digital media literacy
နှိုင်းယှဥ် ဖတ်ရှုခြင်း (Lateral Reading)
လွန်ခဲ့သော ၁၆ ရက် က
BAP၊ နိုဝင်ဘာ ၂၁။
ဒီနေ့ခေတ် ဒစ်ဂျစ်တယ်ကမ္ဘာမှာ သတင်းအချက်အလက်တွေက နေရာတိုင်းမှာ ရှိနေပါတယ်။ လူမှုကွန်ရက် ပို့စ်တွေ၊ ဝက်ဘ်ဆိုက်တွေနဲ့ သတင်းဆောင်းပါးတွေက လူတိုင်းရဲ့ အာရုံစူးစိုက်မှုကို အမြဲတမ်း ယှဉ်ပြိုင်နေကြပါတယ်။ ဒါပေမဲ့ တွေ့သမျှ မြင်သမျှ ယုံကြည်စိတ်ချရမှု မရှိပါဘူး။ အချို့မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင် သတင်းအချက်အလက် စစ်ဆေးသူတွေ သုံးတဲ့ နည်းလမ်းဖြစ်တဲ့ နှိုင်းယှဥ် ဖတ်ရှုခြင်း (Lateral Reading) က သတင်းအချက်အလက် မှန်ကန်စွာ ရဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။
နှိုင်းယှဥ် ဖတ်ရှုခြင်းဆိုတာ ဘာလဲ
နှိုင်းယှဥ် ဖတ်ရှုခြင်းဆိုတာ ဝက်ဘ်စာမျက်နှာတစ်ခုကို အထက်ကနေ အောက်ကိုပဲ ဖတ်ရုံသက်သက် မဟုတ်ဘဲ အခြားအရင်းအမြစ်တွေကို စစ်ဆေး အတည်ပြုတဲ့ နည်းလမ်း ဖြစ်ပါတယ်။ စာမျက်နှာတစ်ခုတည်းကို ယုံကြည်မယ့်အစား tab အသစ်တွေ ဖွင့်ပြီး အဖွဲ့အစည်း၊ စာရေးသူ(တင်ပြသူ)နဲ့ သူတို့ရဲ့ ပြောဆိုချက်တွေကို ရှာဖွေစစ်ဆေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက အထင်အမြင်တစ်ခုကို လက်ခံခြင်းမပြုခင် ဘက်လိုက်မှု၊ သတင်းမှား သို့မဟုတ် လွှမ်းမိုးမှုတွေကို စစ်ဆေးသိရှိနိုင်ပါတယ်။
ဥပမာအားဖြင့် သတင်းအမှန်စစ်ဆေးရေး လေ့လာချက်တွေအရ ပရော်ဖက်ရှင်နယ် သတင်းအဖွဲ့အစည်းတွေနဲ့ လေ့ကျင့်ထားတဲ့ သတင်းအမှန်စစ်ဆေးသူတွေက ဒစ်ဂျစ်တယ်သတင်းအချက် အလက်တွေကို ပိုပြီး ကောင်းကောင်း အကဲဖြတ်နိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က ဒေါင်လိုက် မဟုတ်ဘဲ နှိုင်းယှဥ် ဖတ်ရှုကြခြင်းကြောင့်ဖြစ်ပါတယ်လို့ Media Helping Media မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင် နှိုင်းယှဥ် ဖတ်ရှုခြင်းကို အသုံးပြုခြင်း
မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်မီဒီယာ အသုံးပြုမှုက လျင်မြန်စွာ တိုးတက်လာပါတယ်။ ယုံကြည်ရတဲ့ အရင်းအမြစ်တွေအပြင် ဖတ်ရှုသူတွေကို ရည်ရွယ်ချက်ရှိရှိ ဒါမှမဟုတ် မရည်ရွယ်ဘဲ လမ်းလွဲစေနိုင်တဲ့ ဝက်ဘ်ဆိုက်တွေနဲ့ လူမှုကွန်ရက် အကောင့်တွေလည်း ရှိနေပါတယ်။
- ယုံကြည်စိတ်ချရသော သတင်းအမှန်စစ်ဆေးရေး ဝက်ဘ်ဆိုက်များကို စစ်ဆေးခြင်း
◦ Myanmar Fact-Checking Network (MFCN): မြန်မာနိုင်ငံမှာ ပျံ့နေတဲ့ ကောလာဟလတွေနဲ့ သတင်းမှားတွေကို စစ်ဆေးပေးပါတယ်။ (myanmarfactcheckingnetwork.org)
◦ AFP Fact Check Myanmar: နိုင်ငံတကာ သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ AFP က မြန်မာလိုရော အင်္ဂလိပ်လိုရော သတင်းအချက်အလက်တွေကို အတည်ပြုပေးပါတယ်။
◦ Fact Crescendo Myanmar: လူမှုကွန်ရက် သတင်းမှားတွေကို အဓိကထားပြီး ကျန်းမာရေး၊ နိုင်ငံရေး ပြောဆိုချက်တွေကို ရှင်းလင်းပေးပါတယ်။ (myanmar.factcrescendo.com)
- သတင်းအရင်းအမြစ်ကို ဆန်းစစ်ခြင်း
◦ ဥပမာ - "ကင်ဆာရောဂါကိုတောင် ပျောက်စေနိုင်တဲ့ အံ့ဖွယ်ထူးခြား ဆေးနည်း" လို့ ပြောတဲ့ ကျန်းမာရေး ဝက်ဘ်ဆိုက် ဒါမှမဟုတ် သတင်းစာမျက်နှာတစ်ခု တွေ့ရင် tab အသစ်တစ်ခု ဖွင့်ပြီး ဒီအချက်တွေကို ရှာကြည့်ရပါမယ်
ဒီအဖွဲ့အစည်းကို ဘယ်သူက ရန်ပုံငွေ ထောက်ပံ့ထားတာလဲ?
