပေးတဲ့ သတင်းရင်းမြစ်တွေကို unfollow လုပ်လိုက်တာက ပိုကျန်းမာတဲ့ ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်တယ်။ လူအတော်များများက အိပ်ရာမဝင်ခင် တစ်နာရီအတွင်း သတင်းမကြည့်ရ ဆိုတဲ့ စည်းမျဉ်းကို သတ်မှတ်ပြီး ဦးနှောက်ကို အနားပေးတဲ့အတွက် အကျိုးကျေးဇူးရရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ သတင်းကြည့်တဲ့ အချိန်တချို့ကို စိတ်သက်သာရာရစေမယ့်၊ ဒါမှမဟုတ် ကောင်းတဲ့ အကြောင်းအရာတွေနဲ့ အစားထိုးလိုက်ခြင်းက စိတ်ဖိစီးမှုကို လျှော့ချပြီး ဟန်ချက်ညီစေဖို့ ကူညီပေးတယ်။

 

ရည်ရွယ်ချက်ရှိရှိနဲ့ အသင့်အတင့် သတင်းကြည့်တာက ကျန်းမာရေးအတွက် ကောင်းနိုင်ပေမဲ့ doomscrolling ကတော့ အတင်းအကျပ် လုပ်နေရတာ၊ ရည်ရွယ်ချက် မရှိသလောက် ဖြစ်ပြီး အချက်အလက် ပိုသိလာတာထက် စိတ်ခံစားမှု ပိုဆိုးသွားအောင် လုပ်သလို ဖြစ်ပါတယ်။

 

Doomscrolling ဆိုတာ ကိုယ့်ရဲ့ ကျရှုံး နိမ့်ကျမှု မဟုတ်ပါဘူး။ ဒါဟာ လွန်ကဲနေတဲ့ သတင်းအချက်အလက် ပတ်ဝန်းကျင်အပေါ် ကြိုတင်ခန့်မှန်းလို့ရနိုင်တဲ့ တုံ့ပြန်မှု တစ်ခုပဲ ဖြစ်ပါတယ်။ သတိရှိရှိနဲ့ အသုံးပြုမယ်၊ အထိန်းအကွပ်တွေ သတ်မှတ်လိုက်မယ်ဆိုရင် ဘယ်သူမဆို စိတ်ကျန်းမာရေးကို မထိခိုက်စေဘဲ သတင်းအချက်အလက် ရယူ သိရှိနေနိုင်ပါတယ်။ ဒစ်ဂျစ်တယ်နဲ့ မီဒီယာပိုင်းဆိုင်ရာ နားလည်တတ်မြောက်တယ်ဆိုတာ ကိုယ်ဖတ်နေတဲ့ အချက်အလက်ကို နားလည်ရုံတင်မကဘဲ အဲဒီအချက်အလက်က ကိုယ့်ရဲ့ စိတ်ခံစားမှုကို စတင် ပုံဖော်လာတဲ့အခါမှာ သိအောင် လုပ်တာပါ။ အသိပညာနဲ့ ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲခြင်းအားဖြင့် doomscrolling သံသရာကို ဖြတ်တောက်ပြီး ပိုကျန်းမာတဲ့ ဆက်ဆံရေးကို ပြန်လည်ရယူနိုင်ပါတယ်။

 

Doomscrolling သံသရာကို ဖြတ်တောက်တယ်ဆိုတာ လက်တွေ့ကို လျစ်လျူရှုတာ မဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ရဲ့ စိတ်အေးချမ်းသာမှုကို စောင့်ရှောက်တာပဲ ဖြစ်ပါတယ်။

 

#BAP #Digital #Media #Literacy #Doomscrolling

 

Burma Associated Press

 

Facebook
အဆိုးမြင်သတင်းများကို အဆက်မပြတ်ဖတ်ရှုသည့် အကျင့်
TikTok

Share With
bap-logo