Urban Life
“သူကဦးတော့ ဓါတ်စက်၊ ကိုယ်ကဦးတော့ တနပ်ချက်” ဆိုသည့် အညာက မြွေဆိုးများ
လွန်ခဲ့သော တစ်နာရီ က
BAP၊ မတ် ၁၁။
အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပဋိပက္ခများကြားတွင် တောင်သူများသည် လုပ်ငန်းခွင်တွင်းအန္တရာယ်နှင့် ဈေးကွက် ဆုံးရှုံးမှုများကိုလည်း ခံစားကြရသည်။
တောင်သူများ၏ လုပ်ငန်းခွင်တွင်းအန္တရာယ်များအနက်တခုဖြစ်သည့် မြွေအန္တရာယ်သည် အသက် အန္တရာယ်သာမက လူမှုစီးပွား ဆုံးရှုံးမှုကိုဖြစ်ပေါ်စေသည်။
မြေပဲ၊ ပဲစင်းငုံ၊ ကြက်သွန်နီနှင့် စပါးအများဆုံးစိုက်ကြသည့် ကိုအုန်းထွန်းတို့ရွာမှ လယ်သမားများ သည် လယ်နှင့်ယာ လုပ်ငန်းနှစ်မျိုးလုံးလုပ်ကိုင်ကြသည်။ ထို့ကြောင့် ဦးအုန်းထွန်းတို့သည် တနှစ် ပတ်လုံးနီးပါး လယ်သို့ဆင်းကာ လယ်ယာအလုပ်နှင့်လုံးပမ်းကြရသည်။ တနှစ်ပတ်လုံးအလုပ်ရှိသဖြင့် တနှစ်ပတ်လုံး မြွေအန္တရာယ်ကို သတိထားရသည်။
ဒေသခံများနှင့် ဒေသအတွင်းမြွေများ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ တောင်သူများသည် မြွေဟောက်နှင့် မြွေပွေးတို့ကို မြွေဆိုးဟု သတ်မှတ်ကြသည်။ ဒေသအတွင်းတွင် အခြားသော ရေမြွေ၊ မြက်လျှော၊ ထန်းမြွေ၊ ကြက်ဥခိုး၊ လင်းမြွေ၊ လင်းနတ်၊ စပါးအုံး၊ ငန်းတော်ကျား၊ ငန်းမကြီး၊ ဗြောင်းမ၊ ငန်းစောင်း၊ ငန်းဘုတ်၊ မြွေလက်ပတ်နှင့် မြွေစိမ်း စသည့် အခြားမြွေအမျိုးအစားများကိုလည်းတွေ့ရသည်ဟု ဒေသခံများက ဆိုကြသည်။
၎င်းအမျိုးအစားများတွင် ငန်းတော်ကြား၊ ငန်းဘုတ်၊ ငန်းမကြီး နှင့် ငန်းစောင်း တို့မှလွဲ၍ ကျန်မြွေ အမျိုးအစားများသည် အဆိပ်မရှိဟု ယူဆကြသည်။ စပါးအုံးမြွေကိုမူ တခါတရံတွင်သာ တွေ့နိုင်သည်ဟု ဒေသခံများကပြောသည်။
မြွေပွေးသည် ၎င်းကို ရေစက်ကလေးဖြင့်ထိရုံမျှဖြင့်ပင် ပြန်အန္တရာယ်ပြုတတ်သည်ဟု ဦးညိုက ပြောသည်။ မြွေပွေးအား မြွေဆိုးဟုခေါ်ဆိုကြသည်များတွင် အဆိပ်ပြင်း၍သာမက အထိမခံဘဲ ရန်လုပ်သောကြောင့်လည်းပါသည်။
ဒေသအတွင်း၌ မြွေပွေးနှင့် မြွေဟောက် နှစ်မျိုးကိုသာ မြွေဆိုးစာရင်း ထဲတွင် သတ်မှတ် ခေါ်ဝေါ်ကြ သည်။ ၎င်းတို့သည် အလွန်အဆိပ်ပြင်းသောကြောင့်ဟု ဒေသခံများက ဆိုကြသည်။
ငန်းတော်ကြားကိုမူ ဒေသခံအများစုသည် အဆိပ်ရှိမှန်းသိကြသော်လည်း မြွေဆိုးစာရင်းထဲ မထည့်ကြပေ။

တွေ့ဆုံကြသည့် အချိန်နှင့် နေရာ
လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် ရိတ်သိမ်းချိန်သည် မြွေအတွေ့ရအများဆုံး အချိန်ဖြစ် သည်။ မျိုးစေ့ကြဲချိန်နှင့် ပိုးသတ်ဆေးဖြန်းချိန်တို့သည် အကိုက်ခံရအများဆုံး အချိန်ဖြစ်သည်။ ရိတ်သိမ်းချိန်သည် မြွေအတွေ့ရအများဆုံးဖြစ်သော်လည်း လယ်ယာလုပ်ငန်းခွင်တွင် လည်ရှည် ဖိနပ်စီး၍ကာကွယ်နိုင်သည်။
မျိုးစေ့ကြဲချိန်နှင့် ပိုးသတ်ဆေးဖြန်းချိန်တို့တွင် လယ်အတွင်း၌ ရွှံ့များနှင့် ပျော့နေသောကြောင့် ဖိနပ်စီးရခက်ခဲ၍ အလုပ်မတွင် သောကြောင့် လည်ရှည်ဖိနပ် သိပ်မစီးဖြစ်ကြကြောင်း ဒေသခံများက ဆိုကြသည်။
“ဆေးဖြန်းချိန်က ရွှံ့တုံးတွေဗွက်တွေများတော့ ဖိမရတော့ မစီးကြဘူး၊ ပိုအကိုက်ခံရတယ်။ မြေဆီကြဲ လယ်ထွန် ဆေးဖြန်း ဖိနပ်စီးမရဘူး” ဟု ဦးအုန်းထွန်းကပြောသည်။
လည်ရှည်ဖိနပ်များတွင်တွင်ကျယ်ကျယ်အသုံးမပြုသေးသည့် အချိန်ကမူ မြွေအတွေ့ရအများဆုံး ကာလ ဖြစ်သည့် စပါးရိတ်ချိန်တွင် အကိုက်ခံရများသည်ဟု ၎င်းကပြောသည်။
လယ်ကွင်းများနှင့် ကုန်းတော ခေါ် ယာခင်းများတွင် မြွေပွေးသည် အပေါ်ရှုပ်၍ အောက်ပိုင်းရှင်းသည့် ခြုံပုတ်များ၊ တောင်ပို့များ တွေ့ရတတ်ကြသည်ဟု ဒေသခံများက ဆိုသည်။ အများစုမှာ တောင်ပို့များ တွင် အနေများကြောင်း ဆိုကြသည်။
လယ်ယာထဲဆင်းချိန်၌ မြွေပွေးအား မတွေ့မိသဖြင့်လည်း မြွေပွေးနှင့် လူ ပဋိပက္ခ ဖြစ်ကြရသည်။ လယ်အနီး ပေါင်းမြတ်များကို ရှင်းလင်းမထားခြင်း၊ ကန်သင်းရိုးမှာ အကောင်ရှိနေလျှင်ပင် ထင်ထင် ရှားရှား မြင်နိုင်မှုမရှိလောက်အောင် ရှုပ်ပွနေခြင်း တို့သည် မြွေပုန်းအောင်းနေသည့် အန္တရာယ်ကို ကြိုမမြင်နိုင်စေပေ။
ထို့အပြင် နေပူပူတွင် လုပ်ကိုင်နေဆဲဖြစ်သည့် အလုပ်ကိုအာရုံစိုက်နေရသဖြင့် ဘေးဘီ မကြည့်နိုင်ဘဲ မြွေရှိနေသည်ကို မမြင်ရသော အန္တရာယ်လည်းရှိသည်။
ထို့အပြင် လယ်သမားများတွင် ပုံမှန် မျက်စိစစ်ဆေးခြင်းအပါ ကျန်းမာရေးစစ်ဆေးခြင်း အလေ့အထ လည်းမရှိကြပေ။ ထို့ကြောင့် ယင်းတို့၏ အမြင်အာရုံအရ မြေပြင်တွင် မြင်မမြင် မသေချာပေ။
“ဘယ်လိုမှမမြင်ရမှသာ ဆေးရုံဆေးခန်းသွားတာ၊ ဟိုလိုကတော့ ငါ့မျက်စိအားနည်းတယ် မှုန်တယ် ကွာ၊ အဝေးမမြင်ရဘူး၊ ဒါပဲ။ အခုဆိုရင်ကို ရှိတဲ့နေရာသွားမိရင် နင်းမိမှာသေချာတယ်။ အောက်က ဦးလေးတို့က မမြင်ရဘူးလေ၊ အထက်ပဲကြည့်နေတာ” ဟု ဒီပဲယင်းမြို့ ဒေသခံတောင်သူ ဦးညိုက ပြောသည်။
