bap-logo
International

မြောက်ကိုးရီးယား အိုင်တီအလုပ်သမားများကို တရုတ်ကုမ္ပဏီများ လျှို့ဝှက်ကူညီနေ

fGzI39Y_JifHMzGIPXRL3-image

လွန်ခဲ့သော ၈ နာရီ က

BAP၊ ဘာသာပြန်။

မြောက်ကိုးရီးယား အိုင်တီအလုပ်သမားများကို တရုတ်ကုမ္ပဏီများက လျှို့ဝှက်အထောက်အပံ့ ပေးနေသည်ဟု အစီရင်ခံစာသစ်တစ်စောင်တွင် ဖော်ပြထားသည်။

 

ဘေဂျင်းနှင့် ရှန်ယန်းကဲ့သို့သော မြို့ကြီးများမှ ရှေ့ထွက်ဗန်းပြကုမ္ပဏီများက စီးပွားရေးဆက်နွယ်မှု အတုများ ပြုလုပ်ပေးခြင်းဖြင့် မြောက်ကိုးရီးယား အိုင်တီလုပ်သားများက တရားဝင် နည်းပညာကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများတွင် ဝင်ရောက်လာနိုင်ကြောင်း၊ ထို့အတွက် ကော်ပိုရိတ်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုအဖြစ် စစ်ဆေးသိရှိရသည်မှာ ပိုမိုခက်ခဲစေကြောင်း ဖော်ပြထားသည်။

 

Fortune မဂ္ဂဇင်းမှ နှစ်စဉ်ထုတ်ပြန်သော ထိပ်တန်း အမေရိကန် ကုမ္ပဏီ ၅၀၀ တွင် မြောက်ကိုးရီးယား နည်းပညာအလုပ်သမားများက အဝေးရောက် အလုပ်များ ဝင်ရောက်လုပ်ကိုင်ပြီး အာဏာရှင်အစိုးရ၏ နျူကလီးယား လက်နက်အစီအစဉ်အတွက် ငွေကြေးထောက်ပံ့နေကြောင်း၊ ၎င်း ကမ္ဘာအနှံ့ ကြီးမားကျယ်ပြန့်သည့် အစီအစဉ်ကို တရုတ်စီးပွားရေးလုပ်ငန်းစုအများအပြားက သိလျက်နှင့် ဖြစ်စေ၊ မသိဘဲဖြစ်စေ ထောက်ပံ့အားပေးနေသည်မှာ ယခင်က သိရှိခဲ့သည်ထက် ပိုမိုကျယ်ပြန့်လာနေသည်ဟု စုံစမ်းဖော်ထုတ်မှု အသစ်တစ်ခုက ဖော်ပြခဲ့သည်။

 

မဟာဗျူဟာ သတင်းအချက်အလက် စုံစမ်းထောက်လှမ်းရေး အဖွဲ့ Strider က အင်္ဂါနေ့တွင် ဖြန့်ချီလိုက်သည့် အစီရင်ခံစာအရ အမေရိကန်ဘဏ္ဍာရေးဌာနမှ ပိတ်ဆို့အရေးယူထားသည့် တရုတ်ကုမ္ပဏီတစ်ခုက ယခုနှစ်တွင် မြောက်ကိုးရီးယား လက်နက်အဖွဲ့တစ်ခုသို့ ကွန်ပျူတာများ၊ ဂရပ်ဖစ်ကဒ်များ၊ HDMI ကြိုးများ တင်ပို့ခဲ့ကြောင်း၊ ၎င်း တရုတ်ကုမ္ပဏီသည် တစ်ဦးချင်းချိတ်ဆက်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ ချိတ်ဆက်မှုများမှတဆင့် အခြားလုပ်ငန်း ၃၅ ခုနှင့် ချိတ်ဆက်နေကြောင်း ဖော်ပြခဲ့သည်။

 

မြောက်ကိုးရီးယားနိုင်ငံသည် အမေရိကန်နှင့် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကို တရားမဝင် ကျော်လွှားရန် နည်းလမ်းတစ်ခုအဖြစ် လေ့ကျင့်သင်ကြားပေးထားသည့် အိုင်တီနှင့် ဆော့ဝဲ ဖန်တီးရေး သားသူ ထောင်ပေါင်းများစွာကို ကမ္ဘာအနှံ့ ဖြန့်ကျက်ချထားခဲ့သည်

