Politics
စစ်ကောင်စီတပ်နှင့် ပျူများက ထန်းပင်ကုန်းရွာကို နှစ်ရက်ဆက် မီးရှို့
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ ထန်းပင်ကုန်းကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း - ၃၆၈ နှင့် ပျူစောထီးများက ဇန်နဝါရီ ၆ ရက်က စတင်ပြီး နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
နှစ်ရက်ဆက်တိုက် မီးရှို့ခံရသည့် ထန်းပင်ကုန်းရွာ၏ ပျက်စီးဆုံးရှုံးမှုများကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၆ ရက် နေ့လယ် ၁ နာရီခန့်တွင် ထန်းပင်ကုန်းရွာအတွင်း ပစ်ခတ်ဝင်ရောက် ပြီးနောက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်မှစ၍ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့နောက် ဇန်နဝါရီ ၇ ရက် နံနက် ၇ နာရီ ၄၀ မိနစ်တွင် ထန်းပင်ကုန်းရွာကို နောက်တစ်ကြိမ် ထပ်မံ မီးရှို့ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကျွန်းလှမြို့ အရှေ့ဘက်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲ ထွက်ခွာလာပြီးနောက် ထန်းပင်ကုန်းကျေးရွာနှင့် နှစ်မိုင်ခန့်ဝေးသည့် ကြာတကန်ရွာကို ယမန်နေ့တွင် ဝင်ရောက်စီးနင်းပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့တွင် အင်အား ၁၅၀ ခန့်ပါရှိကြောင်း သိရသည်။