bap-logo
Urban Life

စက်သုံးဆီ ဂယက်နဲ့ ဒုက္ခမြို့တော်ထဲက မွန်းကျပ် YBS

y9iqbe39lFZsMphZJod3J-image

လွန်ခဲ့သော ၇ နာရီ က

BAP၊ မတ် ၃၁။

 

အချိန်က ည ၆ နာရီ။

 

အဝါရောင် YBS ကားတစီးဟာ မင်္ဂလာဈေးအနီးက မှတ်တိုင်တခုမှာ ရပ်လာပါတယ်။

 

ရပ်လာတဲ့ ကားပေါ်ကနေ ဆင်းတဲ့သူတယောက်စ၊ နှစ်ယောက်စသာရှိပေမဲ့ ကားပေါ်ပြန်တက်မဲ့ ခရီး သည်က ၂၀ ဦးမက ရှိနေပါတယ်။ ကားအတွင်းမှာတော့ မတ်တပ်ရပ်ဖို့နေရာ နေရာအလွတ်မရှိအောင် ကျပ်သိပ်နေတာပါ။

 

အဲဒီအချိန်မှာပဲ အဆင်းပေါက် တံခါးဖက်ဆီကို အမျိုးသား ၅ ဦးခန့်ဟာ အတင်းတိုးပြီးတက်လာပါတယ်။

 

တံခါးပေါက်ရဲ့ နေခြေနင်းခုံမှာ လူတွေပြည့်နေတာကြောင့် တခါးပိတ်လို့မရတဲ့ အခြေအနေထိဖြစ်နေပြီး လူတွေရဲ့ အော်ဟစ်ငြီးငြူသံတွေ ဆူညံစွာထွက်လာပါတယ်။

 

"ကားဆရာ လူထပ်တင်လို့မရတာ့ဘူး။ ကားပေါ်မှာ တယောက်နဲ့ တယောက် ထပ်နေပြီ၊ အသက်ရှု ကျပ်ပြီး လူတွေ သေကုန်တော့မှာပဲ တက်လို့မရဘူး” လို့ အသက် ကြီးပိုင်း အမျိုးသားတဦးက ကားရှေ့ခန်း ဖက်ရှိရာနေရာကို အော်ပြောလိုက်ပါတယ်။

 

သူ့ရဲ့အော်သံကို ယာဉ်မောင်းက ကြားဟန်မတူဘဲ

 

"ရုံးဆင်းချိန်မို့ နည်းနည်းသည်းခံပေးကြပါ။ နောက်ဆုံးဂိတ်ပိတ်ကားမို့ အားလုံးအိမ်ပြန်ရောက် ချင်နေ ကြတာ၊ ကိုယ်ချင်းစာပါ” လို့ ပြောနေချိန်မှာပဲ ကားစောင့်နေတဲ့ လူအုပ်ဟာ ရှေ့တံခါး နောက်တံခါးတွေ ကနေ အတင်းတိုးတက်လာကြပါတယ်။

 

လူ ၅၀ လောက်သာ ချောင်ချောင်လည်လည်စီးနင်းနိုင်တဲ့ ဘတ်စ်ကားပေါ်မှာ လူ နှစ်ရာနီးပါးဟာ အဲကွန်း မပါ၊ တံခါးပေါက်တွေလည်း အကုန်ဖွင့်မရတဲ့အခြေအနေမှာ အနံ့အသက်ပေါင်းစုံ ရှုရှိုက်ရင်း ချွေး တဒီးဒီးကျလျက်

 

ခြေထောက်တက်နင်းထားတယ်”

ထီးကမျက်စိထဲထိုးမိတော့မယ်”

ဒီဖက်လှုပ်မရတော့ဘူး”

တံခါးပိတ်လို့မရတာ့ဘူးဆရာရေ”

ကားကတဖက်စောင်းနေပြီ”

ခြေနင်းခုံတွေ အသံမြည်နေပြီ”

