bap-logo
Weather

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဆန်စပါးများ အဆိပ်သင့်လာမည်ဟု သုတေသီများပြော

YjZx47ZdhRQ_7KvV5FS6f-image

လွန်ခဲ့သော ၂ နာရီ က

BAP၊ ဘာသာပြန်။

လေထုအပူချိန်နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု မြင့်တက်လာသည်နှင့်အမျှ ကမ္ဘာ့စားသုံးမှု အများဆုံး သီးနှံဖြစ်သည့် ဆန်စပါးများ အဆိပ်သင့်မှု မြင့်မားလာမည်ဖြစ်ကြောင်း၊ လူသန်းပေါင်း ထောင်ချီ၍ ကင်ဆာနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ခြေရှိလာကြောင်း The Lancet က ဗုဒ္ဓဟူးနေ့တွင် ဖြန့်ချီသည့် သုတေသနအသစ်တွင် ဖော်ပြထားသည်။

 

လူသန်းပေါင်းထောင်နှင့်ချီ၍ နေ့စဉ်စားသုံးနေပြီး ကမ္ဘာအနှံ့ စိုက်ပျိုးနေသော ဆန်စပါးသည် ကမ္ဘာအတွက် အရေးအကြီးဆုံးသော ကောက်ပဲသီးနှံဖြစ်သည်ဟု ဆိုနိုင်သည်။ ကမ္ဘာ့လူဦးရေ တစ်ဝက် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစားအစာလိုအပ်ချက်အတွက် ဆန်စပါးအပေါ် အဓိက မှီခိုအားထားနေရသည်။

 

ဆန်စပါးစိုက်ပျိုးနည်းမှာ အများအားဖြင့် လယ်ကွက်များတွင် ထည့်သွင်းမြှုပ်နှံစိုက်ပျိုးရပြီး စိမ့်ဝင်နိုင်သော မျက်နှာပြင်သွင်ပြင်အရ ၎င်းသည် ကင်ဆာဖြစ်စေနိုင်သော ပြင်းထန်သည့် အဆိပ်အတောက်ဖြစ်သည့်အာဆင်းနစ်ကိုပုံမှန်မဟုတ်သည့် အဆင့်ထိ မြင့်မားစွာ စုပ်ယူနိုင်သည်။ အထူးသဖြင့် ကလေးငယ်များအတွက် အန္တရာယ်ရှိစေသည်။

 

ကိုလံဘီယာတက္ကသိုလ်မှ အပင် ဇီဝကမ္မဗေဒပညာရှင်နှင့် တွဲဖက်ပါမောက္ခ Lewis Ziska သည် ဆန်စပါးကို ဆယ်စုနှစ် သုံးခု လေ့လာခဲ့သူဖြစ်ကာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဆန်စပါးအပါအဝင် အဓိက ကောက်ပဲသီးနှံများတွင် အာဟာရအဆင့် လျော့ကျမှုကို မကြာသေးခင်နှစ်များအတွင် အဓိက အလေးပေး လေ့လာခဲ့သူဖြစ်သည်။ ၎င်းက တရုတ်နှင့် အမေရိကန်နိုင်ငံတို့မှ သုတေသီများနှင့် ပူးပေါင်းကာ ယခင်က မရှိခဲ့ဖူးသော လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့သည်။

 

အပူချိန်ကြောင့် မြင့်တက်မှု ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် အနည်းငယ်မြင့်တက်မှုကို ကျွန်တော်တို့ သိခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ခုပေါင်းလိုက်တဲ့အခါမှာ အံ့ဩထိတ်လန့်စရာပဲ။ ကျွန်တော်တို့ လုံးဝ မျှော်လင့်မထားတဲ့ အရာပါပဲ။ နေ့စဉ် လူသန်းပေါင်း ထောင်ချီ စားသုံးနေတဲ့ အဓိက ကောက်ပဲသီးနှံကို အဆိပ်အာနိသင် ဖြစ်စေတဲ့ သက်ရောက်မှု ကြီးကြီးမားမား ရှိနေပါတယ်

 