တခြား ဘယ်မီဒီယာတွေ၊ အဖွဲ့အစည်းတွေက သူတို့ကို ကိုးကားဖော်ပြထားလဲ?
စီးပွားရေး၊ နိုင်ငံရေး နောက်ခံတွေ စတဲ့ အကျိုးစီးပွား ပဋိပက္ခတွေ ရှိနေလား?
- မီဒီယာများ၏ ဖော်ပြချက်များကို နှိုင်းယှဉ်ခြင်း
◦ ဥပမာ၊ သကြားပါဝင်တဲ့ ထုတ်ကုန်တစ်ခုက ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ ပြောဆိုချက်တစ်ခုကို တွေ့ရင် ဒေသတွင်းနဲ့ နိုင်ငံတကာ အရင်းအမြစ်တွေက ဘယ်လို ဖော်ပြထားလဲ နှိုင်းယှဉ်ကြည့်ပါ။ UNICEF Myanmar, Nutrition International နဲ့ WHO Myanmar တို့ရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ အာဟာရနဲ့ပတ်သက်တဲ့ အထောက်အထားအခြေခံ လမ်းညွှန်ချက်တွေကို တွေ့ရှိနိုင်ပါတယ်။ အကယ်၍ စီးပွားရေးဆိုင်ရာ ဝက်ဘ်ဆိုက်က ဒီယုံကြည်ရတဲ့ အရင်းအမြစ်တွေနဲ့ ဆန့်ကျင်နေရင် ဘက်လိုက်မှု ရှိနေနိုင်ပါတယ်။
- အသွင်အပြင်များကို ဝေဖန်ပိုင်းခြားခြင်း
◦ ဝက်ဘ်ဆိုက်တစ်ခုက ဒီဇိုင်း အသွင်အပြင်အရ ပရော်ဖက်ရှင်နယ် ဖြစ်နေမယ်၊ ပညာရပ်ဆိုင်ရာ ပုံစံမျိုးနဲ့ အစီရင်ခံစာတွေ ရှိနေမယ်ဆိုရင်တောင် အသွင်အပြင်သက်သက်က မှန်ကန်တိကျမှုကို အာမမခံနိုင်ပါဘူး။ နှိုင်းယှဥ် ဖတ်ရှုခြင်းက ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
ART နည်းလမ်းဖြင့် စစ်ဆေးခြင်း
A – စာရေးသူ (Author)
• ဤဝက်ဘ်ဆိုက်/ဆောင်းပါးကို မည်သူက ရေးသားထားပါသနည်း။
• စာရေးသူ၏ သတင်းစကား နောက်ကွယ်တွင် မည်သည့် ရည်ရွယ်ချက် ရှိနေပါသနည်း။
• စာရေးသူနှင့် ပတ်သက်၍ မည်သည့်အရာများကို သိရှိနိုင်ပါသနည်း။
• စာရေးသူတွင် မည်သည့် ဘက်လိုက်မှုများ ရှိနိုင်ပါသနည်း။
• စာရေးသူ သို့မဟုတ် ဝက်ဘ်ဆိုက်ကို ခွဲခြားသိရှိနိုင်သော အုပ်စု၊ အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီတစ်ခုခုက ထောက်ပံ့ပေးထားခြင်း ရှိပါသလား။
• စာရေးသူသည် ဤအကြောင်းအရာနှင့် ပတ်သက်၍ အခွင့်အာဏာရှိသော အရင်းအမြစ် (authoritative source) ဟုတ်ပါသလား။
• ဤဆောင်းပါးသည် သဘောထားအမြင် ဆောင်းပါး (opinion piece) လား၊ သရော်စာ (satire) လား။
R – ယုံကြည်စိတ်ချရမှု (Reliability)
• ဤဝက်ဘ်ဆိုက်/ဆောင်းပါးသည် မည်မျှကြာမြင့်ပြီလဲ။
• ဆောင်းပါးကို မည်သည့်အချိန်တွင် ထုတ်ဝေခဲ့ပါသနည်း သို့မဟုတ် နောက်ဆုံး ပြင်ဆင်ခဲ့ပါသနည်း။