ထပ်မတင်ပါနဲ့တော့” စတဲ့အသံတွေနဲ့ ဘတ်စ်ကား တစီးလုံး ပွက်လောရိုက်နေပါတယ်။

 

လတ်တလော ပြည်တွင်းမှာ တွေ့ကြုံနေရတဲ့ စက်သုံးဆီအခက်အခဲကြောင့် YBS ယာဉ်စီးနင်းသူ အရင်ကထက်များပြားလာခဲ့လို့ အခြေခံလူတန်းစားတွေရဲ့အိမ်ပြန်ချိန်မှာ ဒုက္ခတွေနဲ့ ပိုပြီးရင်ဆိုင်နေကြရ တာပါ။

 

ရုံးတက်ရုံးဆင်းချိန်တွေမှာ ဘတ်စ်ကားမလုံလောက်မူ အခက်အခဲတွေနဲ့ ကြုံနေကြရချိန်မှာ အငှားယာဉ် တက်စီခလည်း မတတ်နိုင်တာကြောင့် အခက်တွေ့နေရတယ်လို့ YBS စီးနင်းသူတွေက ပြောပါတယ်။

 

ဟိုမှာမိန်းကလေးတွေ ကားမရလို့ကျန်ခဲ့ပြီ ဂိတ်ပိတ်ကားမို့ ဒီကားပေါ်သူတို့မစီးရရင် ကားငှားပြီး အိမ်ပြန်ရောက်ဖို့မလွယ်တော့ဘူး။ ကိုယ်ချင်းစာပြီးပေးတက်လိုက်ကြပါ” လို့ ဆောက်လုပ်ရေး လုပ်သား တဦးက ကားဂိတ်မှာ မတ်တပ်ရပ်နေတဲ့ အမျိုးသမီးအုပ်စုရှိရာကိုကြည့်ရင်း ကားပါ်က လှမ်းပြော ပါတယ်။

 

အရင် အခြေအနေတွေတုန်းကဆို လိုင်းကားတွေကျပ်ရင်၊ တက္ကစီစုပြီးငှားစီးတာ၊ အောက်ဆိုက်ကား ( တရားဝင်ပြေးဆွဲခွင့်မပြုထားတဲ့ကား) တွေကို အသုံးပြုခဲ့ကြပေမဲ့ အောက်ဆိုက်ကားတွေလည်း အရင်လို အစီးရေအများအပြားမထွက်နိုင်တာ့တဲ့ အချိန်မှာ YBS ယာဉ်လိုင်းတွေကိုသာ အားကိုးလာကြတာပါ

 

မင်္ဂလာဈေးအနီးက ဈေး သုံးခုနဲ့ ယုဇနပလာဇာမှာ အလုပ်လုပ်နေတဲ့ အရောင်းဝန်ထမ်းတွေ ပျံကျ ဈေးသည်တွေ ကုန်တင်ကုန်ချ လုပ်သားတွေ ဒီမှတ်တိုင်မှာ အများဆုံးစီးနင်းကြတာပါ။

 

အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ယုဇနဥယျဉ်မြို့တော်၊ သာ‌ကေတနဲ့ သန်လျင်မြို့မှာ နေသူအများအပြား YBS ကိုသာ အားကိုးကြရတာပါ။

 

အဲဒီလူတန်းစားတွေဟာ စီးနင်းခ ၄၀၀ သာပေးရတဲ့ YBS ကားတွေကိုသာ အားကိုး နေကြရတာပါ။

 

တက္ကစီငှားခတွေ ဈေးနူန်းနှစ်ဆနီးပါးထိ တက်နေတဲ့အပြင် ငှားလို့မရတဲ့ အခြေအနေတွေကြာင့် အိမ်ပြန် ချိန် နောက်ဆုံးစီးရမဲ့ YBS လွတ်သွားမှာကို စိုးရိမ်နေကြရတာပါ။

