bap-logo
Politics

ALP စစ်ဦးစီးချုပ်နှင့် တပ်မှူးနှစ်ဦးအား သင်္ဂြိုလ်ပြီးစီး၊ အထိမ်းအမှတ် ကျောက်တိုင် သို့မဟုတ် ကျောက်ရုပ်များ စိုက်ထူသွားမည်ဟု ALP ထုတ်ပြန်

qKVbIa3BrshAjNbQCfXGF-image

လွန်ခဲ့သော ၃ နှစ် က

ဇန်န၀ါရီ

 

သေနတ်ဖြင့် ပစ်သတ်ခံရသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ စစ်ဦးစီးချုပ်နှင့် တပ်မှူးနှစ်ဦး၏ အရိုးပြာအား ALP ပါတီ/ ALA တပ်မတော်မှ တရိုတသေသိမ်းဆည်းပြီး အာဇာနည် ၃ ဦးအဖြစ် မှတ်တမ်း တင်ကာ နောင်လာနောင်သားများ အစဥ်အမှတ်ရနိုင်ရန် အထိမ်းအမှတ် ကျောက်တိုင် သို့မဟုတ် ကျောက်ရုပ် များ စိုက်ထူသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၈ ရက်က ALP ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်မှုဆောင် ကော်မတီ၀င်၊ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး နှင့် ဗိုလ်ကြီးခိုင်သူရိန္ဒတို့၏ ရုပ်အလောင်းများအား ဇန်န၀ါရီ ၈ရက်၊ နေ့လယ် ၁၁ နာရီတွင် မီးသင်္ဂြိုလ်ခဲ့ပြီး ဖြစ်သည်။

 

စျာပနအခမ်းအနားတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (NCA-s EAO) နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAO)များ အပါအ၀င် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများမှ ပေးပို့လာသော ၀မ်းနည်းကြောင်း သ၀ဏ်လွှာများကို ဖတ်ကြားခြင်း၊ သရဏဂုံတင်ခြင်း၊ အမိန့်ပြန်တမ်းဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ပြီး ပါတီခေါင်းဆောင်များ၊ ပါတီ ၀င်များ၊ တပ်မှူးများနှင့် ရဲဘော်များမှ ကျဆုံးသွားသော ခေါင်းဆောင်များအား နောက်ဆုံးအနေဖြင့် ဂါရ၀ပြုခြင်း များကို လုပ်ဆောင်ခဲ့ကြသည်။

 

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနှင့် တပ်မှူးနှစ်ဦးသည် ဇန်၀ါရီ ၄ ရက်၊ နံနက်တွင် စစ်ကောင်စီတပ်မှ စစ်တွေမြို့၊ ဝေသာလီကွင်းတွင် ကျင်းပသော လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်ပြီး အပြန်တွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်အတွင်း အမည်မသိသေနတ်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

 

ALP ပါတီသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားပြီး၊ ဒီဇင်ဘာအတွင်းကလည်း အပစ်ရပ်လက်မှတ်ထိုး ၅ ဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံရာတွင် ပါ၀င်ခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။

 

Burma Associated Press

 

ပုံစာ။ ပစ်သတ်ခံရသည့် ALP ထိပ်ပိုင်းခေါင်းဆောင် သုံးဦး၏ ဈာပနအခမ်းအနားကို တွေ့ရစဉ်။

 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့

Share With
bap-logo