Opinion
နိုင်ငံတကာခုံရုံးက အမှုတွေကြောင့်ပါ ဖိအားတွေတိုးလာတဲ့ မြန်မာစစ်တပ်
လွန်ခဲ့သော ၂ နှစ် က
(ဘာသာပြန်)
ရိုဟင်ဂျာအရေးနဲ့စပ်လျဥ်းကာ မြန်မာကို ICJ မှာတရားစွဲဆိုထားတဲ့ ဂမ်ဘီယာ နိုင်ငံကို ထောက်ခံဖို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှာ နိုင်ငံအများက ကြားဝင်လာခဲ့ပါတယ်။
မြန်မာမှာခုဖြစ်ပွားနေတဲ့ စစ်မြေပြင်အခြေအနေတွေက အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်မတော်ကို ဟန်ချက် အရွေ့တွေဖြစ်စေခဲ့ပြီး ဒီဖြစ်ရပ်တွေကပဲ စစ်တပ်ကို ICJ နဲ့ အခြားသော နိုင်ငံတကာ တရားရုံးတွေမှာ ရာဇဝတ်ကြောင်းဆိုင်ရာတရားစွဲဆိုမှု တွေအပေါ် သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါ တယ်။
ICJ ဖွဲ့စည်းပုံ အပိုဒ် ၆၃ အရ ရိုဟင်ဂျာအမှုမှာ ဂမ်ဘီယာ ဖက်က ထောက်ခံကာကြားဝင်လာတဲ့ ဖြစ်ရပ် နှစ်ခုဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့က ဖြစ်ခဲ့ပြီး ပထမ ဖြစ်ရပ်က မော်လဒိုက် နိုင်ငံဖြစ်ကာ၊ နောက်ဖြစ်ရပ်ကတော့ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ဗြိတိန် နိုင်ငံတွေပူးတွဲကာ ကြားဝင်လာခြင်းဖြစ်ပါတယ်။
ဒီကြားဝင်မှုတွေကိုသာ ခွင့်ပြုခဲ့မယ်ဆိုရင် တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ အမှုဖြစ်ပွားနေတဲ့ ဂမ်ဘီယာနဲ့ မြန်မာကိုသာမက ကြားဝင်လာတဲ့ နိုင်ငံ အားလုံးအပေါ်မှာကိုပါ စည်းနှောင်အား ရှိလာမှာဖြစ်ပါတယ်။ (ICJ ဖွဲ့စည်းပုံ အပိုဒ် ၆၃ က တရားရုံးရဲ့ဆုံးဖြတ်ချက်မှာအကိုးအကားပြုမယ့် အပြည်ပြည် ဆိုင်ရာစာချုပ်တစ်စောင်ကို ပါဝင်လက်မှတ်ထိုးထားတဲ့အဖွဲ့ဝင်နိုင်ငံတွေဟာ အငြင်းပွား နေဆဲအမှုမှာ ကြားဝင်နိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ပြဌာန်းထားပါတယ်။ ဘာသာပြန်သူ၏ ဖြည့်စွက်ချက်။)
၂၀၁၇ ခုနှစ်၊ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး ၆ နှစ်အကြာ၊ ဂမ်ဘီယာနိုင်ငံက ICJ မှာ မြန်မာကို တရားစစွဲအပြီး ၄ နှစ်အကြာမှာ ဖြစ်ပေါ်လာတဲ့ ယခုကဲ့သို့သော ပြည်ပ နိုင်ငံတွေရဲ့ဥပဒေကြောင်းအရ ကြားဝင်လာခြင်းဟာ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်က ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကို တိုးပွားလာစေ ပါတယ်။
ရိုဟင်ဂျာအမှုမှာ ဂမ်ဘီယာဖက်ကနေ ပါဝင်ကြားဝက်လာတဲ့ နိုင်ငံတွေမှာဆိုရင် ကုလ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ပြင်သစ် နဲ့ ဗြိတိန်တို့အပြင် ဥရောပအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျာမနီလို နိုင်ငံတွေလည်းပါနေပါတယ်။
သို့ပေမယ့်လည်း မြန်မာမှာ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်ကျူးလွန်တဲ့အမှုတွေ၊ လူမျိုးသုဉ်းသတ်ဖြတ်မှု တွေနဲ့ စပ်လျဉ်းပြီး အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က ဂျာမနီနိုင်ငံမှာ နိုင်ငံလုံးဆိုင်ရာ တရားစွဲဆိုမှုတစ်ခု တင်သွင်းခဲ့တာကို ဂျာမနီ ရှေ့နေချုပ်က လက်ခံဖို့ငြင်းပယ်ခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူတွေမှာ မင်းအောင်လှိုင်နဲ့ ဂျာမနီနိုင်ငံကလူတွေ ပါဝင်မှုမရှိခြင်းနဲ့ မြန်မာအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားကဲ့သို့သော နိုင်ငံတကာတရားစီရင်ရေး လုပ်ငန်းစဉ် တွေမှာလည်း ဂျာမနီနိုင်ငံရဲ့ ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ချက်တွေ ရှိခြင်းတို့ကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ယင်းအမှုကိုလက်မခံရခြင်းဖြစ်ကြောင်း ဂျာမနီ ရှေ့နေချုပ်က ဆိုခဲ့ပါတယ်။
