Politics
တောင်ကြီး ထုံးဖို စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက အကြောင်းမျိုးစုံဖြင့်ငွေတောင်းနေ
လွန်ခဲ့သော ၂ နှစ် က
တောင်ကြီး ၊ဒီဇင်ဘာ ၉။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အတက် အေးသာယာမြို့နယ်၊ ထုံးဖိုစစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ဖြတ်သန်းလာတဲ့ ခရီးသည်ကားတွေကို အကြောင်းအမျိုးမျိုးပြကာ ငွေကြေး တောင်းခံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေသူတွေက ပြောပါတယ်။
တောင်ကြီးမြို့နယ်ပြင်ပ မြို့နယ်တွေကနေ ဝင်ရောက်လာကြတဲ့ ယာဥ်လိုင်းအများစုဟာ အေးသာယာ မြို့နယ်ရောက်ရင် တောက်ကြီးမြို့ပေါ်တက်ဖို့ ကားတစ်ဆင့်ပြောင်းစီးစေပြီး ထုံးဖိုစစ်ဆေးရေးဂိတ်မှာ အစစ်ဆေး ခံကြရတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ခရီးသည်တွေဆီက ငွေကြေးတိုက်ရိုက်တောင်းတာမျိုးမဟုတ်ပဲ ယာဥ်မောင်းတွေ ဆီကနေ တောင်းနေတာမျိုးတွေလဲရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ထုံးဖိုစစ်ဆေးရေးဂိတ်မရောက်ခင် ယာဥ်ပေါ်ပါလာတဲ့ ယာဥ်မောင်းသို့မဟုတ် ယာဥ်အကူ တွေက ခရီးသည်တွေထံကနေ မှတ်ပုံတင် ဒါမှမဟုတ် ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့ လက်မှတ်စတာတွေ မပါပါက ငွေကျပ်တစ်ထောင်ဆိုပြီး တောင်းကာ စစ်ကောင်စီ တပ်ဖွဲ့၀င်တွေကို ပေးကြရတာဖြစ်ပါတယ်။
" ဒီကာလမှာ ကိုဗစ်လက်မှတ်ပါလားဆိုပြီးယာဥ်အကူတွေကမေးတယ်။ မပါလာရင်စစ်ဆေးရေး ဂိတ်ရောက်ရင် တစ်ယောက် ၅ ထောင်ပေးရတဲ့အပြင် တစ်အားစစ်တယ် ဆိုပြီး မပါလာသူတွေဆီကနေငွေကျပ်တစ်ထောင် ကြိုတင်တောင်းတယ်။ မပါလာသူတွေပေးတဲ့ငွေက အဲဒီဂိတ်ရောက်ရင် ကားတစ်စီးကို အနည်းဆုံး ၅ ထောင် လောက်ပေးရတာ။ နေ့စဥ် ဖြတ်နေတဲ့ကားတွေကအများကြီးလေ။ မပေးချင်ပေမယ့် ကိုဗစ်လက်မှတ်မပါလို့ ပေးခဲ့ရတယ်" လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။
ဒေသတွင်းမြို့နယ်တွေဖြစ်တဲ့ ကလော၊ အောင်ပန်း၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ညောင်ရွှေ မြို့နယ်တွေကနေ တောင်ကြီးမြို့ကိုလာရောက်တဲ့ယာဥ်လိုင်းတွေမှာ စီးနှင်းလာသူတွေ ကိုဗစ် လက်မှတ်မပါလို့ဆိုပြီး တစ်ယောက် တစ်ထောင်ကျပ်နဲ့ပေးနေရတယ်လို့ပြောပါတယ်။
ထုံးဖိုစစ်ဆေးရေးဂိတ်မှာ စစ်တပ်၊ ရဲနဲ့ အခြားအဖွဲ့အစည်းက စစ်ဆေးရေးအဖွဲ့ဝင် လူအချို့ရှိနေပြီး ယာဥ်မောင်းတွေနဲ့ယာဥ်အကူတွေက ရဲတွေဆီကို ငွေကြေးပေးခဲ့ရတာဖြစ်တယ်လို့ ယာဥ်မောင်း အချို့ဆီက သိရပါတယ်။