ဆေးဖြန်းနေပါက ဆေးဖြန်းပုံးအား အချိန်အဆညီညီထိန်းသိမ်းရပြီး ရွှံ့ဗွက်တောထဲတွင် လှုပ်ရှား ရသဖြင့်ဘေးဘီအားများစွာ ဂရုမစိုက်နိုင်ပေ။ ရွှံ့မှာ ပျော့လွန်းသဖြင့် လည်ရှည်ဖိနပ်ကျွံ့ဝင်သွားပါက ဆွဲထုတ်ရခက်သဖြင့် လည်ရှည်ဖိနပ်မစီးကြတော့ပေ။
မြွေဆိုးစာရင်းဝင် မြွေပွေး နှင့် မြွေဟောက်တို့ကို ဒေသအတွင်း မည်သည့်နေရာ၌တွေ့ရသည်ဟူ၍ အတိအကျမရှိဘဲ မည်သည့်နေရာ၌မဆိုတွေ့ရနိုင်သည် ဟု ဒေသခံများကပြောကြသည်။ သို့သော် ယေဘူယျအားဖြင့် မြွေဟောက်ကို လူများနေထိုင်သည့် အဆောက်အဦများနှင့် လူတို့နှင့် နီးစပ်သည့် နေရာများတွင် အတွေ့များ၍ မြွေပွေးကို လယ်ယာမြေများနှင့် လမ်းမများ တွင်အတွေ့များသည်။
ဒီပဲယင်းမြို့နယ်တွင် မိုးရာသီကာလများ၌ မြွေကို နေရာအနှံ့တွင် တွေ့နိုင်သည်။ အချို့ အဆိပ်မရှိ သည့်မြွေများမှာ ခုန်နေသည့် ဖားများနောက်လိုက်နေသည်ကိုတွေ့ရသကဲ့သို့ လယ်ယာများ လူတို့၏အိမ်ဝန်းများနှင့် အိမ်ထဲ၌ပင် တွေ့ရတတ်သည်။ မြွေအကိုက်ခံရနိုင်သည့်နေရာဟူ၍ အတိ အကျ မပြောနိုင်ကြပေ။
ဘယ်လိုကာကွယ်ကြလဲ
“မြွေအတွက် အကာအကွယ်က ဖိနပ်ပဲ၊ ဒါပဲရှိတယ်။ ဆေးဖြန်းမယ်တို့ ဘာတို့ဆို ဒရုန်းတွေနဲ့ သူများ နိုင်ငံကလို အဆင့်မီရင်တော့ မြွေကိုက်သက်သာမှာပ” ဟု ဦးအုန်းထွန်းကပြောသည်။ “ ဒရုန်းတွေနဲ့ ဆေးဖြန်းလိုက်ရင် လယ်ထဲသွားပြီးတော့ လူမဆင်းရတော့ဘူး” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ လယ်ယာလုပ်ငန်းအတွင်းမှ ဒေသခံများ မြွေဆိုးအန္တရာယ်ကို ကာကွယ် နိုင်ရန်မှာ လည်ရှည်ဖိနပ်ကိုသာလက်လှမ်းမီကြသည်။ စစ်အာဏာမသိမ်းမီက ဒီပဲယင်း မြို့နယ်တွင် ဒရုန်းဖြင့် ဆေးဖြန်းသည့်လုပ်ငန်းစတင်ခဲ့ပြီး အာဏာသိမ်းပြီးသည့်နောက် ပျောက်ပျက် သွားခဲ့သည်။ ယခုအခါတွင် အာဏာသိမ်းစစ်ကော်မရှင်သည် ဒရုန်းကို စစ်လက်နက်ကိရိယာ တခုအနေဖြင့် ရှုမြင်ပြီး ဝယ်ယူတင်သွင်းခွင့်ပိတ်ထားသည်။ အာဏာသိမ်းစစ်ကော်မရှင်သာမက ဒေသခံ တော်လှန် ရေးအုပ်စုများသည်လည်း တိုက်ခိုက်စစ်ဆင်ရေးများတွင် ဒရုန်းအသုံးပြုမှုမြင့် တက်လာလျက် ရှိသည်။