မြန်မာစစ်တပ်အပေါ် နိုင်ငံတကာတရားစီရင်ရေးဖြစ်စဥ်တွေ ယခုကဲ့သို့ဖြစ်ထွန်းလာတဲ့ တစ်ချိန် တည်းမှာပဲ အာဏာသိမ်းစစ်အုပ်စုကို အထိနာစေတဲ့ ကပ်ဘေးဆိုက်မှုတွေကို မြန်မာစစ်တပ်ဟာ စစ်မြေပြင်မှာ ရင်ဆိုင်နေရပါတယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာမှာ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖေါ်က စတင်ဆင်နွဲခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ မှာဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ရှမ်းပြည်မြောက်ပိုင်းရဲ့ အဓိက နယ်စပ်မြို့နှစ်မြို့နဲ့ စစ်ကင်းစခန်း ပေါင်း ၁၂၀ ကျော်ကို သိမ်းပိုက်ရရှိခဲ့ကာ အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်မတော် အပေါ်ကို အသာစီးရနေပါတယ်။
ယင်း ထိုးစစ်ဆင်ဆင်နွှဲမှုကို ကရင်နီနဲ့ ကရင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ကလည်း စစ်တပ်ရဲ့စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခြင်းဖြင့် ပူးပေါင်းပါဝင်လျက် ရှိပါတယ်။ အဓိက ထိုးစစ်ဆင်မှု တစ်ခုကတော့ စစ်ကိုင်းမှာ pdf မဟာမိတ်တပ်တွေက ကောလင်းကို သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး ကောလင်းဟာ အရပ်ဖက်အုပ်ချုပ်ရေးကို ပြည့်ပြည့်ဝဝ လည်ပတ်နိုင်မယ့် ပထမဆုံးခရိုင်အဆင့်မြို့ ဖြစ်ကြောင်း ဒီဇင်ဘာ အစောပိုင်းက NUG က ကြေငြာခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖေါ် ထဲက တစ်ဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်မတော် (AA)ဟာ စစ်တပ်နဲ့ ရယူထားတဲ့ တစ်နှစ်ကြာအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ အလယ်ပိုင်းမှာပဲ ချိုးဖေါက်ခဲ့ ပါတယ်။ နယ်စပ်ကင်းစခန်းတွေနဲ့ အဓိကမြို့ကြီး လေး မြို့ကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး လူ သောင်းနဲ့ ချီကာ နေရပ်ရွှေ့ပြောင်းစစ်ဘေးရှောင်ခဲ့ရပါတယ်။ ရခိုင် နဲ့ တဆက်တည်းဖြစ်တဲ့ ချင်း ပြည်နယ်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ မြို့နှစ်မြို့ကို သိမ်းပိုက်ရရှိခဲ့ကာ သောင်းနဲ့ချီတဲ့ ရွာသားတွေဟာ အိန္ဒိယဖက်ကို ထွက်ပြေးရှောင်တိမ်းခဲ့ရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ယခုကဲ့သို့သောတိုက်ခိုက်မှုဟာ ပြည်တွင်းစစ်ကို သိသာ ထင်ရှားတဲ့ အရွေ့တစ်ခုဖြစ်စေခဲ့ပါတယ်။ မြန်မာမှာ စစ်အာဏာသိမ်းခံရပြီးနောက် ကမ္ဘာ့သတင်း ခေါင်းစီးတွေဖြစ်ခဲ့တဲ့ ယူကရိန်းကို ရုရှရဲ့ကျူးကျော်စစ်၊ နောက် မကြာသေးမီကဖြစ်ခဲ့တဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း အရေးတွေကနေ မြန်မာ့လက်နက်ကိုင်ပဠိပက္ခဟာ ကမ္ဘာ့နိုင်ငံရေးမှာ ဘေးဖယ်ခံထားရတဲ့ ပဠိပက္ခဖြစ်နေပါတယ်။
