bap-logo
Urban Life

အညာတောင်သူတွေရဲ့ ပုန်းမကြည်နတ် ရိုးရာ

6DWNTRlEasnJ7GBwgUBzQ-image

လွန်ခဲ့သော ၁၃ ရက် က

BAP၊ ဖေဖော်ဝါရီ ၂၅။

 

မြန်မာပြက္ခဒိန်၏ တပေါင်းလဆန်း သုံးရက်သည် အညာတောင်သူတို့၏ ပုန်းမကြည်နတ်အား ပူဇော်သည့်ရက် ဖြစ်သည်။

 

ပုန်းမကြည်နတ်ရှင်မကို မနက်ခင်းအစောပိုင်းငှက်မအော်မီအချိန်တွင် စပါးကျီ၌ ရိုးရာပူဇော်ပသ သည့် ပစ္စည်းများနှင့် ပူဇော်ကြသည်။ မိမိလယ်မှရသည့်  ပုစွန်ကျစ်စာ (လယ်ပုစွန် ခေါ် ဂဏန်းများ ပြုလုပ်ထားသည့်တွင်းဟောင်း) တွင် အုန်းရွက်၊ သီးရွက်နှင့် သပြေရွက် စသည့် အရွက် အချို့ကိုထည့်ကာ စပါးကျီ ရှေ့တွင် ပူဇော်ဆုတောင်းမှုပြုကြသည်။

 

ပုစွန်ကျစ်စာမှာလည်း အပေါက်မပါသည့် အရာကို ရှာဖွေရသည်။ အပေါက်ပိတ်နေသည့် ပုစွန်ကျစ်စာကို  ပြောင်းပြန်လှန်လိုက်ပြီး ရှိသည့်အပေါက်တွင် သပြေခက်၊ အုန်းရွက်၊ နှင့် သီးရွက်တို့ကို ထည့်ကာ တည်ခင်းရသည်။

 

“အသီးသီးအောင် သီးရွက်” ဟု ပုန်းမကြည်နတ်ရှင်မ ပူဇော်ရန်ပြင်ဆင်နေသည့် အသက် ၅၅ နှစ် အရွယ် ဒီပဲယင်းသူ ဒေါ်အုန်းက ပြောသည်။

 

ပုန်းမကြည်နတ်ရှင်မသည် အမျိုးသမီးဖြစ်သည့်အတွက် ပူဇော်ကန်တော့သည့်ပစ္စည်းများတွင် သနပ်ခါးနှင့် ကျောက်ပြင်၊ အဝတ်အစား စသည့်အမျိုးသမီးသုံးပစ္စည်းများလည်း ထည့်သည်ဟု ၎င်းကဆိုသည်။

 

ပူဇော်ရာတွင် လယ်ယာများအဆင်ပြေရန်၊ စီးပွားရေးအဆင်ပြေရန်၊ လာဘ်လာဘ ပေါများရန် စသည် စီးပွားရေး ငွေကြေးအခြေအနေ နှင့်စပ်ဆိုင်သည်တို့ကို ဆုတောင်းကြသည်။

 

Captionမနက်အစောပိုင်းတွင် ပုန်းမကြည်နတ်တင်ရန်အတွက် ပြင်ဆင်ထားသည့် ပုစွန်ကျစ်စာ။

 

“ပုန်းမကြည်ရှင်မရယ် လယ်တွေ စပါးတွေကို စောင့်ရှောက်ပေးပါ၊ အဲ့လိုပေါ့” ဟု တပေါင်းလဆန်း သုံးရက်နေ့ မနက်အစောတွင် ပုန်းမကြည်နတ်ရှင်မအား ပူဇော်ခဲ့သည့် အသက် ၅၀ အရွယ် ဒေါ်တင်တင် ပြောသည်။ ၎င်းသည်လည်း စစ်ကိုင်းတိုင်းအတွင်းပင်နေထိုင်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်သည်။

 

ပုန်းမကြည်နတ်ရှင်မအား ပူဇော်သည့်နေ့တွင် အခြားသော အယူအဆများလည်းရှိသည်။ ယင်းနေ့တွင် ငွေထွက်ပါက တနှစ်လုံး ငွေအထွက်များမည်ဟူသောအယူအဆ ဖြစ်သည်။

 

ထိုနေ့တွင် အနီးအနားရှိ မြို့နယ်ဈေးမှာ ယခင်နေ့များထက် ဝယ်သူပါးလျက်ရှိသလို ဆိုင်အတော် များများလည်း ပိတ်ထားကြသည်။

