Weather
ငလျင်ကြောင့် ဒုက္ခရောက်နေသူထံ အကူအညီပေးဖို့ ရန်ပုံငွေမလုံလောက်
လွန်ခဲ့သော ၂ နာရီ က
BAP၊ ဩဂုတ် ၁၅။
မန္တလေးငလျင်ကြောင့် ဒုက္ခရောက်နေသူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ ရန်ပုံငွေ မလုံလောက်တာကြောင့် အကူအညီတွေ ထဲထဲဝင်ဝင်၊ ကြိမ်ဖန်များစွာနှင့် အရည်အသွေးပြည့်မီ အောင် မပေးနိုင်ဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ကပြောသည်။
“ရန်ပုံငွေဖြတ်တောက်ခံရမှုကြောင့် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ကူညီရေးကဏ္ဍအားလုံးမှာ လျှော့ချ ရတာတွေလုပ်ခဲ့ ရတဲ့အတွက် ထိခိုက်လွယ်တဲ့သူတွေကို ပိုပြီးစိတ်ပျက်စရာ အန္တရာယ်တွေကြားမှာ ပစ်ထားရသလိုဖြစ်နေရတာပါ” ဟု UNOCHA က ဆိုသည်။
ယခုနှစ် မတ်လ ၂၈ ရက်နေ့ငလျင်ဒဏ်ခံရသူတွေထဲက လူဦးရေ ၁ ဒသမ ၃ သန်းနီးပါးထံ လူသားချင်း စာနာမှုဆိုင်ရာအကူအညီတွေ ရောက်ရှိခဲ့ပြီးဟု UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုံ့ပြန်ရေးအစီအစဉ်အတွက် လိုအပ်နေသည့် ရန်ပုံငွေ၏ ၁၂ ရာခိုင်နှုန်းသာသာကိုသာ လက်ရှိအချိန်မှာ ရရှိထားသေးပြီး လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေ တိုးမြှင့်ပေးနိုင်ဖို့ အထိခိုက်ခံရဆုံးလူ့အသိုက်အဝန်းထံအရောက်လှမ်းဖို့ ရန်ပုံငွေပိုမိုရရှိဖို့ မဖြစ်မနေလိုအပ်နေသည်ဟုဆိုသည်။
“မြန်မာနိုင်ငံဟာ လူပေါင်းများစွာရဲ့အိုးအိမ်တွေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ ဘေးကင်း လုံခြုံတဲ့ ခံစားချက်တွေကို ခြေမွဖျက်ဆီးလျက်ရှိတဲ့ လက်နက်ကိုင်ပဋိပက္ခ၊ ရေဘေးနဲ့ အခြားဘေး အန္တရာယ်တွေအပါအဝင် ထပ်တလဲလဲကျရောက်နေတဲ့ ဘေးဒုက္ခတွေကြောင့် အကျပ်အတည်းပေါင်းစုံနဲ့ ကြုံတွေနေရဆဲဖြစ်ပါတယ်” ဟု လည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာသူဦးရေဟာ ၃ ဒသမ ၆ သန်းနီးပါးရှိပြီဟု UNOCHA က ခန့်မှန်းထားပြီး စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးအကြားဖြစ်ပွားနေဆဲ တိုက်ပွဲများကြောင့် အရပ်သားများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသလို၊ ထိခိုက်သေကြေရသည့် ကာကွယ်စောင့်ရှောက်ပေးရေးဆိုင်ရာ အခြေအနေများလည်းရှိနေသည်ဟုဆိုသည်။
ဓာတ်ပုံ - J