• အခြားသော သတင်းအမှန်စစ်ဆေးရေး ဝက်ဘ်ဆိုက်များနှင့် လူမှုကွန်ရက် ကုမ္ပဏီကြီးများ (ဥပမာ- Facebook, Twitter, YouTube) က စာရေးသူနှင့် ၎င်း၏ ပြောဆိုချက်အပေါ် မည်သို့ ပြောဆိုကြပါသနည်း။
T – ပစ်မှတ် (Target)
• ရည်ရွယ်ထားသော ပရိသတ်သည် မည်သူဖြစ်ပါသနည်း။
• စာရေးသူသည် အဘယ်ကြောင့် ၎င်းတို့ကို ပစ်မှတ်ထားခြင်း ဖြစ်ပါသနည်း။
• စာရေးသူက ၎င်းတို့၏ ပစ်မှတ်ထား ရည်ရွယ်သည့်ပရိတ်သတ်ကို မည်သည့်အရာအား ယုံကြည်စေချင်ပါသနည်း၊ မည်သည့်အရာကို ဆန့်ကျင်စေချင်ပါသနည်း၊ ထောက်ခံစေချင်ပါသနည်း သို့မဟုတ် ဝယ်ယူစေချင်ပါသနည်း။
• ကွဲပြားသော ပစ်မှတ်များ သို့မဟုတ် ပရိသတ်များ၏ အာရုံကို ဆွဲဆောင်ရန်အတွက် အကြောင်းအရာများ (ဥပမာ- ခေါင်းစဉ်၊ ဓာတ်ပုံများ၊ စကားလုံး ရွေးချယ်မှုများ၊ ယေဘုယျဆိုလိုသည့် သတင်းစကား) ကို မည်သို့ ပြောင်းလဲထားနိုင်ပါသနည်း။
- နှိုင်းယှဥ် ဖတ်ရှုခြင်း အရေးပါပုံ
• သတင်းမှားများကို ရှောင်ရှားခြင်း- စီးပွားရေး၊ နိုင်ငံရေး ရည်ရွယ်ချက်တွေနဲ့ ဖန်တီးမှုတွေကြောင့် တွေးခေါ်မှုလမ်းလွဲဖို့ အခွင့်အလမ်း နည်းပါးသွားစေတယ်။
• ဝေဖန်ပိုင်းခြား စဉ်းစားနိုင်စွမ်း ဖွံ့ဖြိုးလာခြင်း- အရင်းအမြစ်မျိုးစုံကို အကဲဖြတ်တာက ဆုံးဖြတ်နိုင်စွမ်းကို ပိုကောင်းစေတယ်။
• တာဝန်ယူမှုရှိတဲ့ သတင်းများကိုသာ ဖတ်ရှုမျှဝေနိုင်ခြင်း- မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်သတင်းမှားတွေက နိုင်ငံရေး၊ လူမှုရေးနဲ့ ကျန်းမာရေးဆိုင်ရာ အပြုအမူတွေကို လွှမ်းမိုးနိုင်တာကြောင့် သတင်းအချက်အလက်ကို သတိပြု ဆင်ခြင်စွာ ဖတ်ရှုပြီး မျှဝေသူဖြစ်ဖို့ အရေးကြီးပါတယ်။
- အဓိကကျသော ကောက်နှုတ်ချက်
မည်သည့် ဝက်ဘ်ဆိုက် သို့မဟုတ် လူမှုကွန်ရက် ပို့စ်ကိုမဆို ယုံကြည်စိတ်ချမှုမပြုမီ tab အသစ်တွေ ဖွင့်ပြီး နှိုင်းယှဥ်စစ်ဆေးပါ။ အရင်းအမြစ်ကို စစ်ဆေးပါ။ ရက်စွဲတွေကို စစ်ဆေးပါ။ နှိုင်းယှဥ် ဖတ်ရှုခြင်း နည်းလမ်းကို ကျင့်သုံးခြင်းအားဖြင့် ကိုယ်တိုင် သတင်းမှားတွေရန်ကနေ ကာကွယ်ရုံသာမက မြန်မာနိုင်ငံရဲ့ တိုးတက်များပြားလာတဲ့ ဒစ်ဂျစ်တယ်ကဏ္ဍမှာ တခြားသူတွေ ဘေးကင်းလုံခြုံစွာနဲ့ တာဝန်ယူမှုရှိရှိ စဥ်းစားလုပ်ဆောင်နိုင်အောင်လည်း ကူညီရာ ရောက်ပါတယ်။
#BAP #Digital #Media #Literacy #LateralReading
Top News
လွန်ခဲ့သော ၇ နာရီ က