 

“ဒီနေ့က ပုန်းမကြည်နတ်ကိုကန်တော့တဲ့နေ့ဆိုတော့ ဝယ်သူတွေလာမှာမဟုတ်လို့ ဆိုင်တွေပိတ် ကြတယ်” ဟု မြို့နယ်ဈေးရှိ ဆံသဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

 

 “ကျမကတော့ လာသူလာရင်လည်း လုပ်ပေးတာပေါ့၊ မလာရင်လည်း အိပ်နေတာပေါ့” ဟု ၎င်းက ခေါင်းလျှော်သည့် ခုတင်တွင် လှဲလျက် ပြောသည်။

 

ပုန်းမကြည်နတ်ပူဇော်မှုနှင့် ပတ်သက်၍ လူကြီးအများစုတွင်တွေ့ရသည့် စိတ်အားထက်သန်မှု၊ အလေး ထားမှု၊ နှင့် အားစိုက်ထုတ်မှုမျိုးကိုမူ လူကြီးအချို့နှင့် လူငယ်မျိုးဆက်တွင် များစွာ မတွေ့ရပေ။

 

အသက် ၆၀ ဝန်းကျင် ဒီပဲယင်းမြို့ဒေသခံ ဦးမြင့် သည် လယ်ယာလုပ်ငန်းလုပ်ကိုင်လျက်ရှိသော်လည်း ယခုနှစ်တွင် ပုန်းမကြည်နတ်ရှင်မကို ပူဇော်မှု ပျက်ကွက်ခဲ့သည်။

 

“ဒီနှစ်က အိမ်ရှင်မလည်း မရှိဘူးလေ။ မုန့်လုပ်ရတာတို့ ဘာတို့ရှိတယ်။ မလုပ်တတ်ဘူးလေ” ဟု၎င်းကပြောသည်။ ၎င်းသာမက အသက်နှစ်ဆယ်ဝန်းကျင်နှင့် သုံးဆယ်ဝန်းကျင်အရွယ် သားသမီးများသည်လည်း နတ်တင်ရန် မစီမံတတ်သဖြင့် နတ်မတင်ဖြစ်ပေ။

 

Captionမနက်အစောပိုင်းတွင် ပုန်းမကြည်နတ်တင်ရန်အတွက် ပြင်ဆင်ထားသည့် ပုစွန်ကျစ်စာ။

 

အသက် ၂၀ အရွယ် ကိုဇော်ဇော် သည် ပုန်းမကြည်နတ်အား အိမ်တွင်နှစ်စဥ်ပူဇော်သော်လည်း မနက် အစောကြီးထရသဖြင့် နတ်တင်သည့်အချိန်တွင် ပါဝင်မှုနည်းပါးသည်။ သို့သော် မိဘများ မရှိတော့ ပါက ဆက်လက် လက်ဆင့်ကမ်းရန် စိတ်ကူးရှိကြောင်း ၎င်းကပြောသည်။  

 

လက်ရှိတွင် စစ်ကိုင်းတိုင်း၌ စစ်ကောင်စီ၏စစ်ကြောင်းထိုးမှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့ထားမှုတို့ကြောင့် ပဋိပက္ခဖြစ်ပွားရာဒေသအဖြစ် ရှုမြင်ကြသည်။

 

စစ်အာဏာသိမ်းမှု ၄ နှစ်ကျော်ကာလအတွင်းတွင် အရပ်သားနေအိမ်ပေါင်း တစ်သိန်းနှစ်သောင်း နီးပါး မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရပြီး အများစုမှာ အာဏာသိမ်းစစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ယခုနှစ် ဖေဖော်ဝါရီအတွင်းထုတ်ပြန်ခဲ့သည့် Data For Myanmar ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ယင်းအခြေအနေတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများသည် မရေရာမှု၊ မိုးလေဝသတင်း ကောင်းစွာမရရှိခြင်း၊ အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ အထောက်အပံ့မရရှိခြင်း၊ စပါးစိုက်ပျိုး ရန် နယ်မြေမတည်ငြိမ်ခြင်း စသည်တို့ကို ရင်ဆိုင်ကြရသည်။

 

ယခင်နှစ်တွင် မိုးကောင်းခဲ့သဖြင့် စစ်ကိုင်းတိုင်းမှ တောင်သူများ စပါးနှင့် မြေပဲခင်းများ အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရသည်။ ယင်းကဲ့သို့ အခြေအနေများနှင့် အထွက်နှုန်းကိစ္စများ ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင်လည်း ပုန်းမကြည်နတ်ရှင်မကို ပူဇော်ပသကြဆဲပင်။