 

အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေပြီး မြောက်ကိုးရီးယား အိုင်တီ အလုပ်သမားများ၏ အကြံအစည်ကို အောင်မြင်မှုရစေသော ချိတ်ဆက်မှုရှိနေသည့် လုပ်ငန်း သုံးဆယ်ကျော်ကို ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် Strider ၏ အစီရင်ခံစာတွင် တောင်းဆိုထားသည်။

 

မြောက်ကိုးရီးယားနိုင်ငံသည် အမေရိကန်နှင့် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကို တရားမဝင် ကျော်လွှားရန် နည်းလမ်းတစ်ခုအဖြစ် လေ့ကျင့်သင်ကြားပေးထားသည့် အိုင်တီနှင့် ဆော့ဝဲ ဖန်တီးရေး သားသူ ထောင်ပေါင်းများစွာကို ကမ္ဘာအနှံ့ ဖြန့်ကျက်ချထားခဲ့သည်။

 

မြောက်ကိုးရီးယား အိုင်တီအလုပ်သမားများသည် အလုပ်အကိုင်ရရှိရန် ခိုးယူခြင်း သို့မဟုတ် ငှားရမ်းခြင်းပြုလုပ်ထားသည့် နိုင်ငံသား စိစစ်ရေး အထောက်အထားများဖြင့် အမေရိကန်၊ ဥရောပလူမျိုးများ အသွင် ဟန် ဆောင်မှုများ အမေရိကန်တွင် ပြုလုပ်ကြကာ ဥရောပတွင်လည်း တိုးမြင့်လာနေသည်။

 

ကြီးမားသော ရင်းနှီးမြှုပ်နှံမှု ဘဏ်များမှသည် ဖျော်ဖြေရေးနှင့် မီဒီယာကုမ္ပဏီများ၊ ဘဏ္ဍာရေ းဝန်ဆောင်မှုလုပ်ငန်းများ အထိ ရာပေါင်းများစွာသော ကုမ္ပဏီများကို ထိုးဖောက်ဝင်ရောက်ခဲ့သည်ဟု FBI၊ ဘဏ္ဍာရေးနှင့် တရားရေးဌာနများထံမှ သိရသည်။

 

နည်းပညာကုမ္ပဏီများမှာ မကြာခဏ ပစ်မှတ်ထားခံရလေ့ရှိသည်။ အလုပ်လျှောက်သူ တစ်ဦးချင်းစီကို လူတွေ့မေးမြန်းခြင်းအတွက် မစဉ်းစားမီ မြောက်ကိုးရီးယား အာဏာရှင် ကင်ဂျုံအမ်အကြောင်း မကောင်းသည့် မှတ်ချက်တစ်ခု ပေးစေခြင်းဖြင့် ဖြေရှင်းခဲ့ရကြောင်း ခရစ်ပတို လုပ်ငန်းသစ် တည်ထောင်သူတစ်ဦးက Fortune ကို ပြောသည်။

 

ကုလသမဂ္ဂအဆိုအရ မြောက်ကိုးရီးယား အိုင်တီလုပ်သားအစီအစဉ်မှ နှစ်စဉ် ဒေါ်လာ သန်း ၂၅၀ မှ ၆၀၀ အထိ ဝင်ငွေရရှိသည်ဟု ဆိုသည်။ ၎င်းအလုပ်သမားများက မြောက်ကိုးရီးယား၏ အဆင့်မြင့်သော အကြိမ်ကြိမ် ခြိမ်းခြောက်မှု အန္တရာယ် (Advanced Persistent Threat APT) လုပ်ဆောင်သူများထံသို့ သတင်းအချက်အလက်များ ပေးပို့ကြသည်။

 

၎င်း APT လုပ်ဆောင်သူများမှာ ကိုရီးယား စစ်တပ်၏ အထွေထွေထောက်လှမ်းရေးဗျူရိုလက်အောက်တွင် လှုပ်ရှားသူများ ဖြစ်သည်။ ၂၀၁၇ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အကြား မြောက်ကိုးရီးယား တိုက်ခိုက်မှုကြောင့် ခရစ်ပတိုငွေကြေး ၃ ဘီလီယံ ဆုံးရှုံးခဲ့သည်ဟု ကုလက ခန့်မှန်းသည်။ မြောက်ကိုးရီးယားက ငွေကြေးများကို တရားမဝင် အဖျက်စွမ်းအားကြီးမားသည့် လက်နက်အစီအစဉ်များ ချဲ့ထွင်ရာတွင် အသုံးပြုခဲ့သည်။