၎င်းမှာ ဆန်စပါးမျိုးစိတ် အများအပြားက အပူချိန်မြင့်တက်မှုနှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို မည်ကဲ့သို့ တုန့်ပြန်ကြောင်း ရှာဖွေလေ့လာခြင်းဖြစ်သည်။ လူတို့ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ လေထုအတွင်း ထုတ်လွှတ်မှု များပြားလာသည်နှင့်အမျှ အပူချိန်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု နှစ်ခုလုံး မြင့်တက်ခြင်းကို ဆက်လက်တွေ့ကြုံလာရဖွယ်ရှိသည်။ လေ့လာချက်အသစ်ကို The Lancet Planetary Health မှ ဖြန့်ချီ ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

 

အရင်ကတော့ တစ်ခုချင်းစီရဲ့ တုန့်ပြန်မှုတွေကို အဓိက လေ့လာခဲ့တာပါ။ ကာဗွန်ဒိုက်အောက်ဆိုက်ကို တုန့်ပြန်မှု၊ အပူချိန်ကို တုန့်ပြန်မှုဆိုပြီး ခွဲခြားလေ့လာခဲ့တာပါ။ နှစ်ခုလုံးအပေါ် တုန့်ပြန်မှုကို လေ့လာခဲ့တာ မဟုတ်ပါဘူး။ ဆန်စပါးမျိုးစိတ် အများကြီးအပေါ်မှာ လေ့လာခဲ့တာလည်း မဟုတ်ပါဘူး။” ဟု Ziska က ပြောသည်။ "အပူချိန်ကြောင့် မြင့်တက်မှု ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် အနည်းငယ်မြင့်တက်မှုကို ကျွန်တော်တို့ သိခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ခုပေါင်းလိုက်တဲ့အခါမှာ အံ့ဩထိတ်လန့်စရာပဲ။ ကျွန်တော်တို့ လုံးဝ မျှော်လင့်မထားတဲ့ အရာပါပဲ။ နေ့စဉ် လူသန်းပေါင်း ထောင်ချီ စားသုံးနေတဲ့ အဓိက ကောက်ပဲသီးနှံကို အဆိပ်အာနိသင် ဖြစ်စေတဲ့ သက်ရောက်မှု ကြီးကြီးမားမား ရှိနေပါတယ်။”

 

Ziska နှင့် တရုတ်၊ အမေရိကန်နိုင်ငံတို့မှ သုတေသီ လုပ်ဖော်ကိုင်ဖက်အများအပြား ပါဝင်သည့် အဖွဲ့သည် ထိန်းချုပ်ထားသည့် လယ်ကွင်းများတွင် ခြောက်နှစ်ကြာ ဆန်စပါးစိုက်ပျိုးလေ့လာခဲ့ခြင်းဖြစ်သည်။ ၎င်းလယ်ကွင်းများတွင် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အပူချိန်ကို အတိုးအလျော့ ပြုလုပ်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ နှစ်မျိုးလုံး တိုးမြှင့်လိုက်သောအခါ စပါးနှံများတွင် အာဆင်းနစ် ပမာဏနှင့် သက်ရှိသတ္တဝါများမှ ဖြစ်ပေါ်ခြင်းမဟုတ်သည့် အာဆင်းနစ်တို့ မြင့်တက်လာသည်ကို တွေ့ရသည်။ ၎င်းအချက်မှာ ရာသီဥတု သိပ္ပံပညာရှင်များ ခန့်မှန်းချက်နှင့်လည်း ကိုက်ညီနေသည်။

 

အာဆင်းနစ်ကို ငါးများ၊အခွံမာ (သို့) ကြေးခွံရှိသောငါးများ၊ ရေပြင်များ၊ မြေသားတို့ အပါအဝင် အချို့ အစားအသောက်များတွင် သဘာဝအတိုင်း တွေ့ရှိနိုင်သည်။

 

Inorganic arsenic (သက်ရှိသတ္တဝါများထံမှ ဖြစ်ပေါ်လာခြင်းမဟုတ်သည့် အာဆင်းနစ်) ကို စက်မှုလုပ်ငန်းသုံး အရာဝတ္ထုများတွင် တွေ့ရှိရပြီး ရေထဲသို့ ရောက်ရှိလာကြသည်။ စပါးခင်းများသို့ ထည့်သွင်းအသုံးပြုသည့် ရေထဲသို့လည်း ရောက်ရှိလာကြသည်။

