Politics
'တန်ဖိုးသင့်ညစာ' ဖြင့် လူသိများကာ ပြည်သူ့ဂုဏ်ရည်ဆု ရခဲ့သူ ဒေါက်တာနန္ဒဝင်းကို ဆုပေးသည့် အဖွဲ့က ဆုနှင့်မထိုက်တန်ဟုဆို
လွန်ခဲ့သော ၁၀ နာရီ က
BAP၊ နိုဝင်ဘာ ၂။
'တန်ဖိုးသင့်ညစာ' ဖြင့် လူသိများခဲ့သူ ဒေါက်တာနန္ဒဝင်း( ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှုး )၏ လုပ်ရပ်များသည် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒတရပ်ဖြစ်သော “နိုင်ငံသားများနှင့် လူ့ဘောင် လောကအတွက် စံပြဖြစ်မှု” အရည်အချင်းမှ လုံးဝသွေဖည်နေခဲ့သည်ဟု ဆိုတာ ၎င်းသည် ဆုနှင့်မထိုက်တန်ဟု ဆုပေးသည့်အဖွဲ့က ယနေ့ ထုတ်ပြန်လာသည်။
သူသည် တိုင်းရင်းသားပြည်သူတို့ကို အစွမ်းကုန်ဖိနှိပ်နေသည့် စစ်အုပ်စုလုပ်ရပ်များတွင် ထောက်ခံအားပေး ရပ်တည်နေခဲ့ပြီး CDM ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများကို ပုဂ္ဂလိက ဆေးရုံများက ဝန်ထမ်းအဖြစ် မခန့်အပ်ရန် စစ်အုပ်စုအလိုကျ သူ၏အခွင့်အာဏာ ကိုသုံးလျက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် လျစ်လျူရှုခဲ့သည့် “သခင်အားရ ကျွန်ပါးဝ” ပြုမူဆောင်ရွက်ချက် ခဲ့သည်ဟု ပြည်သူ့ဂုဏ်ရည် အဖွဲ့ကဆိုသည်၊
"ဒေါက်တာနန္ဒဝင်းနှင့်သက်ဆိုင်သောအချက်အလက်များကိုလည်း ပြည်သူ့ဂုဏ်ရည်အသင်း အင်တာနက်စာမျက်နှာမှ ဖယ်ရှားခဲ့ပြီးဖြစ်သလို၊ ပြည်သူ့ဂုဏ်ရည်ဆုရှင်တဦးအဖြစ် ထိုက်တန်မှုမရှိကြောင်းနှင့် ဒေါက်တာနန္ဒဝင်း၏ စက်ဆုပ်ရွံရှာ ဖွယ် ယုတ်မာရက်စက်သည့်စိတ်ထားနှင့် ရပ်တည်ချက်ကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း" ယနေ့ ကြေညာခဲ့သည်။
ဒေါက်တာနန္ဒဝင်းသည် ၂၀၁၅ ခုနှစ်တွင် ပြည်သူ့ဂုဏ်ရည်အထူးဆုဖြင့်ဂုဏ်ပြုခံခဲ့ရသူဖြစ်သည်။
ခေတ်အဆက်ဆက် အာဏာရှင်တို့၏ဖိနှိပ်မှုများအောက်မှ ခက်ခဲစွာရုန်းကန်နေကြရသော ပြည်သူတို့၏အကျိုးကို ဦးတည်ဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား “ပြည်သူ့ဂုဏ်ရည်” ဂုဏ်ပြုမှုများဖြင့် ၂၀၁၀ခုနှစ်မှ စတင်ပြီး နှစ်စဥ်မပြတ်ဂုဏ်ပြုလာခဲ့ခြင်းဖြစ်သည်။
ဓါတ်ပုံ- Nanda Win