Local News
ဘုံရန်သူကို အပြီးသတ်ချေမှုန်းနိုင်ဖို့ အတူ တကွ ရုန်းကန်ဖောက်ထွက်ကြရမယ်လို့ AA ကို NUG သဝဏ်လွှာပို့
လွန်ခဲ့သော ၂ နှစ် က
ဧပြီ ၁၀။
ဘုံရန်သူစစ်ကောင်စီကို အပြီးသတ်ချေမှုန်းနိုင်ဖို့ အတူတကွ စည်းလုံး ညီညွတ်မှုနဲ့ ရုန်းကန်ဖောက်ထွက် ကြိုးစားရမယ်လို့ ယနေ့ ဧပြီလ ၁၀ ရက်မှာ ကျရောက်တဲ့ ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ သဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ပြောဆိုလိုက်ပါတယ်။
ရက္ခိုင့်တပ်တော်ဟာ ပြည်သူ့ခုခံတွန်းလှန်စစ်မှာ အဖိနှိပ်ခံ ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး ဘုံရန်သူကို ပြင်းပြင်းထန်ထန် တွန်းလှန်နေသလို တော်လှန်ရေး အင်အားစုတွေကိုလည်း လက်တွဲကူညီပံ့ပိုးပေးလျက် ရှိတယ်လို့လည်း NUG က ဆိုပါတယ်။
ရက္ခိုင်လူထုရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အပြည့်အဝ ရရှိရေး အတွက် ၁၄ နှစ်တာ တော်လှန်ရေး ခရီးကြမ်းမှာ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ ကိုယ်လက်အင်္ဂါ ပေးလှူခဲ့ကြတဲ့ ရက္ခိုင် သူရဲကောင်းတွေနဲ့ လူထုတရပ်လုံးကို လေးစားလျက်ရှိတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီနဲ့ AA တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလကတည်းက နှစ်ဖက်ယာယီတိုက်ပွဲတွေ ရပ်တန့်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလကနေ တိုက်ပွဲတွေ တကျော့ ပြန်လည် ဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီနောက်မှာတော့ ရခိုင်ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ကူညီပေးနိုင်ဖို့ အတွက်ဆိုပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၆ ရက်ကစလို့ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေးကို နောက်ထပ်တဖန် ပြန်လည် သဘောတူညီခဲ့ပါတယ်။