 

"ဒဂုံဆိပ်ကမ်းပြန်ရင်တက္ကစီခက သုံးသောင်းရှိတယ်။ ၆ ယောက်စုစီးရင်တောင် တယောက် ငါးထောင် ကျနေတာ။ ဈေးမှာ အရောင်းဝန်ထမ်းတယောက်ရဲ့လစာက ၃သိန်းမပြည့်ဘူး ။ တရက်အလုပ်လုပ်တာ တစ်သောင်းရရင် ကားခကတဝက်ပြန်ကုန်ရင် ဘာနဲ့သွားစားရမလဲ။ ဒါကြောင့်လိုင်းကားကို မရမက တိုးစီးနေရတာပေါ့" လို့ အရောင်းဝန်ထမ်းတဦးဖြစ်တဲ့ မမီးမီးက သက်ပြင်းချရင်း ကားပေါ်က လူအချို့ကို ပြောပြပါတယ်။

 

ရုံးဆင်ချိန်၊ ဈေးပိတ်ချိန်မို့ YBS နံပါတ်(၈) ကားပေါ်မှာ ထမင်းချိုင့်၊ ထီးစတာတွေတဖက် တန်းကိုတဖက်၊ အထုတ်အပိုးတွေကိုင်သူကိုင်၊ ဘိလပ်မြေမှုန့်ပေကျံနေတဲ့ လူအချို့ကလည်း ဆောက်လုပ်ရေးသုံးပစ္စည်း ကိုင်ထားတာတွေကြောင့် ကားဟာ ကျပ်သထက်ကျပ်နေပါတယ်။

 

စက်သုံးဆီဂယက်ကြောင့် ဒီလပိုင်းအတွင်း YBS စီးသူတွေ အရင်ကထက် နှစ်သိန်းခွဲကျော် တိုးလာတယ် လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)က ကြေညာထား ပါတယ်။

 

ဒါ့အပြင် ကားစုံ၊မခွဲပြီး မောင်နှင်းဖို့ သတ်မှတ်လိုက်တဲ့ အခြေနေတွေမှာ ကိုယ်ပိုင်ကားရှိသူတွေ၊ အရင်လို ပုဂ္ဂလိက ဝန်ထမ်းကြိုပို့ကားတွေထွက်မရတဲ့ အခြေအနေတွေကြောင့် YBS စီးသူတွေ အရင်ကထက် များပြားနေကြတာပါ။

 

မနက်ရုံးတက်၊ ညနေရုံးဆင်းချိန်မှာ တက္ကစီငှားရမ်းမရတဲ့ အခြေနေတွေလည်း ကြုံနေရတာကြောင့် မဖြစ်မနေ YBS စီးနေကြသူတွေလည်း အများအပြားရှိနေတယ်လို့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတဦးက ပြောပါတယ်။

 

မနက်တက္ကစီငှားမရဘူး။ Grab ကလည်း ၄ ကြိမ်လောက် cancel သွားတယ်။ ကားငှားဖို့ ဘေးတွဲနဲ့ လမ်းထိပ်အထိထွက်ငှားရတယ်။ အငှားယာဉ်တွေလည်း ဆီတန်းစီနေတာနဲ့ EV တက်စီတွေ ၊ဓာတ်ငွေ့သုံး ကားတွေကလည်း လက်မလည်ဖြစ်တော့ မနက် ရုံးသွားရဖို့အရေး ၂ နာရီလောက်အချိန်ပေးရတဲ့ YBS စီးရင်စီး ကားတအားကျပ်ရင် တက္ကစီရတဲ့ချိန်ထိ စောင့်ရနဲ့ ဒုက္ခရောက်ရတယ်” လို့ ကုမ္ပဏီ ဝန်ထမ်း အမျိုးသမီးတဦးက ပြောပါတယ်။

 