 

စပါးပင်ကို ပေါင်းနှင့် အခြားအပင်များက အလွယ်တကူ ဖုံးလွှမ်းနိုင်သော်လည်း ၎င်းတွင် အားသာချက်တစ်ခုရှိသည်။ ၎င်းမှာ ရေထဲတွင် ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် လယ်သမားများက အစေ့ကို အညှောက်ဖောက်ကာ ပျိုးပင်များ အရွယ်ရောက်သည့်အခါ မြေကြီးအစိုတွင် ထည့်သွင်းစိုက်ပျိုးကြသည်။ ထို့နောက် လယ်ကွက်များကို ရေသွင်းခြင်းဖြင့် ပေါင်းပင်များကို ဖိနှိပ်လိုက်ပြီး ဆန်စပါးများကို ရှင်သန်ကြီးထွားစေသည်။ စပါးပင်များက ရေကို အရန်သင့် စုပ်ယူလိုက်ကြရာ ၎င်းရေထဲတွင် ပါဝင်သည့် သဘာဝအရ ဖြစ်ပေါ်သည့် အာဆင်းနစ်နှင့် သဘာဝမဟုတ်သည့် အာဆင်းနစ်တို့ကိုပါ စုပ်ယူလိုက်ကြသည်။ ကမ္ဘာ့ ဆန်စပါး အများစုကို ဤနည်းလမ်းဖြင့် စိုက်ပျိုးခြင်းဖြစ်သည်။

 

သုတေသနအသစ်အရ ၎င်းစုပ်ယူမှု မြင့်တက်လာမည်ဟု ပြသနေသည်။

 

မြေသားထဲမှာ Biogeochemical (ဓာတုပစ္စည်းများ သက်ရှိနှင့် ရေ၊ လေ၊ မြေထုများအတွင်း ပျံ့နှံ့ပုံ) လုပ်ငန်းစဉ်အရ အပူချိန်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်လာတဲ့အခါ ဆန်စပါးတွေမှာလည်း သက်ရှိများက ဖြစ်ပေါ်ခြင်း မဟုတ်တဲ့ အာဆင်းနစ် မြင့်လာပါတယ်။” ဟု Ziska က ဆိုသည်။ "ဒီ သက်ရှိသတ္တဝါတွေက ဖြစ်ပေါ်လာခြင်းမဟုတ်တဲ့ အာဆင်းနစ်က ကျန်းမာရေးအန္တရာယ် အလွန်ပြင်းထန်စေပါတယ်။”

 

Inorganic arsenic နှင့် ထိတွေ့စားသုံးခြင်းသည် အရေပြား၊ ဆီးအိမ်၊ အဆုတ်တို့တွင် ဖြစ်ပေါ်တတ်သော ကင်ဆာများ၊ နှလုံးရောဂါ၊ မွေးကင်းစကလေးငယ်များ၏ အာရုံကြောဆိုင်ရာ ပြဿနာများ စသည်တို့နှင့် ဆက်စပ်နေသည်။ ဆန်စားသုံးမှုများသော ကမ္ဘာ့ဒေသများတွင် Inorganic arsenic ကြောင့် ကင်ဆာအန္တရာယ် မြင့်တက်လာသည်ကို သုတေသနတွင် တွေ့ရှိရသည်။

 

Ziska နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ၎င်းတို့၏ စမ်းသပ်လယ်ကွင်းများမှ ရရှိသည့် အချက်အလက်များ၊ ထိပ်တန်း ဆန်စားသုံးမှုများသည့် အာရှနိုင်ငံ ခုနှစ်နိုင်ငံမှ တစ်ဦးချင်းစားသုံးမှု အချက်အလက်များကို အခြေခံ၍ ရောဂါအန္တရာယ် မည်သို့ မြင့်တက်လာပုံကိုလည်း ခန့်မှန်းတွက်ချက်ခဲ့သည်။ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ မြန်မာနှင့် အိန္ဒိယ ခုနှစ်နိုင်ငံလုံးတွင် ရောဂါအန္တရာယ် မြင့်တက်နေသည်ကို တွေ့ရှိရသည်။

