Politics
ဖလမ်းမြို့နှင့် အထက်ချင်းတွင်းဒေသတွင် ရွေးကောက်ပွဲမလုပ်ရန် CNDF တားမြစ်
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၁၂
စစ်ကောင်စီက တရားဝင်အစိုးရဖြစ်ရေး ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် အထက်ချင်းတွင်းဒေသ၌ ကျင်းပခွင့် တားမြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ယမန်နေ့က ထုတ်ပြန်သည်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) စစ်ဌာနချုပ်ရုံးတွင် တပ်မဟာ ၄ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး လေးရက်တိုင်ကျင်းပသည့် အစည်းအဝေးပွဲတွင် ယင်းကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။
ထို့အပြင် စစ်ကောင်စီ၏ အတုယောင်ရွေးကောက်ပွဲအထမြောက်အောင် ကူညီဆောင်ရွက်နေသည့် မည်သည့် ပုဂ္ဂိုလ်မဆို CND/CNDF က ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
လက်နက်မဲ့ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ပြည်သူ့အိုးအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုများ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စစ်ကြောင်းထိုးနေသည့်အပြင် လေကြောင်းတိုက်ခိုက်ရေးဖြင့် ပြင်းထန်စွာတိုက်ခိုက်နေသော စစ်ကောင်စီအာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအပြီးတိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ယင်းအပြင် ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆုံးခန်းတိုင်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF) သတင်းထုတ်ပြန်သည်။