Politics
လေလှိုင်းအစိုးရ မဖြစ်စေရေးခံယူချက်နှင့် လူထုယုံ ကြည်မှုရအောင် တိုက်တွန်းနိုင်ရမည် ဟု NUG ယာယီသမ္မတပြော
လွန်ခဲ့သော ၃ နှစ် က
ဘီအေပီ၊ ဇန်နဝါရီ ၁၀
NUG အစိုးရသည် လေလှိုင်းထဲမှ အစိုးရမဖြစ်စေရဆိုသည့်ခံယူချက်နှင့် ပြည်သူလူထု၏ ယုံကြည်မှု ရရှိအောင် စည်းရုံးနိုင်ရမည်ဟု ယာယီသမ္မတ ဒူဝါလရှီးလကပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက ယခုလို ပြောခဲ့ခြင်း ဖြစ်သည်။
" အထူးသဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာတစ်ခုက တော့ NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရ မဖြစ်စေရဘူးဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာလက် တွေ့ကျတဲ့ နိုင်ငံရေးအလုပ်တွေကိုလည်း လုပ်မယ်။ ဖြစ်သင့်တာတွေကို ဖြစ်နိုင်ချေရှိလာအောင်လည်းကြိုးစားကြမယ်။ အထူးသဖြင့် ပြည်သူလူထုကို လက်တွေ့ရလဒ်နဲ့ သက်သေပြချင်ပါတယ်" ဟု ယာယီသမ္မတက အစည်းအဝေးတွင် ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်တွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များသိသိသာသာထွက်ပေါ်ရန်အထူးမျှော်လင့်ကာ၊ နိုင်ငံရေးတွင် ဝါဒဖြန့်ချိရေးနှင့်စည်းရုံးရေးသည်အစိတ်အပိုင်းတစ်ခုအနေဖြင့်အရေးကြီးသော်လည်း လက်တွေ့နိုင်ငံရေးရလဒ်၊ လက်တွေ့ စစ်ရေးရလဒ်များနှင့် ပြည်သူလူထု ယုံကြည်မှုရရှိရန် စည်းရုံးတိုက်တွန်းထားသည်။
ထို့ပြင် NUG နှင့် မဟာမိတ်ဆက်ဆံရေးအားဖြင့် လက်တွဲထားသည့် တော်လှန်သောအစုအဖွဲ့များဆီမှ ထိုက်သင့်သည့် စစ်ရေးအထောက်အပံ့နှင့် စစ်ရေးအကူအညီများလည်း ရသင့်သလောက် ရရှိထားပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။
" ကျွန်တော်တို့ ယခုလျှောက်လှမ်းနေတဲ့ နွေဦးတော် လှန်ရေးမှာ ပြတ်သားတဲ့ နိုင်ငံရေးရည် မှန်းချက် တိတိကျကျ ရှိထားပါတယ်။ ဒီနိုင်ငံရေးရည်မှန်းချက်တွေဟာ ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ဖြစ်သလို ဖြစ်သင့် ဖြစ်ထိုက်တဲ့ နိုင်ငံရေးရလဒ်မျိုးလည်း ထွက်ဖို့လိုပါတယ်။ အဲသည့်အတွက် ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံး ဝိုင်းဝန်းကြိုးပမ်းနေကြတယ်လို့ ယုံကြည်ပါတယ်" ဟု ယာယီသမ္မတက ဆိုသည်။
လက်ရှိအချိန်တွင်ပြည်သူလူထုသည် အထွေထွေအကျပ်အတည်းဒဏ်ကို ခံစားနေရသည့်အတွက် တော်လှန်ရေးအပေါ် မည်သို့သဘောထားရှိသည်ကိုလည်းအထူးပြု စောင့်ကြည့်လေ့လာရန်လိုအပ်ကြောင်း၊ အမျိုးသားညီ ညွတ်ရေးအစိုးရ၏ စစ်ရေးစိုးမိုးဧရိယာများ ကျယ်ပြန့်လာသည်မှာလည်း တော်လှန်ရေး၏ အားသာချက်အဖြစ် ရှုမြင်ဖို့လိုအပ်ကြောင်း ယာယီသမ္မတက ထပ်မံတိုက် တွန်းခဲ့သည်။