Politics
ဒီပဲယင်း ကွဲရွာကို စစ်တပ်ဝင်မွှေ၊ သံဃာတစ်ပါးနှင့် အမျိုးသမီး တစ်ဦးသတ်ဖြတ်ခံရ
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ - ၆
စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် သီတဂူကျောင်းတိုက် ဆရာတော်တစ်ပါးနှင့် အမျိုးသမီး တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း (၁)က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်များက ရွာထဲရှိ ရွှေဂူကျောင်းတိုက်အတွင်း ဝင်ရောက်ပြီး သီတဂူဗုဒ္ဓတက္ကသိုလ်မှ BA ( Buddha) ဘွဲ့ရသူ သီတဂူ နာယက ( ၁၀) ပါးစာရင်းဝင် ဆရာတော် တစ်ပါး ( စာချဆရာတော် မန္တလေးမြို့ မဟာမင်းဒင်စာသင်တိုက်)နှင့် အမျိုးသမီး တစ်ဦးတို့ကို ကျောင်းဝင်းထဲမှာပင် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
ဆရာတော်သည် ယမန်နေ့ ညနေပိုင်းတွင် မန္တလေးမြို့မှ ဒီပဲယင်းကွဲကျေးရွာသို့ ခေတ္တကြွရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက် (၅) နာရီကျော်တွင် စစ်ကောင်စီတပ်နှင့် ကြွယ်ပုံပျူစောထီးတို့သည် ဒီပဲယင်းကွဲ ကျေးရွာထဲကို လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ထိုသို့ဝင်ရောက်လာသဖြင့် စစ်ကိုင်း တပ်ရင်း (၁)၊ ဒီပဲယင်းကွဲ (ပကဖ) တို့ ခုခံတိုက်ခိုက်သော်လည်း လက်နက် အင်အားမမျှ၍ နောက်ဆုတ်ပေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။
ထို့နောက်ကျေးရွာရှိ ရွှေဂူကြီးကျောင်းတိုက်တွင် ခေတ္တရောက်နေသည့် သီတဂူဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်နှင့် အမျိုးသမီး တစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါခုခံတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော် နှစ်ဦး ကျဆုံးခဲ့ရပြီး ဒီပဲယင်းကွဲကျေးရွာ အိမ်ခြေ ၅၀ ကျော် မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။