လက်ရှိကာလတွင် ဒရုန်းကို လယ်ယာလုပ်ငန်းကဲ့သို့ လူမှုဖွံ့ဖြိုးတိုးတက်ရေးများတွင် အသုံးပြုနိုင်ခြင်း မရှိပေ။ အာဏာမသိမ်းမီက JICA အစီအစဥ်ဖြင့် လယ်ကွင်းဝန်းကျင်နှင့် လယ်ကန်သင်း သန့်ရှင်းပြန့်ပြူးစေရန် အစီအစဥ်များလုပ်ဆောင်ခဲ့ကြသည်။ ထိုအချိန်တွင် လယ်ဧက လျော့သွားမည်စိုးသဖြင့် မလုပ်လိုသည့် လယ်သမားများနှင့် ထိုအစီအစဥ်ကိုပြုလုပ်လိုသည့် လယ်သမား ဟူ၍ နှစ်ဖွဲ့ကွဲကာ အချို့ရွာများတွင်သာ ပြုလုပ်ခဲ့သည်။
“ကန်သင်းကို လယ်ရှင်းအောင်လို့မို့ မြွေရှိရင်တော့ သိအောင်လို့ ဒီလယ်သမားက သန့်အောင်လုပ် ပြီးရှင်းထားတာ။ ဦးကြီးလယ်တုန်းကဆိုရင် ဒီလိုမြက်ပင် အရှိမခံဘူး” ဟု ဦးညိုက ရှုပ်ပွနေသည့် ကန်သင်းရိုးဘောင်တွင်ရပ်ကာ အနီးမှလယ်ကွင်းကိုကြည့်ပြောသည်။
ယခုအခါ ဒေသအတွင်းတွင် ကန်သင်းရိုးသန့်ရှင်းသည့်နည်း၊ လည်ရှည်ဖိနပ်စီးသည့်နည်းနှင့် သတိထားသွားလာသည့် နည်းသည်သာလျှင် မြွေအန္တရာယ်ကို ကာကွယ်နိုင်သည့် နည်းလမ်းများ ဖြစ်သည်။
အကိုက်ခံပြီးတော့ လက်ထိပ်ကို ကြိုးချည်ထားလိုက်တယ်။ အကိုက်ခံရပြီး နာရီဝက်လောက် အကြာမှာ ဆေးခန်းရောက်တယ်
မြွေကိုက်ရင် ဘာလုပ်လဲ
“အကိုက်ခံပြီးတော့ လက်ထိပ်ကို ကြိုးချည်ထားလိုက်တယ်။ အကိုက်ခံရပြီး နာရီဝက်လောက် အကြာမှာ ဆေးခန်းရောက်တယ်” ဟု အိမ်တွင် နွားစာစင်းရင်း မြွေဟောက်အကိုက်ခံရသည့် ကို သန်းဇော်က ပြောသည်။
ဒေသအတွင်းတွင် မြွေကိုက်ခံရပါက ရှေးဦးသူနာပြုနည်းအနေဖြင့် အဆိပ်ပြန့်မှုနှေးကွေး စေရန် အတွက် မြွေကိုက်ခံရသည့် နေရာထိပ်ကို ကြိုးနှင့် ချည်ကြလေ့ရှိသည်။ ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်နေသူများက ထိုအလေ့အထကို အားမပေးပေ။
ထိုသို့ ချည်လိုက်ခြင်းဖြင့် အဆိပ်သည် တနေရာတည်းတွင်ပင် စုနေသဖြင့် အခန့်မသင့်ပါက အကိုက်ခံရသည့်နေရာသည် ပုပ်သွားနိုင်ခြင်းများ ဖြစ်နိုင်သည်ဟု ဒေသတွင်းတွင် ကျန်းမာရေး ဝန်ထမ်းလုပ်ကိုင်နေသည့် မမေသူက ပြောသည်။
ရှေးဦးသူနာပြုနည်းဖြစ်သည့် ကြပ်စည်းသည့်နည်းတွင် ကြိုးချည်ရာ၌ တုတ်ချောင်းများ ပါဝင်သည်။ ကြိုးနှင့် တိုက်ရိုက်ချည်နှောင်ခြင်းမဟုတ်ပေ။ မြွေကိုက်သည့်နေရာကို ရေသန့်သန့်နှင့် ဆေးထားခြင်း သည်လည်း မှန်ကန်သည့် နည်းလမ်းဟု မမေသူကဆိုသည်။
ဒီပဲယင်းမြို့နယ်တွင် မြွေကိုက်ခံရခြင်းသည် ရှေးကာလကတည်းက ဖြစ်ပွားလာသည့် ပြဿနာ ဖြစ်သည်။
“ဒီနား ဒီပဲယင်းဆေးရုံရှိတယ်။ အဲ့ဆေးရုံက မြွေဆေးရှိတယ်လို့ကို သိပ်မကြုံရဘူး။ ကံတော်မှပဲ မြွေဆေးကရှိတာ” ဟု အသက်ခြောက်ဆယ်ဝန်းကျင်ရှိ ဒီပဲယင်းဒေသခံ တောင်သူ ဦးညို က အရပ်သားအစိုးရခေတ်မတိုင်မီ ခေတ်များကအကြောင်းကိုပြောသည်။
