International
နိုင်ငံရပ်ခြားမှ အမျိုးသမီးများထံ ကူညီရန် USAID ဝယ်ယူခဲ့သည့် သန္ဓေတားဆေးဝါးနှင့်ကိရိယာများ ထရန့်အစိုးရ ဖျက်စီးမည်
လွန်ခဲ့သော တစ်ရက် က
BAP၊ ဘာသာပြန်။
ထရန့်အစိုးရက ဒေါ်လာ ၉.၇ သန်း တန်ဖိုးရှိသည့် သန္ဓေတား ဆေးဝါးနှင့်ကိရိယာများကို နိုင်ငံရပ်ခြားရှိ အမျိုး သမီးများကို ပေးအပ်ခြင်း မပြုပဲ ဖျက်စီးပစ်မည်ဟု CNN သတင်းတွင် ဖော်ပြထားသည်။
အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) က ဆောင်ရွက်နေသည့် နိုင်ငံခြား အထောက်အပံ့ အစီအစဉ်များကို ဖျက်သိမ်းမှု နောက်ပိုင်းယခုကဲ့သို့ ဖျက်စီးမည့် အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
USAID ဝယ်ယူထားသည့် သားဆက်ခြား ဆေးဝါး၊ ကိရိယာများကို ဖျက်စီးရန် “ကနဉီး ဆုံးဖြတ်ချက်” ကို နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြုလိုက်သည်။ ၎င်းက မီးရှို့ဖျက်စီး စရိတ်သည် ဒေါ်လာ တသိန်းခြောက်သောင်း ကျော် (၁၆၇,၀၀၀) ရှိမည်ဟု ဆိုသည်။
သန္ဓေတား ဆေးဝါးနှင့်ကိရိယာများမှာ ဘယ်လ်ဂျီယံနိုင်ငံ Geel မြို့ရှိ သိုလှောင်ရုံတစ်ခုတွင် ထိမ်းသိန်းထားခြင်းဖြစ်သည်။ ဘယ်လ်ဂျီယံနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အခြားနည်းလမ်းဖြင့် ဖြေရှင်းရန် အမေရိကန် သံရုံးနှင့် သံတမန်ရေးအရ ဆွေးနွေးနေသည်ဟု ပြောသည်။
၎င်းပစ္စည်းအများစုမှာ ၂၀၂၈ သို့မဟုတ် ၂၀၂၉ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ အစောဆုံး သက်တမ်းကုန်ဆုံးမည့် ပစ္စည်းများမှာ ဧပြီလ ၂၀၂၇ တွင် သက် တမ်း ကုန်ဆုံးမည်ဖြစ်သည်။ ၎င်းတို့ကို မည့်သည့်အချိန်တွင် ဖျက်စီးသွားမည်ကို မသိရသေးဟု CNN တွင် ဖော်ပြထားသည်။
“ကုန်ပစ္စည်း အရေအတွက်ကို ကန့်သတ်ချက် အရေ အတွက်နဲ့ စွန့်ပစ်ဖို့ ခွင့်ပြုချက် ရထားပါတယ်။ HIV ဆေးဝါး၊ ကွန်ဒုံးတွေကို ဖျက်ဆီးသွားမှာ မဟုတ်ပါဘူး။” ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဖြည့် စွက် ပြောဆိုသည်။
၎င်း ပြောရေးဆိုခွင့်ရှိသူက သန္ဓေတား ဆေးဝါးနှင့်ကိရိယာများဆိုသည်မှာ “ဘိုင်ဒန် လက်ထက်က ချုပ်ဆိုခဲ့ပြီး (ထရန့်လက်ထက်တွင်) ဖျက်သိမ်းလိုက်သည့် USAID စာချုပ်များမှ ကိုယ်ဝန်ဖျက်ချသည့် သတ်မှတ် သားဆက်ခြား ကုန်ပစ္စည်းများ” ဟု ရည်ညွှန်းထားသည်။
သို့ရာတွင် The American College of Obstetricians and Gynecologists (ACOG)က “ကိုယ်ဝန်ဖျက် သန္ဓေတားဆေးဟူ၍ မရှိပါ။” ဟု CNN ကို ပြောသည်။
“အဓိပ္ပါယ်ဖွင့်ဆိုချက်အရ သန္ဓေတားဆေးဆိုတာ သန္ဓေကို တားဆီးပေးတာပါ။ သန္ဓေကို ဖျက်စီးတာ မဟုတ်ပါဘူး။ IUDs(သားအိမ်တွင်း ထည့်သွင်းရသည့် ကိရိယာ) တွေနဲ့ တခြားသော သားဆက်ခြားတဲ့ ပုံစံတွေဟာ ကိုယ်ဝန်ကို ပျက်မကျစေပါဘူး။ ဒီလိုပြောဆိုနေတာတွေက သတင်းအချက်အလက် အမှားတွေပါ။” ဟု ACOG က အင်္ဂါနေ့တွင် ပြောသည်။
ကိုးကား - CNN
ပုံစာ - ဂျူလိုင်လ ၂၃ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ Geel မြို့ The Khehne and Nagel သိုလှောင်ရုံတွင်သိမ်းဆည်းထားသည့် သန်းပေါင်းများစွာသော သန္ဓေတား ဆေးဝါးနှင့်ကိရိယာများ။ (Luc Claessen/Belga/Sipa USA)
Top News
လွန်ခဲ့သော ၇ နာရီ က
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၃ ရက် က