ရန်ကုန်မြို့က မြို့နယ်တွေမှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၁၃၂ လိုင်း၊ ယာဉ်စီးရေ ၃,၄၀၀ ခန့်ရှိနေတယ်လို့ (YRTC)ရဲ့ စာရင်းဇယားအရ သိရပါတယ်။

 

လက်ရှိမှာ YBS စီးနင်းသူ ခရီးသည်ပေါင်း ၁ ဒသမ ၄၆ သန်း စီးနင်း အသုံး ပြုနေတာ ကြောင့် ယာဉ်စီးရေ ၁၀၀ ခန့်နဲ့ ထပ်တိုးပြေးဆွဲပေးနေတယ်လို့ အသိပေးထားပါတယ်။

 

ထပ်တိုးထားတယ်ဆိုတဲ့ YBS အစီးရေ ၁၀၀ ဟာ လက်ရှိ ဘတ်စ်ကား စီး‌သူများ လာတဲ့ အရေအတွက်နဲ့ ယှဉ်ရင် အဆမတန်ကွာခြားနေတာကြောင့် ရုံးတက်၊ ရုံးဆင်းချိန်တွေမှာ ပိုတိုးပေးဖို့ YBS စီးနင်းသူတွေက အကြံပြုပြောကြပါတယ်။

 

လက်ရှိ စက်သုံးဆီဂယက်နောက်ဆက်တွဲကြောင့် အလုပ်သမားတွေကို အိမ်ပြန်လိုက်ပို့ပေးနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြိုပို့ကားတွေ၊ ဈေးဆိုင်တွေက ဝန်ထမ်းကြိုပို့ကားတွေလည်း အရင်လို လိုက်မပို့ပေးနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ လုပ်ငန်းရှင်အချို့က လက်ရှိကြုံနေရတာကို ပြောပြပါ တယ်။

 

အရင် အခြေအနေတွေတုန်းကဆို လိုင်းကားတွေကျပ်ရင်၊ တက္ကစီစုပြီးငှားစီးတာ၊ အောက်ဆိုက်ကား ( တရားဝင်ပြေးဆွဲခွင့်မပြုထားတဲ့ကား) တွေကို အသုံးပြုခဲ့ကြပေမဲ့ အောက်ဆိုက်ကားတွေလည်း အရင်လို အစီးရေအများအပြားမထွက်နိုင်တာ့တဲ့ အချိန်မှာ YBS ယာဉ်လိုင်းတွေကိုသာ အားကိုးလာကြတာပါ

 

"စက်သုံးဆီက လိုသလောက်ဝယ်လို့မရဘူး။ ဆီတကြိမ်တန်းစီရင် ၇ နာရီစီရတယ်။ စက်သုံးဆီကလည်း အကန့်အသတ်နဲ့ဝယ်ရတယ်။ ညအိပ်တန်းစီရတဲ့အခြေနေဖြစ်နေလို့ အရင်လို လိုက်မပို့ပေးနိုင်တာ့ဘူး။ အဲဒါကြောင့် အလုပ်ကနေ လိုင်းကားမီအောင် အရင်အလုပ်ချိန်ထက် နာရီဝက်စောဆင်းပေးတမျိုးနဲ့ ဖြေရှင်းနေရတယ်” လို့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

 

အရင် အခြေအနေတွေတုန်းကဆို လိုင်းကားတွေကျပ်ရင်၊ တက္ကစီစုပြီးငှားစီးတာ၊ အောက်ဆိုက်ကား ( တရားဝင်ပြေးဆွဲခွင့်မပြုထားတဲ့ကား) တွေကို အသုံးပြုခဲ့ကြပေမဲ့ အောက်ဆိုက်ကားတွေလည်း အရင်လို အစီးရေအများအပြားမထွက်နိုင်တာ့တဲ့ အချိန်မှာ YBS ယာဉ်လိုင်းတွေကိုသာ အားကိုးလာကြတာပါ။

 