ယင်းကာလများတွင် မြွေကိုက်ခံရပါက မြို့နယ်တွင်းဆေးရုံထက် ရပ်ရွာအတွင်းရှိ ဗိန္ဓောဆရာများ၊ ဆေးကုပေးသည့် ဘုန်းကြီးကျောင်းများ၊နှင့် မုံရွာနှင့်မန္တလေးမြို့တို့တွင်ရှိသည့် မြို့နယ်ဆေးရုံများတွင် သွားရောက်ကုသခြင်း နည်းလမ်းများဖြင့် ဖြေရှင်းခဲ့ကြသည်က ပိုမိုများသည်ဟု ၎င်းကပြောသည်။
အရပ်သားအစိုးရခေတ်တွင်မူ မြို့နယ်ဆေးရုံများ ပိုမိုတိုးတက်လာပြီး မြွေကိုက်လူနာများအတွက် အားကိုးစရာဖြစ်လာသည်။ အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းများ စီဒီအမ်လုပ်သွား ပြီးနောက်တွင် ဆေးရုံလည်ပတ်မှုစနစ် ရပ်တန့်သွားသဖြင့် ဆေးဝါးနှင့် ကျန်းမာရေးဝန်ဆောင်မှု အကြပ်အတည်း ပြန်ဖြစ်ပေါ်လာသည်။
လက်ရှိ စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်ဝန်းကျင်ကာလတွင် ဒီပဲယင်းမြို့နယ်၌ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် ဧရိယာများတွင် မြွေကိုက်လူနာများအတွက် အရေးပေါ်ကုသမှုပေးနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ လည်ပတ်လျက်ရှိပြီဖြစ်သည်။
“အနာကနေသွေးထွက်တာတွေ၊ သွေကလုံးဝမခဲတာတို့ အဲ့လိုမျိုးတွေဖြစ်ရင်တော့ လွှဲတယ်၊ ချက်ချင်းလွှဲတယ်။ ဆီးကလုံးလုံးရမလာဘူး၊ ရောင်တာလည်းကျမလာဘူး ဆိုရင် ကျောက်ကပ် စစ်ဆေးမှုတွေလည်း ကျမတို့ဆီမှာ လုပ်မရဘူးလေ၊ သူကျတော့ ဓါတ်ခွဲခန်းရှိတဲ့နေရာ သွားရမှာ၊ ကျောက်ကပ်ဆေးရရင်လည်း မြို့ပေါ်မှ အဆင်ပြေတာလေ” ဟု ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးခန်းတွင် တာဝန်ယူလုပ်ကိုင်နေသည့် စီဒီအမ် သူနာပြုတဦးဖြစ်သူ မခိုင်ခိုင်က ပြောသည်။
ရောဂါအခံရှိသူများ၊ စက်ပစ္စည်းကိရိယာများအကူအညီလိုသည့် အခြေအနေမျိုးနှင့် ဆရာဝန်ဆုံး ဖြတ်ချက်လိုအပ်သည့်အခြေအနေများမှလွဲ၍ ပုံမှန်အခြေအနေရှိသည့် မြွေကိုက်လူနာများကို ၎င်းတို့ဆေးခန်းတွင်ပင် ကုသမှုပေးသည်။
မြွေကိုက်ပါက ကိုက်သည့်မြွေကို ဓါတ်ပုံရိုက်၍ ဖြစ်စေ သတ်၍ဖြစ်စေ ယူခဲ့ပါက ကုသပေးရသူများ အတွက် အဆင်ပြေသည်ဟု မခိုင်ခိုင် ကဆိုသည်။ မြွေဆိပ်ဖြေဆေးသည် မြွေဆိပ်နှင့်ပင် လုပ်ထားသဖြင့် လူနာသည် မြွေဆိပ်တက်နေခြင်းမဟုတ်ပါက မြွေဆိပ်ဖြေဆေးကြောင့်ပင် အန္တရာယ်ရှိနိုင်သောကြောင့်ပင်။