 

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အရ အဆိပ်သင့်နိုင်တဲ့ အကျိုးသက်ရောက်မှုဟာ ကမ္ဘာ့စားသုံးမှု အများဆုံး ကောက်ပဲသီးနှံတွေထဲက တစ်ခုနဲ့ ဆက်စပ်နေပါတယ်။ ဒီအကျိုးသက်ရောက်မှုကြောင့် ဘယ်လောက်ထိခိုက်နိုင်လဲဆိုတာ တိုင်းတာတဲ့အချက်တွေထဲမှာ စားသုံးမှုဘယ်လောက်များသလဲဆိုတာလည်း ပါဝင်ပါတယ်။” ဟု Ziska က ပြောသည်။

 

သုတေသီများက ဆန်စပါးတွင် အာဆင်းနစ်ပါဝင်မှု မြင့်မားနိုင်သည်ကို သိရှိထားခဲ့ကြပြီး ဖြစ်သကဲ့သို့ စည်းမျဉ်းချမှတ်သူများကလည်း ပါဝင်မှု အကန့်အသတ်ကို လမ်းညွှန်ထားကြသည်။ ထိခိုက်ခံစားလွယ်ပြီး ဆန် အများအပြား စားသုံးသည့် အထူးသဖြင့် မွေးကင်းစ ကလေးငယ်များအတွက် ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။ ၎င်းသုတေသနအသစ်က စည်းမျဉ်းချမှတ်သူများ ပိုမိုတင်းကျပ်သော သတ်မှတ်ချများ ထုတ်ပြန်လိုက်နာစေရန် ထပ်မံဖိအားပေးသင့်သည်ဟု သုတေသနပြုစုသူက ဆိုသည်။

 

စုပ်ယူမှု အားနည်းသည့် ဆန်စပါးမျိုးကွဲများ စိုက်ပျိုးခြင်း၊ စားသုံးသူများကို ဆန်အစားထိုး စားသုံးဖွယ်ရာများအကြောင်း ပညာပေးခြင်းတို့အပါအဝင် ဆန်စပါးမှ Inorganic arsenic ထိတွေ့စားသုံးခြင်းကို ကန့်သတ်နိုင်ရန် အလားအလာရှိသည့် ကြားဝင်ဆောင်ရွက်မှုများကိုလည်း သုတေသီများက ညွှန်ပြခဲ့သည်။

 

ဆန်က အမြဲလို အာဆင်းနစ် ပြဿနာရှိတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်က ဒါကို ပိုဆိုးအောင် လုပ်နေပါတယ်။” ဟု သုတေသန အစီရင်ခံစာ ရေးသားသူများအနက် တစ်ဦးဖြစ်သည့် Keeve Nachman က ပြောသည်။ ၎င်းသည် ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ကာ အစားအသောက်ထုတ်လုပ်ရေးနှင့် စားသုံးမှုများနှင့် ဆက်စပ်သော ကျန်းမာရေးအန္တရာယ်များကို ရေရှည် သုတေသနပြုလုပ်နေသူ တစ်ဦးလည်း ဖြစ်သည်။ "ဒါက လူတွေရဲ့ ထိတွေ့စားသုံးမှုကို ထိန်းချုပ်ဖို့ အကြောင်းတစ်ခုဖြစ်ပါတယ်။ နံပါတ် ၁ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို နှေးကွေးစေဖို့ ကျွန်တော်တို့ စွမ်းအားရှိသမျှ လုပ်သွားဖို့ ဖြစ်ပါတယ်။”

 

ကိုးကား - Inside Climate News

 

ပုံစာ - ၁၆ ရက် ဇန်နဝါရီလ ၂၀၂၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗား Malang တွင် ပင်လယ်စာနှင့် စားသုံးရန် ပြင်ဆင်ထားသည့် ထမင်းပွဲများ။ Aman Rochman/NurPhoto/Getty Images

Burma Associated Press

 

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်
ဆန်

Share With
bap-logo