အောက်ဆိုက်ကားတွေကလည်း ဆီမရလို့ဆိုပြီး သိပ်မထွက်ကြဘူး။ အရင်ကထက်ယာဉ်စီးခပို ပေးရတယ်။ တက္ကစီကလည်း ဝေးတဲ့နေရာကို ငှားရင်မလိုက်ချင်ကြဘူး။ အပြန်အငှားလူမရရင် ဆီဖိုးနဲ့တွက်ခြေမကိုက်ဘူးဆိုပြီးလိုက်မပို့ကြဘူး။ တွက်ခြေကိုက်အောင် နောက်ဖုံးထဲကနေ လိုက်စီးပြန် ရင်လည်း ယာဉ်ထိန်းရဲက ရစ်ရင် ၂ သောင်းပေးရတော့ လူအပိုမတင်ရဲကြဘူး” လို့ ယုဇနပလာဇာက အထည်ဆိုင်တခုမှာ အရောင်းဝန်ထမ်းလုပ်နေတဲ့ မသူဇာစိုးက ပြောပါတယ်။

 

သူတို့လို ဝင်ငွေနည်းအရောင်းဝန်ထမ်းတွေဟာ မနက်ပိုင်းအလုပ်လာချိန် နေအိမ်က စောနိုင်သမျှစော ထွက်ကြရပြီး အချို့ဆိုရင် မနက် ၆ နာရီကတည်းက ကားဂိတ်ကို လာကြရတယ်လို့ ဆိုပါတယ်။

 

"ဈေးဖွင့်ချိန်အမီ မနက် ၈ နာရီ ရောက်အောင် မနက် ၆ နာရီကတည်းက ထထွက်လာရတယ်။ ညဆို လည်း ၈ နာရီလောက်မှ အိမ်ပြန်ရောက်တယ်။ ကားပါ်မှာလည်း အသွားရောအပြန်ပါ မတ်တပ်ရပ် စီးရ တယ်။ လူကကျပ် အသက်ကရူမဝ ဖုန်းပျောက်မှာစိုးလို့ လက်ကနေ တင်းတင်းကျပ်ကျပ် ကိုင်ထား ရတယ်။ မူးလဲသူ အန်တဲ့သူတွေလည်းရှိနေတယ်။ တကယ့်စိတ်ပျက်စရာအနေအထားနဲ့ ကြုံနေတယ်"လို့‌ ဈေးအရာင်းဝန်ထမ်းတဦးက ပြောပါတယ်။

 

YBS ယာဉ်တွေဟာ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်းမသွားဘဲ ဝန်ထမ်းကြို/ပို့ ယာဉ်တွေအဖြစ် လုပ်ကိုင်နေတာတွေ ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC )က ပြောဆိုထားပါတယ်။

 

အဲဒီလို လုပ်ကိုင်နေတာကို စိစစ်တွေ့ရှိရတဲ့အတွက် အရေးယူထားတဲ့ YBS ယာဉ်စီးရေ ၄၀ လောက်ရှိ တယ်လို့ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြည်တွင်းအခြေစိုက် မီဒီယာ အချို့ကို ပြောထားပါတယ်။

 

YBS ယာဉ်လိုင်းတွေထဲမှာ စက်သုံးဆီ အသုံးပြုပြေးဆွဲနေတဲ့ ယာဉ်စီးရေ ၄၀၀ ကျော်ရှိပြီး ဒီယာဉ်တွေကို စက်သုံးဆီအပြည့်အဝရရှိစေဖို့အတွက် ဆောင်ရွက်ပေးနေတယ်လို့ (YRTC) က အသိပေးထားပါတယ်။

 

ရုံးဆင်းချိန်ဆို ဆောက်လုပ်ရေးလုပ်သားတွေ ဈေးတွေမှာ အလုပ်လုပ်နေတဲ့ အခြေခံလူတန်းစားတွေက သူတို့ရဲ့ အလုပ်ပြီးချိန်‌ အိမ်ပြန်ဖို့ကားမရှိတာ့မှာကို ရင်တထိတ်ထိတ်နဲ့ စောင့်မျော်နေရတာပါ။