ပဋိပက္ခဒေသဖြစ်သဖြင့် ဆေးဝါးနှင့် ကျန်းမာရေးလုပ်ငန်းသုံးပစ္စည်းအချို့ ပစ္စည်းအချို့ လုံလောက် မှုမရှိခြင်း ဝယ်ယူ၍မရခြင်းတို့ကိုလည်းကြုံကြရသည်။ မြွေကိုက်ခံရသည့်လူနာကို သွေးခဲမခဲစစ်ရာ တွင်သုံးသည့် glass syringe (ဖန်ထည် ဆေးထိုးပြွန်) ကဲ့သို့ဝယ်မရသည့်ပစ္စည်း အစား ဖန်ဆေးရည်ပုလင်းအသေးကိုအသုံးပြု၍ သွေးခဲမခဲစစ်ရသည်။ ဆေးပေးခန်းသည် အနီးအနား ရွာများကြားတွင် မြွေကိုက်လူနာများအတွက် အားကိုးစရာဖြစ်ဆဲပင်။

ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး
လက်ရှိတွင် အိန္ဒိယမှထုတ်သည့်မြွေဆိပ်ကာကွယ်ဆေးနှင့် မြန်မာနိုင်ငံဘီပီအိုင်မှထုတ်သည့် မြွေဆိပ်ကာကွယ်ဆေးနှစ်မျိုးကို အသုံးများကြသည်။ ဘီပီအိုင်ဆေးသည် မြွေပွေးတမျိုးတည်း အတွက်သာ သုံးနိုင်ပြီး အိန္ဒိယဆေးထက် ဈေးပိုများသော်လည်း ထိုးရသည့်ပမာဏ တဆသက် သာသည်။
လက်ရှိဒေသအတွင်းတွင် ဘီပီအိုင်ဆေးရရန် ခက်ခဲသည်ဟု မခိုင်ခိုင်က ပြောသည်။ အိန္ဒိယဆေးသည် တလုံးငါးသောင်းခွဲခန့်ဈေးပေါက်သည်။ လူနာအပေါ်မူတည်၍ ဆေးအလုံးရေ အနည်းဆုံးရှစ်လုံးမှ သုံးဆယ့်နှစ်လုံးအထိ ထိုးရသည်။
ထို့ကြောင့် မြွေကိုက်ပါက ဆေးဖိုးချည်းပင်အနည်းဆုံး လေးသိန်းခွဲခန့်မှ ဆယ့်ရှစ်သိန်းဝန်းကျင်အထိ ကုန်ကျရနိုင်သည်။ လက်ရှိတွင် လယ်တဧကအတွက် စပါးစိုက်သည့်စရိတ်မှာ ခန့်မှန်းခြေ အကြမ်းဖျင်း ငွေကျပ်ဆယ့်သုံးသိန်းခန့်ကုန်ကျသည်။ ထို့ကြောင့် မြွေကိုက်ခံရပါက လယ်တဧကစာ အရင်းအနှီးထက်မနည်း ငွေကြေးလိုအပ်ချက်ရှိလာနိုင်သည်။
“ဆေးဖိုးကများတဲ့အတွက် ငွေမရှိရင် လယ်ရှိလယ်၊ ရွှေရှိရွှေ၊ မြေရှိတဲ့သူကမြေနဲ့ ပေးရတာပဲ၊ ဘာမှမရှိတဲ့သူကျတော့ ချေးငှားကုရတယ်” ဟု ဦးညိုကပြောသည်။ ရပ်ရွာအတွင်း ငွေချေးရန်အတွက် လယ်ပိုင်စာချုပ် ပုံစံ ၇ သို့မဟုတ် ပိုင်ဆိုင်မှုတခုခုပြ၍ ငါးကျပ်တိုးနှင့် ငွေချေးရသည်။
“အမျိုးသမီးရဲ့အစ်မက အကိုက်ခံရတာ လယ်ရောင်းပြီးတော့ ဆပ်လိုက်ရတယ်။ တဧကပြုတ်တာပေါ့” ဟု ဦးအုန်းထွန်းကပြောသည်။ ၎င်း၏မရီး မြွေကိုက်ခံရသဖြင့်ဆေးကုရန် အရေးပေါ်ငွေအတွက် ချေးငှားခဲ့ရပြီး ထိုအကြွေးကိုဆပ်ရန် လယ်တဧကကုန်ကျခဲ့သည်ဟုဆိုသည်။
မြွေနှင့် ဂေဟစနစ်
