bap-logo
Politics

ရဲရင့်နွေဦးကွန်ဒိုများကို ဝယ်ယူရန် အခန်း ၃၀၀ ကျော်စာရင်ပေးသွင်း ထားပြီးဖြစ်

jxrdRXS7XNNijutQQ1NDc-image

လွန်ခဲ့သော ၃ နှစ် က

ရန်ကုန်၊ ဇန်နဝါရီ ၂၀။



နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် မတရားသိမ်းယူထားသည့်စစ်ကောင်စီပိုင်မြေများရောင်းချမှု ပရောဂျက်၏ ရဲရင့်နွေဦး (ကမ္ဘာအေး) ကွန်ဒိုခန်းရောင်းချမှုတွင် ရောင်းမည့်ရက်မတိုင်ခင်မှာပင် ဝယ်ယူရန်အခန်း ၃၀၀ ကျော် စာရင်းပေးသွင်း ထားပြီးဖြစ်ကြောင်း End of Dictatorship သိရသည်။



Spring Valour Condominium Apartments (ရဲရင့်နွေဦး) ကွန်ဒိုတိုက်ခန်းများသည် ကမ္ဘာအေး ဘုရားလမ်းမ ပေါ်တွင်တည်ရှိပြီး၊ ၁၀၆ စစ်ကောင်စီပိုင်မြေနေရာတွင် Condominium တိုက်ခန်း များဆောက်လုပ်ပြီး ရောင်းချပေးသွား မည်ဖြစ်သည်။



" Spring Valour Condominium ရဲရင့်နွေဦးကွန်ဒိုအခန်းများဝယ်ယူရန် EOD ကိုယ်စားလှယ်များ ထံစာရင်းပေး သွင်းထားသောအခန်းအရေအတွက် ၃၀၀ ကျော်သွားပါပြီ။ ပြည်သူသာလျှင် အဓိကပါ။ ဒီတော်လှန်ရေးအတွက် အသက်ခန္ဓာကိုအပ်နှင်းထားတဲ့ ပြည်သူတွေရှိတယ်။ ဘဝတွေတံတားခင်း အနင်းခံချီတက်နေတဲ့ ပြည်သူတွေရှိတယ်။ အိုးအိမ်စည်းစိမ်တွေပုံအောပံ့ပိုးနေကြတဲ့ ပြည်သူတွေရှိတယ်။ ဒီပွဲက ပြည်သူနိုင်မှ ရမယ့်ပွဲဆိုတာသွေးထဲသားထဲက ယုံကြည်နေကြလို့ပါ " ဟု ဝယ်ယူကြ သည့်ပြည်သူများနှင့် ပတ်သက်ပြီး ယင်းအဖွဲ့အစည်းက ဆိုထားသည်။



အဆိုပါရဲရင့်နွေဦး (ကမ္ဘာအေး) မြေနေရာသည်အချက်အခြာကျသည့်မြေနေရာတစ်ခုဖြစ်ပြီး၊ အကျယ် အဝန်းအလိုက်ဈေးနှုန်းကွဲပြားမည်ဖြစ်ကာ၊ ကွန်ဒိုအခန်းများတွင် Studio ၊ အိပ်ခန်း ၁ခန်း၊ ၂ခန်း၊ ၃ ခန်း စသည်ဖြင့် အခန်းအမျိုးအစား ၄ မျိုး ပါဝင်မည်ဖြစ်ပြီး၊ တော်လှန်ရေးကာလ အလွန်တွင် စီးပွားရေး အဆင့်မြင့် အဆောက်အဦးများ၊ HotelsBusiness Centers စသည်များကိုဆက်စပ်ဖေါ် ဆောင်သွားရန် ရည်ရွယ် ထားကြောင်းသိရသည်။



အဆိုပါအခန်းများကို ဇန်နဝါရီလ ၂၁ ရက်တွင်စတင်ကာအခန်းပေါင်း ၈၅၀ ခန့်ရောင်းချပေးမှာ ဖြစ်ပြီး၊ တော်လှန်ရေးကာလ ပထမအကြိမ်ငွေပေးချေမှု ၄၀% ကို ၃ လ အတွင်း ၃ ကြိမ် အရစ်ကျခွဲသွင်း နိုင်ကာ၊ နောက်ဆုံးပေးသွင်းရမည့် ရက်မှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက် ဖြစ်သည်။



ထို့အပြင်ပေးသွင်းရန်ကျန်ရှိမည့် ၆၀% ကို တော်လှန်ရေးလွန်ကာလတွင် ပြည်တွင်းပြည်ပဘဏ်များ နှင့် ချိတ်ဆက်ပြီး ၅ နှစ်၊ ၁၀ နှစ်၊ ၂၀ နှစ် စသည်ဖြင့် အတိုးနှုန်းသက်သာစွာအရစ်ကျပေးသွင်းနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်အထပ်နှင့် အခန်းနံပါတ်များကိုသတ်မှတ်ထားခြင်း မရှိသေးကြောင်း EOD ကထုတ်ပြန်အသိပေးထားသည်။



အခန်းရွေးချယ်မှုတွင် တော်လှန်ရေးလွန်ကာလစီမံကိန်း ပြင်ဆင်ချိန် အထပ်နှင့်အခန်းကို အတည်ပြု ချထားပေးမည်ဖြစ်ပြီး၊ Early Bird တွင်ပါဝင်သူများသည် အထပ်နှင့်အခန်းရွေးချယ်ခွင့်ရရှိမည်ဖြစ်ကာ၊ ကျန်သည့် ဝယ်ယူသူများအနေဖြင့် အထပ်နှင့်အခန်းကို မဲစနစ်ဖြင့် ရွေးချယ်ကာ ပေးအပ်သွားမည်ဖြစ်သည်။



" ကမ္ဘာအေးကွန်ဒိုကိုတော့ ဝယ်ချင်ပေမယ့်ဈေးကကျမအတွက်အရမ်းများနေတယ်။ နွေဦးစံရိပ် မွန်အိမ်ယာ ၁၊၂၊၃ ဆိုရင်တော့ဝယ်နိုင်လောက်မယ်ထင်လို့ အဲ့ဒီအိမ်ယာရဲ့ အချက်အလက်တွေကို စောင့်နေတယ်။ ကျမတို့ တတ်နိုင် တဲ့ဘက်ကတော်လှန်ရေးအတွက် တဒေါင့်တနေရာကနေ ကူညီနိုင် တာလေးတစ်ခုပါ" ဟု ကျန်ရှိနေသည့် နွေဦးစံရိပ်မွန်အိမ်ယာ ၁၊၂၊၃ ကိုဝယ်ယူရန် စိတ်ဝင်စားနေသည့် အမျိုးသမီးတစ်ဦးကဆိုသည်။

 

ဓာတ်ပုံ- EOD

Burma Associated Press

အမျိုးသားညီညွတ်ရေးအစိုးရ
EOD

Share With
bap-logo