 

စစ်ရေးနှင့် နိုင်ငံရေးကြောင့် ပျက်စီးရသည့် လယ်ယာလုပ်ငန်း အခြေအနေများသည် ပုန်းမကြည်နတ်နှင့်မဆိုင်ဟု အသက် ၆၀ ကျော်အရွယ် ဦးဝင်းက ပြောသည်။ ၎င်းသည် ပုန်းမကြည်နတ်တင်ခြင်းကို ရိုးရာဓလေ့တခုအနေနှင့် လက်ဆင့်ကမ်းဆဲပင်။

 

ထို့ကြောင့် ယမန်နှစ်က မိုးကောင်းသဖြင့် မြေပဲနှင့် စပါးအထွက်နှုန်း နည်းခြင်းအတွက် ပုန်းမကြည်နတ်အား တာဝန်ရှိသည်ဟု မမြင်ပေ။ ယင်းအမြင်နှင့် ပတ်သက်၍ ကွဲလွဲမှုများလည်း ရှိကြသည်။

 

ဒီပဲယင်းမြို့အတွင်း၌ပင်ရှိပြီး ဆည်နှင့်ရွာ ဝေးသဖြင့် ရေကောင်းစွာမရသည့် ရွာလည်းရှိသည်။ ထိုရွာတွင် မိုးမကောင်းသောကြောင့် စပါးမရသည့်အခါ ကျီထဲစပါးမရှိသည်အထိ ကြုံတွေ့ခဲ့ရသည်။

 

ထိုရွာမှ ဒီပဲယင်းဒေသခံတဦးသည် စပါးကျီထဲ စပါးမရှိသောကြောင့် ပုန်းမကြည်ရှင်မ နတ်တင်မှုမပြုနိုင်သည် မျိုးဖြစ်ခဲ့ဖူးကြောင်း  အောင်စည်မြေရွာသား အမျိုးသားတဦးက ပြောသည်။

 

“စပါးတွေ ပိုးကျနေတာ ပုန်းမကြည်နတ် လုပ်ရမှာလေ” ဟု အသက် ၅၀ ကျော်ခန့်ရှိသည့် ဒီပဲယင်းမြို့သား ဦးထွန်းကပြောသည်။ ၎င်းက ပုန်းမကြည်နတ်တင်ခြင်းကို ယုံတမ်းဓလေ့ အစွဲဟုသာ သတ်မှတ်ထားသည်။

 

ပုန်းမကြည်ရှင်မ နတ်တင်ခြင်း ဓလေ့နှင့်ယုံကြည်မှုသည် လယ်ယာလုပ်ငန်း အပေါ်မှီခိုနေရခြင်းနှင့် လည်း ဆက်စပ်မှုရှိကြောင်းတွေ့ရသည်။ လယ်ယာလုပ်ငန်းကို မှီခိုနေရသည့် ဒေသအများစုတွင် ပုန်းမကြည်နတ်ကို သိကြသည်။

 

အညာဒေသတွင်ကြီးပြင်းလာသော်လည်း မျိုးရိုးစဥ်ဆက် လယ်ယာလုပ်ငန်းလုပ်ကိုင်ခြင်း မရှိသည့် အသက် ၃၀ ဝန်းကျင်ခန့် အမျိုးသားတဦးသည် ပုန်းမကြည်နတ်ရှင်မ ပူဇော်ပွဲကို ကြားပင် မကြားဖူး ပေ။

 

အသက် ၁၈ နှစ်ဝန်းကျင်ရှိသည့် ခင်ဦးမြို့နယ် ဒေသခံအမျိုးသမီးသည် ပုန်းမကြည်နတ်ရှင်မ အကြောင်းကို ၎င်းသူငယ်ချင်းအမေထံမှ ကြားဖူးသော်လည်း ၎င်းတို့အိမ်တွင်မူ ပုန်းမကြည်နတ် မတင်ခဲ့ဖူးပေ။ ၎င်းတို့ အိမ်တွင်းစီးပွားရေးသည်လည်း လယ်ယာလုပ်ငန်းမဟုတ်ဟု ဆိုသည်။ 

 

