Politics
လူဦးရေစာရင်းကောက်ယူရာတွင် ပါဝင်သူများကို အရေးယူမည်ဟု NUG ထုတ်ပြန်
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၁၀
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်း ကောက်ယူရာတွင် ပါဝင်သော အဖွဲ့အစည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်လိုက်သည်။
မြေပြင်လူဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက် အားပေးအားမြှောက်ပြု ဆောင်ရွက်ကြသည့် စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ၊ လဝကအဖွဲ့များအပါအဝင် အခြားမည်သည့်ဒေါက်တိုင်မဆို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် စစ်အုပ်စု၏ တစ်အိမ်တက်တစ်အိမ်ဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် ပြည်သူများ ပူးပေါင်းပါဝင်ခြင်းမရှိဘဲ ငြင်းဆန်ကြပါရန် မေတ္တာရပ်ခံကြောင်း ပါဝင်သည်။
စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော အုပ်ချုပ်ရေးအဖွဲ့များနှင့် လဝကအဖွဲ့များက အချို့သောနေရာများတွင် ဇန်နဝါရီ ၇ ရက်ကစတင်ပြီး လူဦးရေနှင့်သန်းခေါင်စာရင်းများကို အတင်းအကျပ် ကောက်ခံနေခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ အတွက် ဇန်နဝါရီလ ၉ ရက်နေမှ ၃၁ ရက်အထိ ၂၃ရက်ကြာ လူဦးရေစာရင်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။