ပဠိပက္ခအလွန်အရပ်သားအစိုးရရဲ့သဘောသဘာဝနဲ့စပ်လျဉ်းတဲ့ ပြဿနာက ဒီသဘောထားအရွေ့နဲ့ တွဲလျက်ရှိ နေပါတယ်။ အဝေးရောက် NUG အစိုးရက တိုင်းပြည်အာဏာပြန်ရတာနဲ့ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်ဖို့အလေးဂရုပြုပြောထားပါတယ်။ သို့ပေမယ့်လည်း ဗမာ အများစုပါဝင်ဦးဆောင်တဲ့အစိုးရတွေကို တိုင်းရင်းသားလက်နင်ကိုင်တပ်ဖွဲ့တွေက ထပ်တလဲလဲ ကို စိတ်ပျက်ခဲ့ရပါတယ်။ ယခု မြန်မာစစ်တပ်မှာ အဓိက လွှမ်းမိုးပါဝင်နေသူတွေနဲ့ NUG က အများစုကလည်း ဗမာ တွေပဲဖြစ်ကြပါတယ်။
အကယ်၍များ လက်ရှိအတိုင်းဆက်ဖြစ်နေမယ်ဆိုရင်တော့ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို တည်ထောင်ဖို့ NUG ရဲ့လွှမ်းမိုးနိုင်စွမ်းကို အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက သေးနုပ်သွားစေနိုင်ပါတယ်။ စစ်တပ်အုပ်ချုပ်မှုအလွန်ကာလတွေမှာ ရခိုင့်တပ်မတော်က ၎င်းတို့ရဲ့မျှော်မှန်းချက်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုတည်ထောင်နိုင်ဖို့ NUG ကို ၎င်းတို့ရဲ့ လက်တစ်ကမ်းအကွာမှာဆက်လက်ထားရှိနိုင်ပါသေးတယ်။ သို့ပေမယ့်လည်း ဒီရွေးချယ်မှု တွေကလည်း အတော်လေးအလှမ်းကွာဝေးနေပါသေးတယ်။
မြန်မာရဲ့စစ်ခေါင်းဆောင်တွေကလည်း ၎င်းတို့အပေါ်ဆန့်ကျင်စွဲဆိုထားတဲ့ နိုင်ငံတကာတရားရုံးက အမှုတွေကို ရော၊ အကယ်၍များ ယင်းအမှုတွေမှာ၎င်းတို့ရှုံးနိမ့်ခဲ့ရင်ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ဖြစ်ရပ်တွေကို ပါ သတိမှုမိပါတယ်။ စစ်တပ်က ၎င်းတို့လက်ထဲ အာဏာဆက်လက်မြဲနေဖို့အတွက် ၎င်းတို့အင်အားနည်းတဲ့ (သို့မဟုတ်) ထိပ်တိုက်တွေ့ ဆုံမှုတွေရှိနေတဲ့ နယ်စပ်စခန်းတွေကနေ ဗျူသာကျကျတပ်ဆုတ်ခြင်းတို့အပါအဝင် ဗျူဟာအမျိုးမျိုးကို ချမှတ်နိုင်ပါသေးတယ်။ ဒါပေမယ့်လည်း တိုင်းရင်းသား တွေဖက်က ပြန်လည်နိုးကြားလာတဲ့ဆန့်ကျင်မှုတွေကို ရင်ဆိုင်ရာမှာ စစ်တပ်အတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတွေ လျော့နည်းလာပါတယ်။
မင်းအောင်လှိုင်အနေနဲ့ နေပြည်တော်မှာတောင် ဘေးမကင်းနိုင်ကြောင်းကို မြန်မာ မှာ ပြီးခဲ့တဲ့ နှစ်လအတွင်း အဖြစ်အပျက်တွေက ပြောနေပါတယ်။ အစောပိုင်းနေ့တွေမှာတော့ အတိုက်အခံတွေရဲ့ အောင်ပွဲက တိုတောင်းလာပြီး အလားအလာရှိတဲ့ ဘယ်သဘောတူညီချက်ကိုမဆို လက်ခံနိုင်လောက်တဲ့ အရှိန်အဝါတစ်ခုအနေနဲ့ မင်းအောင်လှိုင်ရဲ့လွတ်မြောက်မှုကို စစ်တပ်ထဲက ပြိုင်ဖက်တွေက မြင်နိုင်ကောင်း မြင်လာနိုင်ပါလိမ့်မယ်။ မင်းအောင်လှိုင်က သူ့ရဲ့အငြိမ်းစား ကာလတွေကို ဂျာမနီ နဲ့ နယ်သာလန်ကို အလည်အပတ် သွားတာနဲ့ပဲ ကောင်းကောင်းမွန်မွန် ကုန်ဆုံးဖြစ်ပါလိမ့်မယ်။ (မင်းအောင်လှိုင်က ၎င်းရဲ့အရှိန်အဝါကိုသုံးပြီး တော်လှန်ရေး လက်နက်ကိုင် တပ်တွေနဲ့ သဘောတူညီချက်ယူကာ ပြည်တွင်းမှာ လွတ်မြောက်နိုင်ပေမယ့် ဂျာမနီနဲ့ နယ်သာလန်ရှိ နိုင်ငံတကာခုံရုံးတွေမှာ မင်းအောင်လှိုင်အနေနဲ့ အမှုဆက်လက်ရင်ဆိုင်ရမှာကို ဆိုလိုပါတယ်။ (ဘာသာပြန်သူ။)
(East Asia Forum က Adam Simpson ရဲ့ "Myanmar military under pressure as legal jeopardy builds" ကိုဘာသာပြန်ဆိုသည်။ )
ပုံစာ - ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ်၊ မောင်တောတွင် ရိုဟင်ဂျာများအစုအလိုက်အပြုံလိုက် ထွက်ပြေးမှုကို ဖြစ်စေခဲ့သည့် စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် စစ်သားတစ်ဦး
Burma Associated Press