Politics
ဒီပဲယင်း အရှေ့ခြမ်းကျေးရွာ ၁၅ ရွာကျော်မှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ
လွန်ခဲ့သော ၃ နှစ် က
ဒီပဲယင်း၊ ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိကျေးရွာများသို့ စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၁၅ ရွာကျော်မှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် အဆိုပါကျေးရွာများသို့ယခုလ ၂၃ ရက်မှ စတင်ကာစစ်ကြောင်းပြန်လည် ထိုးခဲ့ခြင်းဖြစ်ပြီး၊ ဒီဇင်ဘာလအတွင်းမှာလည်း အဆိုပါစစ်ကြောင်းများကြောင့်ကျေးရွာများမှ လူနေအိမ်ခြေ ၁၇၀၀ ကျော်မီးလောင်ပျက်စီးခဲ့သေးသည်။
" ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရသည်မှာ (၄) ရက်ခန့်ရှိပြီဖြစ်ပါ တယ်။ အကြမ်းဖက်စစ် ကောင်တပ်သား ၁၀၀ ခန့် ဝင်ရောက်စစ်ကြောင်းထိုးလာမှုကြောင့် ကျေးရွာ ၁၅ ရွာအထက်မှ ဒေသခံပြည်သူထောင်ချီ စစ်ဘေးတိမ်းရှောင်နေရပါတယ်" ဟုဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ ပြောသည်။
လက်ရှိစစ်ကြောင်းထိုးနေသည့်စစ်ကြောင်းမှာ ရေဦးမြို့နယ်မှဖြစ်ပြီး၊ ညောင်လှ၊ သရက်တော၊ ဝဲကြီး၊ လက်ယက်ကုန်း၊ မူးခံတွင်း၊ ညောင်ကြီးကုန်း၊ မဲအိုးမဲအိုး၊သစ်တုံ၊ မရကန်၊ တနယ် အစရှိသည့် ကျေးရွာများ ကိုစစ်ကြောင်းပြန်လည်ထိုးနေခြင်းဖြစ်သည်။
ယခုလ ၂၃ ရက်မှစတင်ကာ ရေဦးနယ်ရှိဆည်ကြီး၊ ဇိန့်ဇွန်းကျေးရွာများမှတစ်ဆင့် ဒီပဲယင်းအရှေ့ ဘက်ခြမ်းရှိ ကျေးရွာ များသို့စစ်ကြောင်းထိုးလာခြင်းဖြစ်ကာ၊ ဒေသခံပြည်သူများမှာလည်း အရေးပေါ် စစ်ဘေးတိမ်းရှောင် ခဲ့ရသည်။
" အကြမ်းဖက်စစ်ကြောင်းများကဆက်လက်တပ်စွဲနေသဖြင့်စစ်ဘေးရှောင်ပြည်သူများ နေအိမ်ပြန် ကပ်နိုင်ခြင်း မရှိသေးသဖြင့်အကူအညီများလုံလာက်စွာရရှိနိုင်ရန် အခက်အခဲများစွာ ကြုံနေရပါ တယ်" ဟု ယင်းအဖွဲ့ အစည်းက ထပ်မံဆိုထားသည်။
လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ဒီပဲယင်းအရှေ့ခြမ်းညောင်လှကျေးရွာမှတစ်ဆင့် မရကန်ရွာ ဝင်ရောက် ပြီးသည့်နောက်တွင်၊ အုန်းတပင်ကျေးရွာသို့ ဆက်လက်ဝင်ရောက်နေသည်ဟုသိရသည်။
Photo Credit- ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး
Burma Associated Press