Politics
ပုသိမ်ထောင်မှ အကျဉ်းသား မဲကြီး ပျောက်ဆုံးနေ၊ ထောင်ပြင်ပမှ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရ
လွန်ခဲ့သော ၃ နှစ် က
ပုသိမ်၊ ဇန်နဝါရီ ၈။
ပုသိမ်အကျဥ်းထောင်တွင် ထောင်ဆူပူမှုဖြစ်ပွားခဲ့ပြီးနောက် ရိုက်နှိက်ခံရသောအကျဥ်းသားများထဲက ဝင်းမင်းထက် (ခ) မဲကြီး ဆိုသူ ပျောက်ဆုံးနေဆဲဖြစ်ပြီး ထောင်ဆူမှုနှင့်ဆက်စပ်ကာ ထောင်ပြင်ပမှ အမျိုးသမီးတစ်ဦးအားလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သိရသည်။
အကျဉ်းထောင်၀န်ထမ်းများထံတွင် ရိုက်နှက်ခံရသော အကျဉ်းသား မဲကြီးသည် ပုသိမ်ထောင်အတွင်း ကြိုးစင်တည်ဆောက်မှုကိုကန့်ကွက်သူတစ်ဦးဖြစ်ပြီး ၎င်းအား စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်းများ၏ အကြမ်းဖက်ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့သည့် နိုင်/ကျဉ်း တစ်ဦးကိုလည်း ယနေ့ (ဇန်နဝါရီ ၇ ရက်)တွင် သင်္ဂြိုဟ်လိုက်ပြီဖြစ်သည်။
ဖြစ်စဉ်မှာ သေဒဏ်ချမှတ်ခံရသော အကျဉ်းသားတစ်ဦးဖြစ်သည့် ကျောင်းဆရာဆိုသူအတွက် ကြိုးစင် တည်ဆောက်နေမှုကို အကျဉ်းသားများက ကန့်ကွက်ရာမှ ဇန်နဝါရီ ၅ ရက် ညတွင် ထောင်ဆူပူမှု စတင်ခဲ့ပြီး ထောင်ဝန်ထမ်းများက အကျဉ်းသား ၈ ဦး ကို အချုပ်ခန်းအတွင်းမှ ခေါ်ဆောင်သွားကာ နှိပ်စက် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပုသိမ်ထောင်ရှိ နောက်ထပ် နိုင်ငံရေးအကျဥ်းသား ၆၀ ကျော်ကိုလည်း ထောင်၀န်ထမ်းများမှ ရိုက်နှက်ခဲ့ပြီး ခြေကျိုး၊ လက်ကျိုး၊ ဦးခေါင်ကွဲဒဏ်ရာရထားသူများကို ဆေးကုသခွင့်မပြုဘဲ ဖိနှိပ်ခံနေရသည်။
ပုသိမ်အကျဥ်းထောင်ထဲတွင် မတရားပြစ်ဒဏ်စီရင်ခံထားရသည့် နိုင်ငံရေးအကျဥ်းသား စုစုပေါင်း ၃၀၀ နီးပါး ရှိသည်။