မြွေများသည် ဂေဟစနစ်အတွင်း အစာကွင်းဆက်အတွက်သာမက အပင်များ၏မျိုးစေ့များကို ပြန့်ပွားစေသည့်အပိုင်းတွင်လည်း တဆင့်ခံပြန့်ပွားသူအနေဖြင့် အရေးပါလျက်ရှိကြောင်း ကော်နယ် တက္ကသိုလ်မှ သုတေသနပညာရှင်များပြုလုပ်သည့် “Seed Ingestion And Germination in Rattlesnakes-Overlooked Agents of Rescue and Secondary Dispersal” ဟူသည့် သုတေသနစာတမ်းတွင် ဖော်ပြထားသည်။
ယင်းစာတမ်းတွင် ကြွက်များသည် အပင်အစေ့အဆံများကို စားသုံးပြီး ထိုကြွက်များကို မြွေများက ပြန်လည်စားသုံးခြင်းဖြင့် ကြွက်များအူလမ်းကြောင်းအတွင်းရှိစေ့အဆံများသည် မြွေ၏အူမကြီး ထဲမှတဆင့် အညစ်အကြေးအနေဖြင့် အပြင်သို့စွန့်ထုတ်ခံရပြီး အပင်အစေ့အဆံများကို ရွှေ့ပြောင်းသယ်ဆောင်ပေးကာ မျိုးပွားစေသည် ဟုဖော်ပြထားသည်။
၎င်းတို့လေ့လာခဲ့သည့် မြွေအကောင်ငါးဆယ်တွင် ၄၅ ကောင်၌ ကြွက်အကြွင်းအကျန်ကို ဒီအတိုင်းတွေ့ရသည်။ ထိုမြွေများ၏ အစာချေဖျက်သည့်လမ်းကြောင်းတွင် အပင်အစေ့အဆံ ၉၇၁ ခုကိုတွေ့ရပြီး အစာချေဖျက်သည့်လမ်းကြောင်း၌ပင်ရှင်သန်လျက်ရှိရုံသာမက အူမကြီးတွင် အပင်ပေါက်လျက်ပင်ရှိကြောင်း ဖော်ပြထားသည်။ မြွေများတွင် သွားမရှိသဖြင့် အစာကို မဝါးနိုင်ရုံသာမက အစေ့အဆံများကို အစာမချေဖျက်နိုင်ရာ အစေ့အဆံများသည် ပျက်စီးမှုမရှိသလောက်ပင်။
ထို့ကြောင့်မြွေများသည် အပင်မျိုးစေ့များ ရွှေ့ပြောင်းပေါက်ရောက်နိုင်ရန်အတွက် အရေးကြီး သည့်နေရာတွင် ပါဝင်နေကြောင်းဆိုထားသည်။
ဒေသခံများ နှင့် မြွေတို့၏ ပဋိပက္ခ
“မြွေပွေးနဲ့ မြွေဟောက်ဆိုရင် လမ်းမှာတွေ့ရင် တွေ့တဲ့လူကသတ်ပဲ၊ မသတ်ရဲရင် သတ်ရဲတဲ့သူကို အကြောင်းကြားရတယ်” ဟု အသက် ခြောက်ဆယ်ဝန်းကျင်ရှိ ဒီပဲယင်းမြို့နယ်အတွင်း လယ်ယာ လုပ်ငန်းလုပ်ကိုင်သည့် ဦးညိုက ပြောသည်။
သွားရင်းလာရင်း ဖြစ်စေ လယ်ယာထဲတွင် ဖြစ်စေ မြွေပွေးတွေ့၍ မသတ်လိုက်နိုင်ပါက အချင်းချင်း အကြောင်းကြား သတိပေးထားရသည်ဟုဆိုသည်။ မြွေပွေးအကောင်ပေါက်လေးများတွေ့ပါက အခြားသော မြွေပွေးအကောင်ပေါက်လေးဆယ်ခန့်ရှိနိုင်သေးပြီး ၎င်းတို့ကကြီးပြင်းလာနိုင်သဖြင့် မြွေအန္တရာယ်ရှိသည်ကို အချင်းချင်းကြား သတိပေးကြရသည်ဟုဆိုသည်။
“မြွေပွေးက ကြွက်ကိုတော့သတ်တယ်၊ ဒါပေမယ့် သူဒုက္ခပေးတာနဲ့ဆို မပြောပဘူး” ဟုဦးညိုက ပြောသည်။ “မြွေဆိုတဲ့ အမျိုးက ဘာမြွေမှ အကျိုးမပြုဘူး၊ သူတို့မရှိလည်းဘာမှမဖြစ်ဘူး” ဟု ၎င်းက သူ့အယူအဆကို ပြောသည်။