ပုန်းမကြည်နတ်သည် မြန်မာ့ရိုးရာ အပြင် ၃၇ မင်း အတွင်း ၃၇ မင်းနတ်စာရင်းတွင် မပါဝင်ဘဲ ပုပ္ပါးမယ်တော်၊ အမေဂျမ်းတို့ကဲ့သို့ပင် ဒေသယုံကြည်မှုအပေါ်ကိုးကွယ်သည့် နတ်ဖြစ်သည်။

 

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် တွင် ပုန်းမကြည်နတ်တင်ပွဲအတွက် ကောက်ညှင်းပေါင်း၊ မုန့်ဆီကြော်၊ မုန့်ဖြူ နှင့် မုန့်နီ တို့ကဲ့သို့ ဆန်၊ ကောက်ညှင်း၊ ပဲ၊ ထန်းလျက်၊ အုန်းသီး တို့ဖြင့်ပြုလုပ်ထားသည့် မုန့်များ ကိုပြုလုပ်ကြသည်ကို တွေ့ရသည်။ လူရုပ်၊ နွားရုပ်၊ နွားလှည်းရုပ်များလုပ်ထားသည့် ဆန်မုန့်များနှင့် ပူဇော်ကြသည်လည်းရှိသည်။

 

စစ်ကိုင်းတိုင်းအတွင်း မုံရွာမြို့ ဘုရားနီဝန်းအတွင်းတွင် နတ်ကွန်းရှိသဖြင့် ထိုနတ်ကွန်းတွင် ပူဇော်ကြ သည်လည်းရှိသည်။ နတ်ကွန်းမသွားနိုင်သူများက စပါးကျီ၊ စပါးတိုက်ထဲတွင်ပင် နတ်ကို ပူဇော်ဆုတောင်းမှုပြုကြသည်။

 

ပူဇော်သည့် ပါဝင်ပစ္စည်းများနှင့် ပူဇော်ပသည့် ပုံစံသည် ဒေသအပေါ်မူတည်ကွဲပြားကြသည်။ လယ်ယာလုပ်ငန်းများ လုပ်ကိုင်မှုချောမွေ့ရန် ပူဇော်ကြသည့် ရည်ရွယ်ချက်နှင့် ပုန်းမကြည်နတ် ဆိုသည့် နတ်အမည်နာမ တို့တူညီကြသည်။

 

အညာဒေသတွင် ပုန်းမကြည်နတ်ရှင်မသည် တပေါင်းလဆန်းကာလအခါကျသည့် ပုဗ္ဗကြယ်နက္ခတ် ကို အစွဲပြုသည်ဟူသည့် အယူနှင့် ဓမ္မပဒ အတွင်းပါသည့် ကာဠီယက္ခီနီ ဘီလူးမ ဇာတ်တော် ဟူသော အယူရှိသည်။ ထိုဇာတ်တော်အယူအဆအရ ထိုနတ်ရှင်မသည် နှစ်ပေါင်း နှစ်ထောင့်ငါးရာ သက်တမ်းကြာမြင့်ချေပြီ။

 

ဒေါ်အုန်း၏ ရိုးရာဓလေ့အတိုင်း သိမြင်ပြောဆိုပုံအရ ထိုဘီလူးမသည် ဂေါတမဗုဒ္ဓ တရားကြောင့် အကျွတ်တရားရကာ လူများအတွက် ကောင်းမှု တစုံတရာပြန်လုပ်ပေးမည်ဟူသောရည်ရွယ်ချက်ဖြင့် လူတို့၏ စပါးကျီကို စောင့်ရှောက်ပေးခြင်း ဖြစ်သည်။  

 

၎င်းသည် စပါးကျီထဲ ပုန်းနေလေ့ရှိသဖြင့် ပုန်းမကြီးမှ ပုန်းမကြည်ဟုဖြစ်လာသည်ဟု ကြားဖူး ကြကြောင်း အညာဒေသခံများကဆိုကြသည်။ သို့သော် အချို့ ဓလေ့ထုံးတမ်းများတွင် ယင်း ဘီလူးမသည် ပုန်းအောင်းနေမှစိတ်ကြည်သဖြင့် ပုန်းမကြည်ဟု ဆိုကြသည်လည်းရှိသည်။  လူ့ဝန်းကျင်မှပုန်းအောင်းလေ့ရှိသဖြင့် မနက်စောစော ၎င်းပုန်းနေသည့်စပါးကျီတွင် သွားရောက် ပူဇော်ရသည်ဟုလည်း ဒေသခံများက ဓမ္မပဒ ပုံပြင်နှင့် ဆက်စပ်ကာဆိုကြသည်။

