Politics
စစ်ကောင်စီမီးရှို့မှုကြောင့် အဘိုးအိုနှစ်ဦး မီးလောင်ကျွမ်း သေဆုံး
လွန်ခဲ့သော ၃ နှစ် က
ဒီပဲယင်း၊ ဇန်နဝါရီ ၁၀
ဒီပဲယင်း၊ အင်တိုင်းလေးကျေးရွာကို စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ရာတွင် အသက် ၈၀ ကျော် အဘိုးအိုနှစ်ဦး မီးလောင်သေဆုံးသွားကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များထံမှ သိရသည်။
အင်းတိုင်လေးကျေးရွာမှ အသက် ၈၅ နှစ်ရှိသည့် အဘိုးအိုတစ်ဦး နှင့် ဆပ်ပြာကျင်းကျေးရွာမှ အသက် ၈၄ နှစ်အရွယ်ရှိ အဘိုးအိုတစ်ဦးတို့ မီးလောင်ကျွမ်း သေဆုံးခဲ့ခြင်း ဖြစ်ကာ ၎င်းတို့၏ရုပ်အလောင်းများ ယမန်နေ့က တွေ့ရှိရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်အဖွဲ့ထံမှ သိရသည်။
ကျေးရွာများမီးရှို့ခံရချိန်တွင် အဘိုးအိုတို့သည် ကျန်းမာရေးမကောင်းသဖြင့် ထွက်ပြေးတိမ်းရှောင် နိုင်ခြင်း မရှိဘဲ မီးထဲ၌ လောင်ကျွမ်း သေဆုံးခဲ့ခြင်းဖြစ်သည်။
"ကျေးရွာနေပြည်သူအနေနဲ့ ကျေးရွာအတွင်း သက်ကြီးရွယ်အိုတွေအပေါ် ဂရုတစိုက်နဲ့ စစ်ဘေးရှောင် ကြတဲ့ အခါ အပါခေါ်ဆောင်သွားဖို့တိုက်တွန်းလိုပါတယ်" ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်မှ အင်းတိုင်းလေးကျေးရွာနှင့် ချောင်းနားကျေးရွာများအား မီးရှို့ဖျက်ဆီးချိန်တွင် ဘေးလွတ်ရာ တောထဲသို့ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိဘဲ ရွာအတွင်းပုန်းအောင်နေပြီး ထိတ်လန့်စွာ ကျန်ရစ် နေသည့် သက်ကြီးရွယ်အိုများရှိကြောင်း ၊ သက်ကြီးရွယ်အိုတချို့နှင့် ကိုယ်ဝန် ဆောင်တချို့အား ဘေးလွတ်ရာ သို့ ရွှေ့ပြောင်း ပေးနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ယခုရက်ပိုင်းအတွင်း ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၁၀ ရွာကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ပုံစာ။ စစ်ကောင်စီ မီးရှို့ခဲ့သည့် နေအိမ်များအား မီးငြှိမ်းသတ်နေစဉ် ။
ဓာတ်ပုံ။ ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့