မြွေပွေး သည် လယ်ယာအတွင်းရှိ ကြွက်၊ ဖား၊ ငါး၊ ဓါးခုတ်ကောင်၊ မြွေအချင်းချင်း တို့ကို ပြန်စားကြသည်ဟု ဒေသခံများကပြောကြသည်။ ဦးညိုတို့ဒေသတွင် ဘုတ်ငှက်၊ စွန်၊ သိမ်းငှက်၊ လင်းယုန်နှင့် ဂျိန်းသိန်းများ ရှိပြီး ၎င်းတို့က မြွေကိုစားသည်။
သို့သော် ၎င်းငှက်များသည် အကောင် အများကြီးမပေါက်ပေ။ ဂျိုးသိမ်း စွန် လင်းယုန် သိမ်းငှက် စသည်တို့ကို ဒေသအတွင်း၌ တခါတရံမှသာတွေ့ရသည်ဟုဆိုသည်။ မြွေပွေးမှာမူ တခါပေါက်ပါက အကောင် လေးဆယ်ခန့်အနည်းဆုံးရှိသည့်အပြင် မိခင်ဝမ်းမှထွက်ပြီးအကောင်ပေါက်ကတည်းက ဦးတည့်ရာလျှောက်သွားရင်း ရှင်သန်ကြသည်ဟု ဦးညိုကပြောသည်။ ယင်းသည်ပင် ဂေဟစန စ်အတွင်း မမျှတမှုတမျိုးဟု ၎င်းကမြင်သည်။
“ဘုတ်က ပေါက်ဖွားနှုန်းက ဘယ်လောက်မှမရှိဘူး။ မြွေက အကောင်လေးဆယ် ကျော်တယ်” ဟု ဦးညိုက ဆိုသည်။
အသက်ငါးဆယ်ကျော် ရှိသည့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးအုန်းသည်လည်း မြွေဆိုးများကို လူသားများအတွက် ကောင်းကျိုးရှိသည်ဟုမမြင်ပေ။ “သူကဦးတော့ ဓါတ်စက်၊ ကိုယ်ကဦးတော့ တနပ်ချက်” ဟု၎င်းကပြောသည်။
ယခင်ခေတ်အခါက အသုဘများတွင် ဓါတ်စက်ဖွင့်ရသည်၊ မြွေဦးပါက မြွေကိုက်ခံရ၍ သေနိုင်သည် ဟုဆိုလိုခြင်းဖြစ်သည်။ ကိုယ်က ဦးအောင် မြွေဆိုးကို သတ်နိုင်ပါက တနပ်စာရသဖြင့် တနပ်ချက်ဟု ဆိုလိုသည်။
ငှက်များသည်ပင် လယ်ထဲ၌ ပိုးရှိသည့် လိပ်ပြာကဲ့သို့ အကောင်များကို စား၍ကောင်းကျိုး ပြုနိုင်သေးပြီး မြွေမှာ ကောင်းကျိုးမရှိ ဆိုးကျိုးသာရှိသည်ဟု ဦးအုန်းက ၎င်းအမြင်ကိုဆိုသည်။ သို့သော်၎င်းက ဒေသအတွင်းရှိ ဂေဟစနစ်အတွင်း မြွေအကောင်ရေ မျှတသည်ဟုထင်သည်။ မြွေအန္တရာယ်ရှိသည့်အကြောင်းအရင်းမှာ မြွေအန္တရာယ်မကာကွယ်နိုင်ခြင်းကြောင့်ဟု ယူဆသည်။
“မြွေကတော့ အဆိပ်ပါလည်းကြောက်တယ်၊ မပါလည်းကြောက်တယ်။ မြက်လျှောတွေတော့ မသတ်ဘူး၊ အဆိပ်မရှိတဲ့သတ္တဝါ မသတ်ပါဘူး” ဟု ဦးအုန်းကပြောသည်။ ၎င်းတို့ ဒေသအတွင်း၌ မြွေတိုင်းကို သတ်ဖြတ်ကြခြင်းမဟုတ်ပေ။ “လင်းမြွေဆို အဆိပ်မရှိဘူး၊ စားရင်သတ်တယ်၊ ဦးလေးက မစားလို့မသတ်ဘူး” ဟု ဆိုသည်။
Burma Associated Press
Related Articles
Top News
လွန်ခဲ့သော တစ်နာရီ က
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၁၀ ရက် က