Article
သတိထားရမည့် အွန်လိုင်းပေါ်က အလုပ်အကိုင်များ
လွန်ခဲ့သော ၄ နှစ် က
မိငယ်သည် သာမန်မိသားစုထဲမှ အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ သူ့ထံတွင် အများနည်းတူ ဘ၀ အောင်မြင်ရေး အိပ်မက်များ၊ ရည်ရွယ်ချက်များ ရှိသည်။ လက်တလောတွင်တော့ အကောင်အထည် ဖော်ရန် အခွင့်မသာသေးပေ။
အာဏာသိမ်းမှုအပြီး ကျောင်းမသွားရန် ဆုံးဖြတ်ခဲ့သော မိငယ်သည် မိသားစုအတွက် တဖက် တလမ်းမှ ဝင်ငွေရှာဖွေချင်ခဲ့သည်။ သာမန်မိသားစုလေးမှ ဆင်းသက်လာခဲ့သူဖြစ်ရာ သူ့ထံတွင် အရင်းအနှီး ငွေကြေး များစွာမရှိချေ။ မိဘမျိုးရိုးကလည်း ပြည်သူ့ဝန်ထမ်းများဖြစ်ရာ စီးပွားရေး လုပ်ငန်းတစ်ခုလုပ်ရန် လုံလောက်သည့် အသိပညာနှင့် ဗဟုသုတတို့က သူ့ထံတွင် ရှိမနေပါချေ။
မိငယ်ထံတွင် အရင်းအနှီးမရှိ၊ သို့သော် အချိန်ရှိသည်။ အတွေ့အကြုံမရှိသော်လည်း ကြိုးစား ငွေရှာ ချင်စိတ် ရှိသည်။ ခက်သည်ကား ဤခေတ်ပျက်ကာလကြီးတွင် သူ့ထံ၌ လုပ်ငန်းရှင်များ လိုချင်သော အရည်အချင်းများက မရှိလေရာ အလုပ်ရှာရန် ခက်ခဲလွန်းပေသည်။ သို့နှင့် အင်တာနက်သုံးရင်း အိမ်မှနေ၍ အလုပ်လုပ်နိုင်မည့် နည်းလမ်းတစ်ခုခုကို ရှာနေခဲ့တော့သည်။
အွန်လိုင်းပေါ်မှ အလုပ်ခေါ်စာ၊ ဝန်ထမ်းရှာသည့် group များသို့ ဝင်ရောက်ကာ လေ့လာသည်။ မိငယ် ကဲ့သို့ပင် လူတိုင်းက ဝင်ငွေလိုအပ်သည့်အတွက် အလုအယက် အလုပ်ရှာနေကြသည်။ လစာ ဝင်ငွေ ရသည့် လုပ်ငန်းများတွင်လည်း လုပ်ငန်းရှင်များက အတွေ့အကြုံတသီတတန်းနှင့် သူများကိုသာ ဦးစားပေး ရွေးချယ်နေကြသည်။ ထို့ကြောင့် အလုပ်လိုအပ်သူ အများအပြား အကြပ်ရိုက်ကြရသည်။
အလုပ်အကိုင်အတွက် မိငယ် အခက်အခဲဖြစ်နေချိန်တွင် ဖေ့ဘုတ်စာမျက်နှာတစ်ခုမှ ကြော်ငြာစာ တစ်ခုကို တွေ့လိုက်ရသည်။
“အရင်းအနှီးများစွာမလို၊ ငွေငါးထောင်ရင်းရုံနှင့် တစ်နေ့ကို နှစ်သောင်းရမည်။ တစ်လကို ၆ သိန်း ဝင်မည်။ ကြိုးစားလျှင် ထိုထက်ပိုပြီး အခွင့်ထူးခံစားရမည်။ တွေဝေမနေပါနဲ့ စာရင်းသွင်းလိုက်ပါ။ SOJ နှင့် လက်တွဲ လုပ်ကိုင်လိုက်ပါ။ အမျိုးသမီးများအတွက်သာ အထူးအခွင့်အရေး” ဟူ၍ဖြစ်သည်။
