bap-logo
Politics

ရခိုင်တွင် လူသားချင်းစာနာမှု အကူအညီများ ကန့်သတ်နေရာတွေမှာသာ လုပ်ဆောင်နေရ

9uQh-AcIVgkPCkZqvY5B_-image

လွန်ခဲ့သော ၃ နှစ် က

ရခိုင်၊ ဇန်နဝါရီ ၁၃

 

ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပြန်လည်စတင်နေသော်လည်း ကန့်သတ် နေရာများတွင် အကူအညီပေးနေရကြောင်း UNOCHA Myanmar မှသိရသည်။

 

ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီကြား အလွတ်သဘော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ဆက်လက်တည် တံ့နေသော်လည်း အခြေအနေသည်ထိ လွယ်ရှလွယ်ဖြစ်နေဆဲ ဖြစ် ကြောင်း ယင်းအဖွဲ့အစည်းကဆိုသည်။

 

ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဆက်ကားလမ်းဟာ ပိတ်ထားခံရဆဲဖြစ်သလို၊ နှစ်ဖက် စစ်ဆေးရေးဂိတ်တွေ ဆက်လက်တည်ရှိနေပေမယ့် အရေးပါတဲ့လမ်းမကြီးတွေနဲ့ မြစ်ကြောင်းများတစ်လျှောက် ကုန်စည် ပို့ဆောင်ရေးနဲ့ အရပ်ဘက် အသွားအလာတွေ ပြန်လည်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်" ဟု ယင်းအဖွဲ့အစည်းက ဆိုသည်။

 

ရခိုင်ပြည်နယ်တွင် သွားလာကူညီခွင့်များကိုကာလအတန်ကြာပိတ်ထားရာမှ ပြန်လည်ပေးလာတာကြောင့် ထိခိုက်ခံစားရသူများနှင့် ရွှေ့ပြောင်းနေထိုင်ကြရသူများအတွက် စားနပ်ရိက္ခာ၊ အာဟာရ၊ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအပါအဝင် အခြားသော လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများကို ပြန်လည်ဆောင်ရွက်ပေးနေနိုင်ပြီဖြစ် ကြောင်းသိရသည်။

 

သို့သော် လက်ရှိတွင်ကန့်သတ်မြို့နယ် ၈ မြို့နယ်နှင့် မြို့ပေါ်ဧရိယာများကိုသာ သွားလာခွင့် ရရှိထားကြောင်း ဆိုသည်။

 

မကြာသေးမီကဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲများကြောင့် ရခိုင်နှင့်ချင်း ပြည်နယ်တောင်ပိုင်း ပလက်ဝ မြို့နယ်များတွင် ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၆,၀၀၀ ကျော်ရှိကာ၊ ယခင်နှင့်လက်ရှိ ပဋိပက္ခများကြောင့် ပြည်တွင်းရွှေ့ပြောင်း နေထိုင်ကြရသူပေါင်း ၈၉,၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း UNOCHA Myanmar ကထုတ်ပြန် ထားသည်။

 

ထို့ပြင် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့်အ‌ရှေ့တောင်ပိုင်းများတွင် ပြင်းထန်သည့်တိုက်ပွဲများ၊ လုံခြုံရေးတင်း ကျပ်မှုများ၊ ဝင်ရောက်ကူညီခွင့်ကန့် သတ်ချက်များနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားများ အပေါ်ခြိမ်းခြောက်မှုများကြောင့် အရပ်သားပြည်သူများ၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေပြီး ရွှေ့ပြောင်းနေထိုင်မှုများလည်း ထပ်မံတိုးပွားနေကြောင်းသိရသည်။

 

 

စစ်ကောင်စီမှအာဏာသိမ်းပြီးသည့်နောက်ပိုင်း ၂၀၂၂ခုနှစ် နှစ်ကုန်အထိ လူဦး ရေ ၁ ဒသမ ၅ သန်း ကျော်သည် နေရပ်စွန့်ခွာနေကြရဆဲဖြစ်ပြီး ခက်ခဲသည့်အခြေအနေများတွင် နေထိုင်နေကြရသည့်အတွက် လူမှု ကယ်ဆယ်ရေး အကူအညီများ အပူတပြင်းလိုအပ်နေကြောင်းလည်း UNOCHA Myanmar က ထောက်ပြ ပြောဆိုထားသည်။

 

 

ပုံစာ။ စစ်ဘေး‌ရှောင်စခန်းတစ်ခုအား လူသားချင်းစာနာထောက်ထားမှုအကူအညီတချို့ပေးအပ်စဉ်။ ( ပုံဟောင်း) ဓာတ်ပုံ UNHCR

Burma Associated Press

 

ရခိုင်
စစ်ကောင်စီ
အရပ်သား
ရက္ခိုင့်တပ်တော်
ဒုက္ခသည်

Share With
bap-logo