" ကိုယ့်ကားဂိတ်ကနေစီးတဲ့သူတွေဆီက ကျွန်တော်တို့လဲမတောင်းချင်ပါဘူး။ ဂိတ်ရောက်လို့ မပေးရင် ကားပေါ် ပါလာသူတွေကို အသေးစိပ်စစ်တယ်။ ကိုဗစ်လက်မှတ် ဒါမှမဟုတ် မှတ်ပုံတင်မပါသူဆို ဒဏ်ကြေး ဆောင်ရတဲ့ အပြင် တစ်အားရစ်နေလို့ ကျန်တဲ့ခရီးသည်တွေ အချိန်ကုန်အနှောက်အယှက်ဖြစ်မှာဆိုးလို့ ကျွန်တော်တို့က တစ်ယောက်တစ်ထောင်ဆိုပြီး တောင်းရတာပါ။ ကျွန်တော်တို့ယူတာမဟုတ်ပါဘူး "လို့ ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။
တောင်ကြီးမြို့အနီးအနားဝန်ကျင်မြို့နယ်တွေက ပြည်သူတွေတောင်ကြီးမြို့ပေါ်ကို နေ့ချင်းပြန် အနေနဲ့ ကုန်ပစ္စည်း တွေလာဝယ်ကြလို့ မှတ်ပုံတင်သို့မဟုတ် ကိုဗစ်ဆေးထိုးပြီး ကြောင်းလက်မှတ် တွေယူခဲ့ဖို့ မေ့ကြသူ တွေ အများကြီးရှိနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ငွေကြေးတောင်းဖို့ အကြိုက်တွေ့ နေရတာလို့ ဆိုပါတယ်။
ထုံးဖိုစစ်ဆေးရေးဂိတ်ဟာ အခြားဂိတ်တွေထက် ငွေကြေးတောင်းခံမူတွေပိုများနေပြီး အိမ်စီးကားတွေ ကုန်ပစ္စည်းတင်တဲ့ကားတွေကလဲ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ငွေကျပ်သုံးထောင် သို့မဟုတ် ၅ ထောင်ကျပ် ပေးလေ့ရှိကြတယ်လို့ ကိုယ်တိုင်ကြုံဖူးသူတွေက ပြောပါတယ်။
" ကျွန်တော်က ဆိုင်ကယ်ကို ယာဥ်လိုင်းတစ်ခုကကားခပေးပြီးတင်လာတယ်။ ထုံးဖိုစစ်ဆေး ရေးဂိတ် ရောက်တော့ ဆိုင်ကယ်ဖိုး ၅ ထောင် ပေးရမယ်ဆိုပြီး တောင်းတယ်။ ဘာအတွက် ပေးရမှာလဲ ဆိုင်ကယ်လိုင်စင်ရော ယာဥ်မောင်းလိုင်စင်ရော မှတ်ပုံတင်ပါပါတယ်။ မပေးနိုင်ဘူး ပြောတော့ မျိုးစုံရစ်နေတယ်။ ကျွန်တော်ကမပေးတော့ ယာဥ်မောင်းက ငွေတစ်ချို့ ပေးလိုက်တယ်။ ဒီလိုပေးမှတောင်ပေါ်ပေးတက်တယ်။ သူတို့တောင်းတာ အသာတစ်ကြည် မပေးလို့ဆိုပြီး ယာဥ်မောင်းက ကျွန်တော့်ကို စိတ်ဆိုးနေတယ်။ ကျွန်တော့်ကြောင့် ကြာတယ်ဆိုပြီး ပြောနေတာ။ ဒီဘက်ကလူတွေက စစ်တပ်တို့ ရဲတို့ဆို အသေကြောက် ကြတာ"လို့ ကိုယ်တိုင်ကြုံဖူးသူတစ်ဦးက ပြောပါတယ်။
စစ်ဆေးရေးဂိတ်ကို ဖြတ်လာကြတဲ့ကား ၊ဆိုင်ကယ် စတာတွေကို အသေးစိပ်စစ်ဆေးနေလို့ ဂိတ်ရောက်ရင် ယာဥ်လိုင်းအချို့နဲ့ အိမ်စီးကားတွေက စစ်ကောင်စီတပ်တွေ မစစ်ဆေးချိန်မှာ ငွေကြေး ကြိုတင်ပေးကြသူတွေ အများကြီးရှိနေလို့ ဂိတ်ကလူတွေ ဝင်ငွေရွှင်နေကြတယ်လို့ ကိုယ်တိုင်ကြုံသူတွေက ပြောပါတယ်။
Burma Associated Press
Related Articles
- မန္တလေးတွင် ခြင်းခတ်နေသည့် စစ်သားများကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ဟု ပကဖထုတ်ပြန်
- ဆားလင်းကြီးတွင် စစ်တပ်ကို MRDA ပူးပေါင်းအဖွဲ့ကတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၈ ဦးခန့် သေဆုံးဟုဆို
- ဒီပဲယင်းမြို့တွင် နေအိမ်များသာမက ဘုန်းကြီးကျောင်းများပါ စစ်ကောင်စီ မီးရှို့ဖျက်ဆီး
- ကန့်ဘလူ၌ နိုဝင်ဘာလအတွင်း စစ်ကောင်စီ သတ်ဖြတ်၍ သေဆုံးခဲ့သူ ၁၄ ဦးတွင် ကလေးငယ်နှစ်ဦး ပါဝင်