“အရင်းအနှီးများစွာမလို၊ ငွေငါးထောင်ရင်းရုံနှင့် တစ်နေ့ကို နှစ်သောင်းရမည်။ တစ်လကို ၆ သိန်း ဝင်မည်။ ကြိုးစားလျှင် ထိုထက်ပိုပြီး အခွင့်ထူး ခံစားရမည်။ တွေဝေမနေပါနဲ့ စာရင်းသွင်းလိုက်ပါ။ SOJ နှင့် လက်တွဲလုပ်ကိုင်လိုက်ပါ။ အမျိုးသမီးများ အတွက်သာ အထူးအခွင့်အရေး”
မိငယ်အတွက် ထိုကြော်ငြာစာက အထူးအဆန်းဖြစ်နေခဲ့သည်။ တစ်လ ၆ သိန်း ဟူသည့် ပမာဏက သူ၏ မိဘနှစ်ဦးပေါင်း တစ်လဝင်ငွေထက်ပင် ပိုများသည်။ ထိုအချက်က သူ့ကို ခဏတာမျှ အံ့အား သင့်စေခဲ့သည်။
ထိုကြော်ငြာစာပိုင်ရှင်အား မိငယ် ဆက်သွယ်လိုက်သည်။ ထိုအမျိုးသမီးက အပြောအဆိုတော့ ရည်မွန်လှသည်။ မိငယ်နှင့်သူတို့ အပြန်အလှန်မသိ၊ မမြင်ဖူးသော်လည်း သူက မိငယ်ကို “သဲငယ် လေး၊ ချစ်ကလေး” ဟု သုံးနှုန်းသည်။ ထို့ကြောင့် မိငယ်သည် ထိုအမျိုးသမီးအပေါ် အကောင်းမြင် စိတ်များ ဖြစ်ပေါ်လာရသည်။ ထိုအမျိုးသမီးက သူ့ကိုယ်သူ မစုဟု မိတ်ဆက်သည်။
မိငယ်အနေဖြင့် SOJ ကို ပုံစံ နှစ်မျိုးလုပ်ကိုင်နိုင်ကြောင်း မစုက ရှင်းပြသည်။ ပထမ တစ်နည်းမှာ မစု၏ အဝတ်အထည်၊ အသုံးအဆောင်များအား ကူညီရောင်းပေးရမည်ဖြစ်ပြီး အင်္ကျီ ငါးထည် ပါသော အစည်း တစ်စည်း ရောင်းနိုင်လျှင် သူ့အနေနှင့် ငါးထောင်ကျပ် ရရှိမည်ဖြစ်သည်။
ပုံမှန်အားဖြင့် အထည်ဆိုင်တစ်ခုဖွင့်မည်ဆိုပါက ငွေကြေးအရင်းအနှီးများစွာ လိုအပ်မည့်အပြင်၊ delivery company များနှင့်လည်း စာချုပ်ချုပ်ကာ လက်တွဲလုပ်ဆောင်ရန်လိုပေမည်။ သို့မဟုတ် ကိုယ်တိုင် ပို့ဆောင်ရန် လိုလာပေမည်။ မစု၏ စကားတွင်တော့ မိငယ်က အွန်လိုင်းပေါ်မှ အထည် ရောင်းကာ အိမ်မှာနေရင်း ငွေများယူနေရုံသာ ဖြစ်သည်။
ဒုတိယတစ်နည်းက အထည်ရောင်းချပေးမည့်သူများကို မိငယ်က အွန်လိုင်းမှတဆင့် ရှာပေးရမည် ဖြစ်သည်။
မိငယ်အနေဖြင့်လည်း ထိုလုပ်ငန်းတွင် ပါဝင်ခွင့်ရရန် ကနဦးအနေဖြင့် ငါးထောင်ကျပ်ကို ပေးသွင်းရန် လိုသည်။ အာမခံကြေးဟု မစုက ဆိုသည်။
