Politics
အစ္စရေး နည်းပညာကုမ္ပဏီက MPT သို့ ကြားဖြတ်သူလျှိုဆော့ဖ်ဝဲလ်ရောင်းချရန် တင်ဒါအောင်မြင်ခဲ့
လွန်ခဲ့သော ၃ နှစ် က
အစ္စရေးနိုင်ငံမှ Cognyte ဆော့ဖ်ဝဲကုမ္ပဏီသည် ကြားဖြတ်သူလျှိုဆော့ဖ်ဝဲလ်များကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာမသိမ်းမီ မြန်မာအစိုးရကျောထောက်နောက်ခံပြု ဆက်သွယ်ရေးကုမ္ပဏီ MPT သို့ ရောင်းချရန် တင်ဒါအောင်မြင်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ၎င်းတို့ရရှိသည့် စာရွက်စာတမ်းများအပေါ် အခြေခံပြီး ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကာကွယ်ရေးနည်းပညာရောင်းချမှုကို ၂၀၁၇ ခုနှစ် အစ္စရေးတရားရုံးချုပ်၏ ဆုံးဖြတ်ချက်ဖြင့် တားဆီးခဲ့ ကြောင်း အခိုင်အမာပြောကြားထားသော်လည်း ကြားဖြတ်သူလျှိုဆော့ဖ်ဝဲလ် ရောင်းချရေး သဘောတူခဲ့ကြောင်း အစ္စရေးရှေ့နေချုပ်ထံ မကြာသေးမီက တင်သွင်းခဲ့သည့် တရားရေးဆိုင်ရာ တိုင်ကြားချက်တစ်ခုအရ သိရသည်။
ကြားဖြတ်သူလျှိုဆော့ဖ်ဝဲလ် သဘောတူညီချက်နှင့်ပတ်သက်သည့် တိုင်ကြားမှုကို ထင်ရှားသော အစ္စရေး လူ့အခွင့်အရေးရှေ့နေ Eitay Mack က ဦးဆောင်ပြီး သဘောတူညီချက်ကို ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုထားသည်။
Cognyte နှင့် အမည်ဖော်ပြထားခြင်းမရှိသော နိုင်ငံခြားရေးတာဝန်ရှိသူများအား “မြန်မာနိုင်ငံတွင် လူသား မျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများကို အားပေးကူညီနေကြောင်း” တိုင်ကြားချက်တွင် စွပ်စွဲထားသည်။
အဆိုပါတိုင်ကြားချက်အား လွှတ်တော်ဥက္ကဌဟောင်း၊ တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့် စာရေးဆရာ များ အပါအဝင် အစ္စရေးနိုင်ငံသား ၆၀ ၏ ကိုယ်စား တင်သွင်းခဲ့ခြင်းဖြစ်သည်။
ရိုက်တာသတင်းဌာနှင့် Mack တို့ကို Justice for Myanmar ပေးပို့သည့် စာရွက်စာတမ်းမှာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ တွဲစာများနှင့်အတူ ပြည်တွင်းအာဏာပိုင်များထံ ၂၀၂၁ ခုနှစ်တွင် ပေးပို့သည့် စာဖြစ်ပြီး Cognyte အား ကြားဖြတ်နည်းပညာတင်ဒါအောင်မြင်သည့် ကုမ္ပဏီအဖြစ် ဖော်ပြထားသည့်အပြင် ဝယ်ယူမည့်အမှာစာကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ထားကြောင်း သိရသည်။
ကြားဖြတ်သူလျှိုဆော့ဖ်ဝဲလ်ရရှိပါက စစ်ကောင်စီက ဆက်သွယ်ရေးနှင့် အင်တာနက်ကုမ္ပဏီများ အကူအညီ မယူဘဲ ဖုန်းခေါ်ဆိုမှု၊ မက်ဆေ့နှင့် အီးမေးလ်အပါအဝင် ဝက်ဘ်ဆိုက်သုံးစွဲမှုများ၊ အသုံးပြုသူများ၏ တည်နေရာ ကို ခြေရာခံနိုင်မည်ဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရိုက်တာသတင်းဌာန၏ မေးမြန်းမှုအပေါ် သက်ဆိုင်ရာ Cognyte၊ မြန်မာ စစ်ကောင်စီနှင့် MPT တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ခြင်းမရှိခဲ့ချေ။ MPT တွင် ရှယ်ယာ ပါဝင်သော ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI Corp နှင့် Sumitomo Corp တို့ကလည်း ဆက်သွယ်ရေး ကြားနည်းပညာနှင့် ပတ်သက်၍ အသေးစိတ်မသိရှိဟုဆိုကာ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
Cognyte နှင့် MPT ကြား သဘောတူညီချက် တိုင်ကြားခံရမှုနှင့်ပတ်သက်၍ အစ္စရေးတရားသူကြီးချုပ်ကလည်း တစုံတရာ တုန့်ပြန်ခြင်းမရှိခဲ့သကဲ့သို့ နိုင်ငံခြားရေး၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ကလည်း မှတ်ချက်ပေးခြင်း မရှိချေ။
Burma Associated Press