Politics
အပစ်အခတ်ရပ် (၁)နှစ် သက်တမ်းတိုးပြီး ငါးရက်အကြာ စစ်ကောင်စီက NCA လက်မှတ်ထိုးထားသည့် KNU တပ်မဟာ ၆ ခရိုင်ရုံးကို ဗုံးကြဲ
လွန်ခဲ့သော ၃ နှစ် က
ကရင်၊ ဇန်နဝါရီ ၅။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေများနှင့် အပစ်အခတ်ရပ်စဲရေးသက်တမ်း ၁ နှစ်တိုးသည်ဟု ဒီဇင်ဘာ လကုန်တွင် ကြေညာခဲ့သည်။
ထိုသို့ စစ်ကောင်စီက ကြေညာပြီး (၅) ရက်မြောက်တွင် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ-၆၊ ခရိုင်ရုံးကို ယနေ့ ဇန်နဝါရီလ ၅ ရက်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယနေ့ နေ့လယ် ၁၁ နာရီ ဝန်းကျင်အချိန်တွင် ကေအဲန်ယူ၊ တပ်မဟာ-၆ ခရိုင်ရုံးကို ဗုံးကြဲခဲ့သည့်အတွက် ရုံးအဆောက်အဦးအချို့ ထိမှန်ပျက်စီးမှုရှိခဲ့သည်။
စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တိုင်းရင်းသား လက်နက်ကိုင် များအပေါ် အပစ်အခတ်ရပ်စဲမှုကို အတိအလင်းကြေညာထားခြင်း ဖြစ်သည်။
စစ်ကောင်စီ ဗုံးကြဲခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်-NCA ကို အစောဆုံးလက်မှတ်ထိုးလက်ထားသည့် နက်ကိုင်အဖွဲ့များတွင် ပါဝင်ပြီး ၂၀၁၅ ခုနှစ် ကတည်းက လက်မှတ်ထိုးထားသည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။
ယမန်နေ့ ဇန်နဝါရီလ ၄ ရက်၊ စိန်ရတု လွတ်လပ်ရေးနေ့တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ ၃၂ ၊ ခလရ ၂၈၃ နဲ့ ခလရ ၂၈၄ တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ကေအဲန်ယူ၏ အုပ်ချုပ်မှု ဆိုင်ရာရုံးများကို တုံ့ပြန်ဗုံးကြဲမှုများ ပြုလုပ်လာခြင်းဖြစ်သည်။
ကေအဲန်ယူ တပ်မဟာ-၆ နယ်မြေအတွင်း၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ တောင်စွန်း ဒေသများတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ပြီးခဲ့သည် နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွား နေသည်မှာ တစ်လနီးပါး ကြာမြင့်နေပြီဖြစ်သည်။
Burma Associated Press