မိငယ်က နောက်ထပ် လုပ်ကိုင်လိုသူများကိုရှာပြီး သူတို့ထံမှ ငါးထောင်ကျပ် တောင်းခံရမည်။ ထို့နောက် မစုအား ငါးရာကျပ်ပေးပြီး ကျန်သည့် ၄,၅၀၀ အား ယူနိုင်သည်။ သို့နှင့် တစ်နေ့ကို လူနှစ်ယောက် သုံးယောက် ရှာနိုင်ရုံနှင့် မိငယ်က တစ်နေ့ဝင်ငွေ သောင်းဂဏန်း ရှိလာပေမည်။ မစုကိုတော့ ငါးရာစီသာ ပြန်ပေးရမည်။ ဘာပစ္စည်းမှ ရောင်းပေးစရာမလိုသည့် ထိုအလုပ်က တော်တော်လေး တွက်ချေကိုက်သည်ဟု ဆိုရမည်။
မစုက member အရေအတွက် သိန်းဂဏန်းရှိသည့် Facebook Group သုံးခုလောက်ပြသည်။ ထိုသူများမှာလည်း အွန်လိုင်းမှတဆင့် လုပ်ကိုင်နေကြပြီး ဝင်ငွေများစွာ ရရှိနေကြောင်း ငွေလက်ခံ ရရှိကြောင်း screenshot များစွာအပြင်၊ တစ်လကို ဆယ့်လေးသိန်းဝင်သည်ဆိုသည့် ရေးသားချက် များကိုလည်း မိငယ်အား ပြသည်။
ထိုရေးသားချက်များသည် အလိမ်အညာလုံးဝမဟုတ်ဘဲ အောင်မြင်မှုများဖြစ်သည်ဟု မစုက ဂုဏ်ယူနေဟန်ဖြင့် ပြောသည်။ မစု၏ စိတ်အားတက်ကြွဖွယ်စကားများက မိငယ်ကို အလွန်ပင် စိတ်အားတက်ကြွစေသည်။
နှစ်ခါမတွေးတော့ဘဲ မစုနှင့် ပူးပေါင်းလုပ်ကိုင်ရန် ခေါင်းငြိမ့်လိုက်တော့သည်။ စုထားသော မုန့်ဖိုး ငါးထောင်ကို wave money/ wave pay မှတဆင့် မစုဆီသို့ အာမခံကြေးအဖြစ် လွှဲလိုက် တော့သည်။ သို့နှင့် အဆိုပါ Special Online Job - SOJ နယ်ပယ်ထဲ သူခြေချခဲ့သည်။
ပထမဆုံးအနေဖြင့် SOJ ၏ အထည်ရောင်းနည်းလမ်းကို မိငယ် လိုက်နာရသည်။ မစုထံမှ အထည်အချို့ ကို အွန်လိုင်းမှ ငွေချေကာ တဆင့်ယူရောင်းရသည်။ ထို့နောက် သူ၏ Facebook account တွင် အရောင်းပို့စ်များစွာ တင်ထားလိုက်သည်။ မူလဈေးထက် အဆမတန်မြင့်မားသည့် ဈေးနှုန်းဖြင့် အထည်များကို ရောင်းခိုင်းသည့်အတွက် မိငယ် နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်မိသည်။
သို့သော် မစု၏ “စီးပွားရေးဆိုတာ မသိသူကျော်သွား၊ သိသူဖော်စားပဲ သဲလေး။ လည်သူပဲစားရတာ” ဟူသော စကားများ၏ အောက်တွင် စိတ်ခံစားချက်များက ပျက်သုဉ်းသွားသည်။
