bap-logo
Politics

ကန့်ဘလူရွာ ၉ ရွာမှ လူနေအိမ် ၂၃၃ လုံးကို စစ်ကောင်စီမီးရှို့ဖျက်ဆီး၊ ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့

brqjGo2aqAh91aWXcU9VS-image

လွန်ခဲ့သော ၃ နှစ် က

ကန့်ဘလူ၊ ဇန်နဝါရီ ၃။

 

 

ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာပေါင်း ၉ ရွာမှ လူနေအိမ် ၂၃၃ လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည့်အပြင်၊ ဒေသခံပြည်သူ ၅ဦးကိုလည်း အကြောင်းမဲ့ သတ်ဖြတ် ခဲ့ကြောင်းသိရသည်။

 

" ကန့်ဘလူမြို့နယ် ဇီးပင်သာရွာက ခြောက်တန်းကျောင်းသား မောင်သုတဇော်ကို စစ်ကောင်စီ တပ်သားတွေက သေနတ်နဲ့ပစ်သတ်ခဲ့တယ်။ အဲ့ဒါအပြင် ဂါးဂလော်ရွာကအမျိုးသား ၄ ဦးကိုလည်းသတ်ဖြတ်ခဲ့တယ်" ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှဆိုသည်။

 

ကန့်ဘလူမြို့နယ်မှ မီးရှို့ဖျက်ဆီးခံခဲ့ရသည့်ကျေးရွာများမှာ ချောင်ကြား၊ ပင့်သာ၊ ဝက်သအင်း၊ ဆူးတပ်၊ လွှဲဆိပ်၊ လက်ခုပ်ကုန်း၊ ဘော၊ ဂါးဂလော်နှင့် မြိုင်သာယာကျေးရွာတို့ဖြစ်သည်။

 

စစ်ကောင်စီမှ အဆိုပါကျေးရွာ ၉ ရွာကိုမီးရှို့ဖျက်ဆီးရာတွင် ဂါဂလော်ရွာကို ၂ကြိမ် တိုင်တိုင်မီးရှို့ခံ ခဲ့ရကာ၊ ဝက်သအင်းရွာသည် မီးရှို့ခံရမှုအများဆုံးဖြစ်ကြောင်း၊ ၎င်းရွာများကိုဝင်ရောက်ရာတွင် စစ်ကောင်စီ အဖွဲ့များ အပြင် လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့များလည်း ပါဝင်ကြောင်း ၎င်းအဖွဲ့ထံမှသိရသည်။

 

မီးရှို့ခံရမှုအများဆုံးဖြစ်ခဲ့သည့် ဝက်သအင်းရွာသည်လူနေအိမ်ခြေ ၇၅ လုံးရှိပြီး၊ ၄၄ လုံးမီးလောင်ပြာ ကျခဲ့ကာ စပါးကျီ ၃ လုံးလည်းနှင့် ဒေသခံများ၏ စိုက်ပျိုးရေးသုံးပစ္စည်း များလည်းပါဝင်ကြောင်း၊ ၂ ကြိမ်တိုင် မီးရှို့ခံခဲ့ရသည့် ဂါးဂလော်ရွာမှ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် ကျေးလက်ဆေးပေးခန်း ၁ ခုကိုလည်း ဖျက်ဆီးခဲ့သည်။

 

ထို့အပြင်စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်များ၏ ကျေးရွာများကို ဝင်ရောက်ပစ်ခတ်၊ စီးနင်း၊ မီးရှို့ဖျက်ဆီး မှုများကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရသည့် စစ်ရှောင်ပြည် သူများသည်မြွေဆိုး အန္တရာယ်များနှင့်လည်း ရင်ဆိုင်နေခဲ့ရကြောင်းသိရသည်။

 

ဓာတ်ပုံ ။ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

Burma Associated Press

 

စစ်ကိုင်း
ကန့်ဘလူ
စစ်ကောင်စီ
အရပ်သား
မီးရှို့ခံရ
အသတ်ခံရ
သေဆုံး
ပျူစောထီး

Share With
bap-logo