bap-logo
Politics

အပစ်အခတ်ရပ်စဲမည်ဆိုသည့် စစ်ကောင်စီ ပြောဆိုချက်သည် အလိမ်အညာသက်သက်ဖြစ်ကြောင်း ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ပြောဆို

T3t77UAH2_f_5skBchv-d-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၁၁

 

၂၀၂၃ နှစ်ကုန်ထိ အပစ်အခတ်ရပ်စဲမည်ဟု စစ်ကောင်စီ၏ ထုတ်ဖော်ပြောဆိုချက်သည် အလိမ်အညာ သက်သက်သာဖြစ်ကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကကောင်စီက ပြင်းထန်စွာ ရှုတ်ချ ပြောဆို ခဲ့သည်။

 

ချင်းအမျိုးသားတပ်ဦးဌာနချုပ် တည်ရှိရာ Camp Victoria စခန်းအားစစ်ကောင်စီက တိုက်လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို ယမန်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့ခြင်းနှင့် ဆက်စပ်ပြီး ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

" လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ရုံသာမက၊ နိုင်ငံတော်အာဏာကို စစ်တပ်က မတရား လုယူပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ချင်းလူမျိုးများအပါအဝင် တိုင်းရင်းသား ပြည်သူ လူထုတစ်ရပ်လုံး ရဲ့ သဘောထားနဲ့လိုလားချက်တွေကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုပြီး နိုင်ငံရေးနည်းလမ်းနဲ့ အဖြေမရှာ လိုသော စစ်ကောင်စီရဲ့ သဘောထားအမှန်ကို အတိအလင်း ဖော်ပြချက်လည်း ဖြစ်တယ်။ တစ်ဖက်မှာ ၂၀၂၃ ခုနှစ်ကုန်အထိ အပစ်အခတ်ရပ်စဲမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ဖော်ပြောဆိုချက်ဟာ အလိမ်အညာသက်သက်သာ ဖြစ်ကြောင်း ၎င်းတို့ကိုယ်တိုင်ဝန်ခံနေခြင်းပင် ဖြစ်တယ်" ဟု ယင်းကောင်စီက ဆိုသည်။

 

အထက်ပါ‌လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတပ်ဦးတပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့ပြီး၊ ဗုံးများ အနက် တစ်လုံးသည် အိန္ဒိယနိုင်ငံနယ်နိမိတ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

 

ထို့ပြင် Camp Victoria စခန်းအပါအဝင် ချင်းပြည်အတွင်းလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများသည် နိုင်ငံရေးအရ အလွန်ပင်မှားယွင်းသည့်လုပ်ရပ်ဖြစ်ပြီး၊ စစ်ကောင်စီကိုအမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုး များ၏ နာကြည်းမှုနှင့် ပိုမိုအားဖြစ်စေကြောင်းနှင့် စစ်ကောင်စီ၏ ဖိနှိပ်တိုက်ခိုက်မှုများကို ဆက်လက် တွန်းလှန်ခုခံသွားမည်ဖြစ်ကြောင်း ကောင်စီက ဆိုသည်။

 

စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်များအား တစ်နှစ်သက်တမ်းရှိ အပစ်အခတ်ရပ်စဲမှု ကြေညာချက် ကို ယခုနှစ်အစတွင် ကြေညာခဲ့ကာ၊ ကြေညာအပြီး ၁၀ ရက်အတွင်း NCA လက်မှတ် ထိုးထားသည့် ကရင် အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး (CNF) များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

Burma Associated Press

 

ချင်း
ချင်းအမျိုးသားတပ်ဦး
လေကြောင်းတိုက်ခိုက်မှု
စစ်တပ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်

Share With
bap-logo