တစ်ပတ်ကျော်လာသည်အထိ တစ်ထည်မှပင် ရောင်းမထွက်သေး။ သို့ဖြစ်ရာ မိငယ်အားငယ်စိတ် ဝင်လာသည်။ မစုပြောသည့် တစ်နေ့နှစ်သောင်း နေနေသာသာ သူမ၏ ဖုန်းဘေလ်ဖိုးပင် တစ်နေ့ နှစ်ထောင်မျှ ကုန်လာသည်။ ဖုန်းဘေလ်အတွက် အမေ့ဆီကပါ လက်ဖြန့်လာရသည်။
များမကြာမီ Facebook ပေါ်မှ သူငယ်ချင်းတစ်ယောက်က မိငယ် အရောင်းတင်ထားသည့် အင်္ကျီ တစ်ထည်ကို ဝယ်ယူရန်မေးလာသည့်အတွက် ပျော်ရွှင်သွားသည်။ အင်္ကျီတစ်ထည် ရောင်းရလျှင် သူ့အတွက် သုံးထောင်ကျန်မည်ဖြစ်ပြီး အထည်တစ်စည်းလုံး ရောင်းနိုင်လျှင် မစုထံမှနေ၍ အကျိုး အမြတ်အဖြစ် နောက်ထပ် ၅,၀၀၀ ထပ်ရမည်ဖြစ်သည်။ သို့သော် တန်ကြေးထက် အဆမတန် ဈေးမြင့်နေသည့်အတွက် အထည် ငါးထည်စလုံး ကုန်ရန်မှာ မလွယ်ကူလှပေ။
အထည်ရောင်းချသည့်အလုပ်က အဆင်မပြေလာသောအခါ မိငယ်က SOJ ၏ ဒုတိယနည်းလမ်းကို အသုံးပြုရန် ကြံစည်ရတော့သည်။ group ပေါင်း မြောက်များစွာကို ဝင်ရောက်ပြီး အလုပ် ကြော်ငြာ စာများ ထုတ်သည်။
တချို့ group များက သူ့ကို နှင်ထုတ်သည်။ တချို့က ဆဲဆိုသည်။ တချို့က ရန်စကား ပြောသည်။ ထို့နောက်မှ သိလာသည်မှာ မိငယ်ကဲ့သို့ အွန်လိုင်းသုံးကာ member ရှာသူများက ရာထောင်ချီ ရှိနေသည်။ ဒီထဲဝင်ရောက်ရန် စတင်စည်းရုံးခဲ့သည့် မစုကလည်း ယခင်လို စကားကောင်းများ မပြောတော့ချေ။
အချိန်တော်တော်များများ လိုက်ရှာပြီးသည့်နောက် စိတ်ဝင်စားသူနှစ်ဦးကို မိငယ် တွေ့လာသည်။ မစု ပြောသည့်စကားအတိုင်း ပြောရာ တစ်ဦးက စိတ်အားထက်သန်စွာဖြင့် လုပ်ချင်ပါသည်ဟု ဆိုလာ သည်။ မစုကို ၅၀၀ ပေးပြီး သူက ယနေ့အတွက် ၄,၅၀၀ ရလိုက်သည်။ မိငယ်ပျော်လာသည်။ ထိုအခါမှ မစုက ကြိုးစားပါဟု ဆိုလာရာ စိတ်အားပြန်လည် ထက်သန်လာရသည်။
မိငယ်စည်းရုံးခဲ့သူနှစ်ဦးတွင် ပထမတစ်ဦးက အဆင်ပြေသော်လည်း ဒုတိယတစ်ဦးက သံသယများ သည့်ပုံပေါ်သည်။ မိငယ်ကို တစ်နေ့နှင့် တစ်လဝင်ငွေ မည်မျှဝင်ပြီလဲဟု မေးသည်။
