bap-logo
Politics

စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့များနှင့် နီးသည့်နေရာတွင် ဘတ်စ်ကားရပ်ပါက ဖမ်းဆီးခံနေရ

Lmr4dQjwO7O8UbH2QG7cN-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၁၇

 

ရန်ကုန်တွင် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့များ ချထားသည့်နေရာ သို့မဟုတ် လုံခြုံရေးတပ်ဖွဲ့များ ရှိသည့် နေရာတွင် ဘတ်စ်ကားရပ်မိပါက ဖမ်းဆီးမှုများ ရှိနေသည်ဟု မြို့နေပြည်သူများထံမှ သိရသည်။

 

စစ်ကောင်စီတပ်က ၎င်းတို့၏ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်ဖြင့် တားမြစ်ထားသည့် ကားမှတ်တိုင် များတွင် ရပ်မိသည့် ဘတ်စ်ကားများ ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံရမှုများရှိနေကြောင်း YBS စီးနေသည့် ပြည်သူ အချို့က ပြောသည်။

 

"သာကေတရဲစခန်းရှေ့နားကမှတ်တိုင်က ဟိုအရင်ကတည်းကရပ်နေကြနေရာ အဲဒီနေရာရပ်ဖို့ ပြောတာ ကားသမားကမရပ်ရဘူးတဲ့။ မနေ့ကသူတို့ဂိတ်က ကားတစ်စီး မနေ့ကအဖမ်းခံရတယ်။ အဲ့တာကြောင့် ကားတွေ မရပ်ရဲဘူး။ မှတ်တိုင်ဖျက်တယ်ဆိုလဲ တရားဝင်စာကပ်ထားရင် တော်သေးတယ်။ ခုက  ငွေလိုချင်လို့ လုပ်နေတဲ့ သဘောပဲ။ ပြည်သူတွေအဆင်ပြေတာ မပြေတာ သူတို့မသိဘူး။ လုပ်ချင်တာ လုပ်နေကြတာ" ဟု YBS စီးသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

 

ရန်ကုန်မြို့ လူစည်ကားရာနေရာတွင် ပြည်သူတွေအများစု အသုံးပြုနေသည့် ဘတ်စ်ကားမှတ်တိုင်များ ဖြစ်သည့် မြို့တော်ခန်းမနှင့် မျက်နှာချင်းဆိုင်ရှေ့ရှိ မဟာဗန္ဓုလပန်းခြံမှတ်တိုင်၊ လှိုင်မြို့နယ်  လျှပ်စစ် မီတာရုံးအနီးရှိ ဘူတာရုံ မှတ်တိုင်၊ သာကေတရဲစခန်းအနီးရှိ စာတိုက်မှတ်တိုင်နှင့် မြို့နယ်အချို့မှ ရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများ အနီးရှိ ကားမှတ်တိုင်များတွင် ကားရပ်ခွင့်မရှိဘူးဟု တားမြစ်မှုများ ရှိနေခြင်းဖြစ်သည်။

 

တားမြစ်ထားသည့် မှတ်တိုင်တွင်ရပ်မိသည့်ကားများ၏ ယာဥ်မောင်းများကို ခေါ်ယူစစ်ဆေးပြီး အချို့ကို ဒဏ်ငွေ ရိုက်၍ ဝန်ခံလက်မှတ်ထိုးစေခြင်းများ လုပ်နေသည်ဟု ယာဥ်မောင်းများက ပြောသည်။

 

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် စက်တက်ဘာလ ၂၇ ရက် ညတွင် လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးရှေ့ရှိ စစ်ကောင်စီ တပ်ဖွဲ့၀င်များ ရှိနေသည့် ဘန်ကာ ဗုံးဖြင့်ပစ်ခတ်ခံရပြီး စစ်ကောင်စီအဖွဲ့၀င်အချို့ ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ဘူတာရုံလမ်းမှတ်တိုင်တွင် ကားမရပ်ရန် တားမြစ်ခဲ့ခြင်းဟု နေထိုင်သူများထံမှ သိရသည်။

 

"မဟာဗန္ဓုလပန်းခြံမှတ်တိုင်နေရာမှာတော့ ရပ်ခွင့်မရှိဘူး။ အရင်ဒီပန်းခြံရှေ့က ဂိတ်စတဲ့ကားတွေဆို ပန်းဆိုးတန်း မှတ်တိုင်ဘက်ထိသွားစီးရတယ်။ ပစ္စည်းတွေပါသူဆို လမ်းလျောက်ရတာ မလွယ်ဘူး။ တစ်မှတ် တိုင်စာ လမ်းလျောက်ရတာပေါ့။ ခန်းမဘေးနှစ်ဘက်စလုံးမှာလဲ သူတို့လုံခြုံရေး ကားတွေရော အရှေ့ဘက်က ဧမာနွေလဘုရားကျောင်းဘက်လမ်းတွေပါ အကုန်ပိတ်ထားတာ။ ပြည်သူတွေ အခက်အခဲ ဖြစ်ရတာ သူတို့ ထည့်မတွက်ဘူး။ လူရှိလို့ရပ်ပေးရင်တောင် ဖမ်းနေတော့ မရပ်ရဲကြဘူး"လို့ YBS စီးသူ ပြည်သူတစ်ဦးက ပြောသည်။

 

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ယာဥ်လိုင်းပေါင်း ၁၂၀ ကျော်ရှိပြီး မြို့တော် ခန်းမရှေ့ရှိ မဟာဗန္ဓုလ ပန်းခြံ မှတ်တိုင်ရှေ့တွင် ရပ်သည့်ယာဥ်လိုင်း ၁၀ လိုင်းကျော်ရှိနေခြင်းကြောင့် ထိုနေရာတွင် မှတ်တိုင် ဖျက်သိမ်းခြင်း သည် ခရီးသွားပြည်သူများအတွက် အခက်အခဲများကြုံနေရသည်ဟု နေထိုင်သူများက ပြောသည်။

 

Burma Associated Press

 

 

YBS ဘတ်စ်ကား
မြန်မာ
စစ်ကောင်စီ

Share With
bap-logo