Politics
ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်တိုက်ပွဲ ကြောင့် ဒေသခံ ၁,၅၀၀ ကျော် စစ်ဘေး ရှောင်နေရ
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၆
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်ဒေသတစ်လျှောက် ဖြစ်ပွားနေသည့် ထိတွေ့တိုက်ပွဲများ ကြောင့် ဒေသခံပြည်သူ ၁,၅၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်းသိရသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်များနှင့် K.T.L.A(Lion Battalion Commando-ဗျူဟာစစ်ကြောင်း)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F အပါအဝင် အခြားသောပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွါးနေသည်မှာ ၆ ရက် ကြာခဲ့ပြီဖြစ်သည်။
" စစ်ရေးအခြေအနေအသေးစိတ်ကို စောလျင်စွာထုတ်ပြန်ခြင်းသည် ရန်သူကိုပိုပြီးအားသာစေသည့်အတွက် မိမိတို့ Lion Battalion Commando-ဗျူဟာစစ်ကြောင်းအနေဖြင့် သတင်းထုတ်ပြန်ရာတွင် နောက်ကျမှုများ ရှိခဲ့သည်ကိုလည်း မိဘပြည်သူများအား နားလည်စေလိုကြောင်း" Lion Battalion Commando-ဗျူဟာ စစ်ကြောင်းက ဆိုသည်။
အထက်ပါ တိုက်ပွဲများတွင် ကာကွယ်ရေးတပ်များမှ ၆၀မမများ၊ ၄၀မမများနှင့် RPG စသော လက်နက်ကြီး များဖြင့်သာ ထိုးဖောက်တိုက်ခိုက်ခဲ့ရသော်လည်း၊ BGFနှင့် စစ်ကောင်စီတပ်များ ပူးပေါင်းနေထိုင်သည့် စခန်း(၂) ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉၀ ကျော် သေဆုံးခဲ့ပြီး ထပ်မံကျဆုံးသည့်စာရင်းကိုမူ အတည်ပြု နေဆဲဖြစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်တပ်မှ ကျေးရွာများသို့ ဦးတည်ကာ လက်နက်ကြီးများ ပစ်ခတ်ခဲ့ သဖြင့် အပြစ်မဲ့ဒေသခံပြည်သူ ၁,၅၀၀ ကျော်စစ်ဘေးရှောင်ခဲ့ရသည်။
"ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များလည်း ပျက်ဆီးခဲ့တယ်။ လိုအပ်သည့်လက်နက်ခဲယမ်းများကို ပြန်လည် ဖြည့်တင်းပြီး အခွင့်အခါသင့်သလို အကြမ်းဖက်စစ်တပ်အား တိုက်ခိုက်ချေမှုန်းနေမည် ဖြစ်ကြောင်း" ကို Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ထပ်မံအသိပေးထားသည်။
Burma Associated Press