 

“သူက ဘီလူးဆိုတော့လူတွေကြောက်မှာစိုးလို့ ပုန်းနေတာ” ဟု ဦးမြင့်က ပြောသည်။ ၎င်းသည် ကြာနီကန်ဆရာတော် ဦးဇဋိလ ဟောကြားခဲ့သည့် ပုန်းမကြည် နတ်ဘီလူးမ တရားကို နားထောင်ခဲ့ဖူးသည်။

 

ထို နတ်ဘီလူးမသည် ဘီလူးဖြစ်သဖြင့် ၎င်းကို လူတွေကြောက်မည်စိုးသောကြောင့် လူမရှိသည့် မနက်အစောပိုင်းတွင်သာ နတ်တင်ရခြင်းဟု၎င်းက ဆိုသည်။

 

ပုန်းမကြည်နတ်ရှင်မနှင့်ပတ်သက်၍ ကရင်ရိုးရာ ပုံပြင်တခုရှိသည်။ ဖားလိကြယ်ဟူသော ဒေသခံ အမျိုးသားကို စပါးစောင့်နတ်ဘုရားမ သို့ ပုန်းမကြည်နတ်ရှင်မ က ၎င်းစိတ်ကိုစမ်းသပ်ကာ စပါးကျီ ကူညီမစသည့် အကြောင်းအရာအယူအဆဖြစ်သည်။

 

ဒီပဲယင်းမြို့နယ်ရှိ အသက် ၂၀ ဝန်းကျင်အရွယ် မိချမ်းသည် ယခုနှစ်ပုန်းမကြည်နတ်တင်ချိန်တွင် မပါဝင်နိုင်ခဲ့ပါ။ မနက်အစောကြီးဖြစ်သည့်အပြင် နတ်တင်မည့် အခြားမိသားစုဝင်များ ရှိနေသော ကြောင့်ပင်။

 

ငယ်စဥ်က ပုန်းမကြည်နတ်တင်ရသည့်ရက်မတိုင်မီ တရက်တွင် လယ်ကွင်း၌ သူငယ်ချင်းများနှင့် ပုစွန်ကျစ်တွင်း ရှာကြသည့်အချိန်က ပျော်စရာကောင်းသည်ဟုဆိုသည်။

 

အမျိုးသားအမျိုးသမီး လူငယ်အများစုမှာ  ပုန်းမကြည်နတ်တင်ရန်ပြင်ဆင်သည့် အချိန်သာ ပါဝင်နိုင် ပြီး နတ်တင်ချိန်တွင် မနက်စောလွန်းသဖြင့် မပါဝင်ကြပေ။

 

“ဒီမှာလည်းဆက်မနေတော့ဘူး၊ လယ်ယာလည်း ဆက်မလုပ်တော့ဘူးဆိုရင်တော့ မပြောတတ်ဘူး” ဟု မိချမ်းက ပြောသည်။

 

ကိုယ်တိုင်အားဖြင့် နတ်တင်သည့်အချိန်၌ မပါဝင်ကြသော်လည်း ရိုးရာအဖြစ်အသိအမှတ်ပြုမှုနှင့် ဆက်လက်ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ပြောကြသည်။

 

ယခုနှစ် မိချမ်းတို့အိမ်တွင် ပုန်းမကြည်နတ်ရှင်မ အတွက်ပြင်ဆင်ခဲ့သည့် အစားအစာများမှာ ကောက်ညှင်း၊ ပဲ နှင့် ပြုလုပ်ထားသည့် မုန့်၊ ငါးခြောက် စသည်တို့ပါဝင်သည်။ တနှစ်နှင့် တနှစ် ပူဇော်ကြသည့် မုန့်လည်းမတူကြပေ။

 

အညာဒေသခံအများစုသည် ပုန်းမကြည်နတ်တင်ခြင်းကို ရိုးရာတခုအနေဖြင့် အသိအမှတ် ပြုကြ သည်။ လယ်ယာလုပ်ငန်းမလုပ်ကိုင်သည့် အညာဒေသခံများသည် ပုန်းမကြည်နတ်ကို သိကြသော် လည်း ပုန်းမကြည်နတ်တင်သည့် ဓလေ့မပြုလုပ်ပေ။

အသိပေးချက်- လုံခြုံရေးအရ အမည်လွှဲများ အသုံးပြုထားပါသည်။

Burma Associated Press 

 

မြန်မာ

Share With
bap-logo