Local News
KNLA က စစ်ကောင်စီ၏ စခန်း လေးခုကို တစ်နာရီအတွင်း သိမ်းပိုက်တိုက်ခိုက်
လွန်ခဲ့သော ၂ နှစ် က
ဧပြီ ၂၃။
ကရင်အမျိုးသားအစည်းအရုံး၊ မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်း လေးခုကို ဧပြီ ၂၂ ရက်တွင် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA တပ်မဟာ ၃ တပ်ပေါင်းစုက တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး စခန်း ၂ ခု ဖျက်ဆီးနိုင်ခဲ့သည်ဟု KNU-ဗဟိုက ထုတ်ပြန်သည်။
လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့်် ကျွန်းကုန်းစခန်း၊ မူးမြို့နယ်ရှိ နောင်ကုန်းစခန်းနှင့် ရန်မျိုးအောင် စခန်းများကို နံနက် ၄ နာရီခွဲမှ ၅ နာရီခွဲအထိ တစ်နာရီအတွင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
တစ်နာရီကြာမြင့်သည့် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူး တစ်ဦးအပါအဝင် တပ်သား ၁၆ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ KNLA တပ်ပေါင်းစုဘက်မှ ၁ ဦး ကျဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စခန်း လေးခုတွင် နယ်မြေခံတပ်များဖြစ်သော ခလရ-၆၀၊ ခမရ-၃၅၁အပြင် နောက်ထပ် အင်အားထမ်မံ ဖြည့်တင်းလာသည့် တပ်များဖြစ်သော တပ်မ-၇၇ နှင့် ခမရ-၅၉၈တို့ ပါဝင်သည်ဟု ဖော်ပြထားသည်။
တပ်ပေါင်းစုက ဆုတ်ခွာပြီးချိန်တွင် စစ်ကောင်စီက လယ်ဒိုမြို့နယ်ရှိ ညောင်တန်း၊ ညောင်ကုန်းနှင့် နရွဲပင် ကျေးရွာကြားကို ၁၀ မိနစ်ကြာ ဟယ်လီ ကော်ပတာ ၂ စီးဖြင့် ၄ ကြိမ် ဗုံးကျဲခဲ့ပြီးနောက် ဂျက်ဖိုက်တာ လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု ကေအဲန်ယူကဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်ရှိ ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး နေရကာ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်းလည်း ဆိုသည်။
ဓာတ်ပုံ - ကေအဲန်ယူ(ဗဟို)