bap-logo
Politics

စစ်ကောင်စီက NUG ကို မဆက်ဆံဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ပြောလာ

NA5oUw0OTZ3km16BpK8NH-image

လွန်ခဲ့သော ၃ နှစ် က

ရန်ကုန်၊ ဇန်နဝါရီ ၁၃။

 

 

မြန်မာနိုင်ငံမှသက်ဆိုင်သူအားလုံးနှင့်စေ့စပ်ဆွေးနွေးပြီး မြန်မာ့အရေးဖြေရှင်းနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း အာဆီယံအထူးကိုယ်စားလှယ် ပြောကြားချက်အပေါ် အထူးကိုယ်စားလှယ် အနေဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရအား ဆက်ဆံခြင်းမပြုရန် စစ်ကောင်စီ ယနေ့ ထုတ်ပြန်လာသည်။

 

 

မြန်မာပြည်တွင်း လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အရပ်ဘက်နေရာများအား ဗုံးကြဲတိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း နှင့် ကျေး ရွာများအား မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်ကျူးလွန်မှုလုပ်ရပ်များစွာ ပြုလုပ်နေသည့် စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရအား ‘အကြမ်းဖက်’ အဖွဲ့အစည်းဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး အာဆီယံ အထူး ကိုယ်စားလှယ်အနေဖြင့် ယင်းအဖွဲ့အစည်းအား ဆက်ဆံခြင်းမပြုရန် ထုတ်ပြန် လာခဲ့ခြင်းဖြစ်သည်။

 

 

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံကတာဝန်ယူပြီးနောက် အာဆီယံအထူး ကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက တာဝန်ရယူခဲ့ကာ မြန်မာ့အရေး ဖြေရှင်းရန် သက်ဆိုင် သူများနှင့်တွေ့ဆုံရာတွင် အမျိုးသားညီညွတ်ရေးအစိုးရပါဝင်ရန်လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ ခြင်းဖြစ်သည်။

 

 

ထို့ပြင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်အား စစ်ကောင်စီမှ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသေးသည့်အပေါ် ၎င်းက အသိပေးပြောကြားခဲ့သည်။

 

 

ယင်းသို့ပြောကြားမှုအပေါ် စစ်ကောင်စီ မူငါးချက်ကအား ပြည်တွင်းရေးမစွက်ဖက်ရေး အခြေခံမူနှင့် အညီ လုပ်ဆောင်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

 

 

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဌသည် အင်ဒိုနီးရှားနိုင်ငံဖြစ်သောကြောင့် မြန်မာအရေးနှင့် ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီ ငါးချက်အပြင် တိုးတက်သောအပြောင်းအလဲများ ထွက်ပေါ်လာရန် ဒေသတွင်းက မျှော်မှန်းထားကြသည်။

 

 

ပြီးခဲ့သည့်နှစ်က မြန်မာ့အရေးဆွေးနွေးရန် အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Park Sokhon သည် မြန်မာနိုင်ငံကို နှစ်ကြိမ်တိုင်လာရောက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့် မရခဲ့ပေ။

 

 

ပုံစာ။ အာဆီယံအထူးကိုယ်စားလှယ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး

ဓာတ်ပုံ ။ AP

 

Burma Associated Press

 

အာဆီယံ
အာဆီယံ အထူးသံတမန်
စစ်ကောင်စီ

Share With
bap-logo