bap-logo
Politics

ရန်ကုန်မှ စစ်ကြောရေးတာဝန်ခံကို ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ပကဖ ထုတ်ပြန်

7AI-n34FpGESQqnn2JdEj-image

လွန်ခဲ့သော ၃ နှစ် က

ဘီအေပီ ၊ ဇန်နဝါရီ - ၂၃

 

ရန်ကုန်မြို့မှ စစ်ကြောရေး တာဝန်ခံ ဗိုလ်မှူးသန်းထွဋ်ကို အမြန်လမ်းပေါ်တွင် ပကဖ ပူးပေါင်းအဖွဲ့က ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရှင်းလင်း လိုက်ရကြောင်း ပဲခူး PDF ကထုတ်ပြန်ထားသည်။

 

 

မြို့ပြတော်လှန်ရေးအဖွဲ့ဝင်များကို အသွင်ယူကာ စုံစမ်းဖမ်းဆီးလျက်ရှိသည့် ရန်ကုန်တိုင်း စစ်ကြောရေး တာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီးမြင့်အောင်အပါအဝင် ၄ ဦး လိုက်ပါ လာသော အမဲရောင်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ နေ့ခင်း ၂ နာရီ အချိန်ခန့်တွင် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် (၁၆၁)အနီး၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

 

ထိုသို့ ဖမ်းဆီးနေစဉ် ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့က အသင့်ပါလာသော လက်နက် များဖြင့် ပြန်လည်ခုခံသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာ ၎င်းတို့ နှစ်ဦးမှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ ၎င်းတို့နှင့် အတူပါလာသော အမျိုးသားနှစ်ဦးအား စစ်ဆေး မေးမြန်းရန် ခေါ်ဆောင် လာစဉ် လက်နက်အားလုယူထွက်ပြေးရန် ကြိုးစားလာသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံး သွားခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

 

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ၉မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နှင့် စာရွက်စာတမ်း အချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်အား မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

 

 

ဗိုလ်မှူးသန်းထွဋ် သည် ရန်ကုန်တိုင်း ၉-မိုင်ခွဲ ပြည်လမ်း North Point - Ocean စင်တာ အနီးရှိ အမှတ်(၁) စစ်ဘက်​ရေးရာလုံခြုံ​ရေးအကူတပ် စစ်ကြောရေးတာဝန်ခံ ဖြစ်ပြီး မြို့ပြပြောက်ကျားအဖွဲ့များ၏ သတင်း ကွင်းဆက်များ လိုက်လံစုံစမ်း၍ လက်နက်များ ၀ယ်ယူမည်ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

 

ဗိုလ်မှူးသန်းထွဋ်အပေါ်  စွပ်စွဲထားသည့်အချက်များကိုမူ BAP က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

Photos- ပဲခူးပကဖ

Burma Associated Press

 

ပဲခူး
စစ်ကောင်စီ
သေဆုံး
အသတ်ခံရ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Share With
bap-logo