bap-logo
International

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်နှင့် အရှေ့တောင်အာရှနိုင်ငံများအစည်းအဝေးတွင် အခွန် တိုးမြှင့်မှုအန္တရာယ်က လွှမ်းမိုးထား

fPMxmjKY4SEqVxwz4MGgJ-image

လွန်ခဲ့သော တစ်လ က

BAP၊ ဘာသာပြန်။

 

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer နှင့် ဒေသဆိုင်ရာ ကိုယ်စားလှယ်များအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ဆွေးနွေးရန် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၌ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည့် အစည်းအဝေးတွင် အရှေ့တောင်အာရှနိုင်ငံများအပေါ် အမေရိကန်က ချမှတ်ထားသည့် ကြီးလေးသော အခွန်များက လွှမ်းမိုးထားမည်ဖြစ်သည်။

 

အရှေ့တောင်အာရှနိုင်ငံများသည် စီးပွားရေးတိုးတက်မှုအတွက် ပို့ကုန်များကို အဓိက မှီခိုနေရပြီး အမေရိကန်၏ အခွန်အခများကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများအပေါ် အကြီးအကျယ် စိုးရိမ်မှုများ ရှိနေသည်။ ယင်းအခွန်များကို ဒေသတွင်းနိုင်ငံအများစုအတွက် ၁၉% နှင့် ၂၀% သတ်မှတ်ထားသည်။ လာအိုနှင့် မြန်မာနိုင်ငံတို့သည် ၄၀% နှုန်း၊ စင်ကာပူတွင် ၁၀% သတ်မှတ်ထားသည်။

 

ယခုအပတ်အတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် ၁၀ နိုင်ငံမှ ဝန်ကြီးများအတွက် စီးပွားရေးဆွေးနွေးပွဲများကို လက်ခံကျင်းပပေးမည့် မလေးရှားနိုင်ငံမှ ကုန်သွယ်ရေးဝန်ကြီး Tengku Zafrul Aziz က "ကျွန်တော်တို့ အခွန်ကိစ္စကို ဆွေးနွေးဖြစ်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။" ဟု အင်္ဂါနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

 

"အာဆီယံ စီးပွားရေးဝန်ကြီးတွေအားလုံး အမေရိကန်နဲ့ ဆွေးနွေးဖို့အတွက် ဒီနေရာမှာ ရှိနေတဲ့အတွက်၊ ပြီးတော့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ကိုယ်တိုင် ရောက်ရှိနေတာက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးမှာ အာဆီယံနဲ့ အမေရိကန် နှစ်ဖက်စလုံးက တစ်ဖက်နဲ့တစ်ဖက် တန်ဖိုးထားတယ်ဆိုတာကို ပြသနေပါတယ်။ ဒါက အရေးကြီးတဲ့ အချက်ပါပဲ။" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

 

ကမ္ဘာပေါ်တွင် အမေရိကန်သို့ ဆဋ္ဌမမြောက် အများဆုံး တင်ပို့သူဖြစ်သော ဗီယက်နမ်သည် ၎င်းတို့၏ ကုန်ပစ္စည်းများအပေါ် ချမှတ်ထားသည့် ၂၀% အခွန်ကြောင့် နှစ်စဉ် ဒေါ်လာ ၂၅ ဘီလျံ ဆုံးရှုံးနိုင်ခြေရှိပြီး ဒေသတွင်းတွင် အဆိုးဆုံး ထိခိုက်ခံရမည့် နိုင်ငံ ဖြစ်လာမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) က ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်များအရ သိရသည်။

 

အာဆီယံအဖွဲ့သည် အခွန်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်နှင့် သီးခြားဆွေးနွေးမှုများကို အများအားဖြင့် လုပ်ဆောင်ခဲ့သည်။ သို့သော် ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်တို့၏ စီးပွားရေးအတွက် အရေးပါသည့် Semiconductors ကဏ္ဍကဲ့သို့ စက်မှုလုပ်ငန်းများအပေါ် ပိုမိုမြင့်မားသည့် အခွန်များ ချမှတ်ခံရမည့် အန္တရာယ်များကြောင့် ပိုမိုစည်းလုံးသည့် ရပ်တည်ချက်ကို ချမှတ်ရန် တွန်းအားပေးခံရနိုင်သည်။

 

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ပ်က ပြီးခဲ့သည့်လက semiconductors များအပေါ် ၁၀၀% ခန့် အခွန်သတ်မှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အမေရိကန်တွင် ထုတ်လုပ်နေသော သို့မဟုတ် ထုတ်လုပ်ရန် ကတိပြုထားသော ကုမ္ပဏီများအတွက် အကျုံးဝင်မည်မဟုတ်ပေ။

 

ကိုးကား - Reuters

 

ပုံစာ - ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၌ ကျင်းပသည့် ၅၇ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) စီးပွားရေးဝန်ကြီးများ အစည်းအဝေးအတွင်း လာအိုစက်မှုဝန်ကြီး Malaithong Kommasith မလေးရှားရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီး Liew Chin Tong နိုင်ငံခြားစီးပွားဆက်သွယ်ရေးဌာ ညွှန်ကြားရေးမှူးချုပ် မာလာမျိုးညွန့်၊ စင်ကာပူဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Gan Kim Yong ထိုင်းစီးပွားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် Ekachat Seetavorarat ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဒုတိယဝန်ကြီး Nguyen Sinh Nhat Tan မလေးရှားရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Tengku Zafrul Abdul Aziz ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဌာနအတွင်းရေးမှူး Cristina Aldeguer-Roque ဘရူနိုင်းဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး Amin Liew Abdullah ကမ္ဘောဒီးယားကုန်သွယ်ရေးဝန်ကြီး Cham Nimul အင်ဒိုနီးရှားကုန်သွယ်ရေးဒုတိယဝန်ကြီး Dyah Roro Esti Widya Putri နှင့် တီမော-လေစတေကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Filipus Nino Pereira တို့ အဖွဲ့လိုက် ဓာတ်ပုံရိုက်ကြစဉ်။ ဓာတ်ပုံ- REUTERS/Hasnoor Hussain

 

 

Asean
America

Share With
bap-logo