မိငယ်တွင် ဖြေစရာမရှိသော်လည်း တစ်နေ့ကို သုံးသောင်းလောက်နှင့် တစ်လဝင်ငွေက ကိုးသိန်း ရှိပါပြီဟု အားတင်းကာ လိမ်လိုက်သည်။ သို့သော် လုပ်ငန်းစိတ်ဝင်စားသူက ထိုမျှနှင့်မပြီးသေးဘဲ နာမည်နှင့် wave acc ကို ပြပါဟု ဆိုလာသည်။ မေးခွန်းများက ဆက်တိုက် ချောင်ပိတ်မိလာ သောအခါ မိငယ် တုန်လှုပ်လာရသည်။ နောက်ဆုံးတွင်တော့ ထိုတစ်ယောက်ကို block ပစ်လိုက် ရသည်။ သူ့ထံမှ ၄,၅၀၀ မရလည်း နေပါစေတော့။
လုပ်ငန်း စိတ်ဝင်စားသူက ထိုမျှနှင့် မပြီးသေးဘဲ နာမည်နှင့် wave acc ကို ပြပါဟု ဆိုလာသည်။ မေးခွန်းများက ဆက်တိုက် ချောင်ပိတ်မိလာသော အခါ မိငယ် တုန်လှုပ်လာရသည်။ နောက်ဆုံးတွင် တော့ ထိုတစ်ယောက်ကို block ပစ်လိုက်ရသည်။
မိငယ်ကို SOJ လောကထဲ စည်းရုံးသိမ်းသွင်းခဲ့သည့် မစု၏ ပြောစကားများကိုလည်း နားလည်လာ ခဲ့သည်။ တစ်နေ့ကို လေးယောက်လောက် နေ့တိုင်းရမှသာ တစ်လကို ၆ သိန်း ဝင်မည် ဆိုသည်ကို ပြန်တွေးမိလာသည်။ အထည်ရောင်းခြင်းမှာ ဟန်ပြမျှသာဖြစ်သည်၊ လူခေါ်ရင်း ငွေရှာသည်ကသာ သူမတို့၏ ရည်ရွယ်ချက်အစစ် ဖြစ်သည်ကို မိငယ် ရိပ်စားလာမိသည်။
မိငယ်တစ်ယောက် နောင်တရလာသည်။ မစု၏ ပြောစကားအရတော့ ထိုင်း၊ မလေးရှား၊ အင်ဒိုနိးရှား နိုင်ငံများတွင်ပါ SOJ member များ ရှိသည်တဲ့။
ငွေရနိုးနိုးဖြင့် ဒီအလုပ်ကိုလုပ်ရင်း မစု သူ့ကို ပြခဲ့သော ငွေလက်ခံရရှိကြောင်း screenshot များ သည် သူတို့လို လူတိုင်းထံတွင် ရှိနေသည်ကို တွေ့လာရသည်။ အပြန်အလှန် လှည့်ဖျားရင်း ညာသည် ဟု တိတိပပ ဆို၍မရသော ညာခြင်းများကို တွင်တွင်သုံးရင်း ထိုနွံထဲတွင် နစ်နေကြဆဲပင် ဖြစ်သည်။
အချင်းချင်း ကတုံးပေါ်ထိပ်ကွက် လုပ်နေကြသည်။ ငွေလိုနေသူများအတွက် ငွေကို ငါးစာချကာ မစုတို့ကတော့ ကြီးပွားလျှင်လည်း ကြီးပွားနေပေမည်။ ငွေရလွယ်သည့် အလုပ်နောက်လိုက်ရင်း ထိုလူ တစ်စု၏ သားကောင်အဖြစ် ပစ်မှတ်ထားကိုလည်း ခံရမည့်သူများလည်း ရှိနေဦးမည်သာ ဖြစ်သည်။
မိငယ်ကတော့ ထိုနွံထဲမှ ရုန်းထွက်နိုင်ခဲ့သည်။
Photo -Freepik.com
(Special Online Job – SOJ ဟု ခေါ်သည့် အွန်လိုင်း အလုပ်အကိုင်တစ်ခုအတွင်း ပါဝင်ခဲ့သူ တစ်ဦး၏ ကိုယ်တိုင် ရေးသားချက်ဖြစ်ပါသည်။)
Burma Associated Press