 

မင်္ဂလာဈေးအနီးမှတ်တိုင်မှာ လူတင်ဖို့ရပ်ထားတဲ့ ရန်ကုန်မြိုပြင်နေရာမှာ ဂိတ်ဆုံးမဲ့ YBS ကားရဲ့ ရှေ့မှန်ပေါ်မှာ နောက်ဆုံးကားဆိုတဲ့ စာတန်းက ကားမှတ်တိုင်မှာ စောင့်နေတဲ့ အလုပ်သမားဝန်ထမ်းတွေ အတွက် စိတ်ပူစရာအနေအထားတခု ဖြစ်နေပါတယ်။

 

ဝင်ငွေနည်း အောက်ခြေလူတန်းစာတွေအဖို့တော့ ဒီကားပေါ်ကို မဖြစ်မနေပါအောင် စီးရတော့မယ်လို့ တွေးထားရပါတယ်။

 

ဒီနောက်ဆုံးကားနဲ့မှ မပါသွားရင် အငှားကားစီးဖို့ လူစုရဦးမဲ့အပြင် လက်ထဲမှာ ရှိနေတဲ့ ငွေက ကားစုငှားဖို့တောင် မလောက်ငမှာကိုလည်း ထည့်တွက်ရပါသေးတယ်။

 

ဒါကြောင့် ကျပ်ညှပ် YBS ကားပေါ် တက်နိုင်ဖို့သာ ကြိုးစားနေရပါတယ်။

 

ကားကျပ်တဲ့ကြားက လူထပ်တင်နေတဲ့ ယာဉ်မောင်းကို မကျေမနပ်ဖြစ်ကာ ထွက်လာတဲ့ စကားသံတွေ ဟာလည်း တစတစကျယ်လာနေပါတယ်။

 

ယာဉ်မောင်းကလည်း အကုန်လုံးအိမ်ပြန်ချင်တဲ့အချိန်မို့ ကားကျပ်တာကို မငြီးတွားဖို့နဲ့ ဒီဒဏ်တွေ မခံနိုင်ပါက တက္ကစီစီးပါဆိုတဲ့ စကားကို အသံမြင့်ပြီး တုန့်ပြန် ပြောပါတယ်။

 

ကားပေါ်မှာ တယောက်နဲ့တယောက် မမြင်ရတော့လောက်အောင် ပူးကျပ်နေပြီး ငြီးတွားသံတွေ ထွက်ပေါ်နေပေမဲ့ ဘယ်သူကပြောနေတယ်ဆိုတာကို မသိနိုင်တဲ့ အနေထားအထိ ဖြစ်နေတာပါ။

 

လူတအားကျပ်လို့ ကားကသွားနေရင်းကားတခါးပွင့်ပြီးကားပေါ်က ပြုတ်ကျမလား၊ လူတင်တာများပြီး ကားပဲမှောက်တော့မလား၊ ကြမ်းခင်းပဲကျွံကျတော့မလား၊ လက်ကိုင်ကွင်းတွေ ပြုတ်ထွက်နေလို့ ကိုင်စရာမရှိ၊ အင်ဂျင်ပူပြီး ညော်နံ့ထွက်တဲ့အထိ နံစော်နေတဲ့ မီးခိုးနံ့တွေက မီးပဲထလောင်တော့ မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေ့တိုင်း အိမ်ပြန်မရာက်မချင်း ဘုရားတစီးနေရတယ့် အခြေအနေကို ဘတ်စ်ကားစီးသူတိုင်း ကြုံလာနေရပါပြီ။

 

Burma Associated Press

 

 

ရန်ကုန်
မြန်မာ
လောင်စာ

Share With
bap-logo