 

၎င်းအလုပ်သမားအစီအစဉ်မှာ မြောက်ကိုးရီးယားက သီးသန့်တစ်ဦးတည်း လည်ပတ်လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။

 

Strider အစီရင်ခံစာအရ မြောက်ကိုးရီးယား အိုင်တီအလုပ်သမား အစီအစဉ်တွင် တရုတ်ကုမ္ပဏီများက အရေးပါသည့် ကြားခံအဖြစ် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

 

၎င်းတို့က အလုပ်သမားအစီအစဉ်ကို အကာအကွယ်ပြုပေးသည့် နည်းပညာ အခြေခံအဆောက်အအုံများ ပေးအပ်ခဲ့ပြီး ငွေကြေးခဝါချရာတွင် ဘဏ္ဍာရေးလမ်းကြောင်းများအဖြစ် ဆောင်ရွက်ပေးကြသည်။ တရုတ်နိုင်ငံ၏ မြောက်ကိုးရီးယာနှင့် နီးစပ်မှု၊ ၎င်း၏ ကျယ်ပြန့်သော ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ လျော့တိလျော့ရဲ စည်းကမ်းထိန်းသိမ်းရေး အခင်းအကျင်းတို့က မြောက်ကိုးရီးယားအတွက် အိုင်တီလုပ်သားများ စေလွှတ်ပေးပို့ရန် ဆွဲဆောင်နေသည်။ ၎င်းတို့သည် ဘေဂျင်း၊ ဒါလျှံ၊ ရှန်ယန်းကဲ့သို့သော မြို့ပြဒေသများတွင် အခြေစိုက်သည့် ရှေ့ထွက်ဗန်းပြကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများ၊ တရုတ်လုပ်ငန်းများမှတဆင့် လုပ်ငန်းလည်ပတ်ကြသည်။

 

“Fortune ၅၀၀ စာရင်းဝင်ကုမ္ပဏီ အားလုံးနီးပါးဟာ သူတို့ရဲ့ လုပ်သားအင်အားတွေမှာ မြောက်ကိုးရီးယားရဲ့ အယောင်ဆောင် အိုင်တီအလုပ်သမားတွေရဲ့ ထိုးဖောက်ဝင်ရောက်မှုအန္တရာယ်က ဘေးကင်းလုံခြုံစေဖို့ လုံးထွေး ရုန်းကန်နေရပါတယ်။” ဟု Strider ၏ အမှုဆောင်အရာရှိချုပ်နှင့် ပူးတွဲတည်ထောင်သူ Greg Levesque က Fortune ကို ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။ "တရုတ်နိုင်ငံအခြေစိုက် ရှေ့ထွက်ဗန်းပြကုမ္ပဏီတွေက မြောက်ကိုးရီးယားရဲ့ ပူးပေါင်း ကြံစည်မှု အစီအစဉ်တွေကို ဘယ်လို ဖြစ်မြောက်အောင် ကူညီလုပ်ဆောင်ပေးနေတယ်ဆိုတာ ကျွန်တော်တို့ရဲ့ Strider သုတေသနက ဖော်ထုတ်ခဲ့ပါတယ်။”

 

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးပြောခွင့်ရ Liu Pengyu က Fortune ကို ထုတ်ပြန်ချက်တစ်စောင်တွင် Strider အစီရင်ံစာတွင်း ဖော်ပြချက်များကို မသိရှိပါဟု ပြောသည်။

 

အချက်အလက် အခြေခံမှု လုံးဝမရှိသည့် မဟုတ်မမှန်စွပ်စွဲမှုများနှင့် အပုပ်ချမှုများကို ကျွန်ုပ်တို့ ကန့်ကွက် သည်။” ဟု Pengyu က ဆိုသည်။

 

မြောက်ကိုးရီးယား ပိတ်ဆို့အရေးယူမှု

 

အိုင်တီလုပ်သား အစီအစဉ် ဆောင်ရွက်ရာတွင် ပါဝင်နေသည့် လက်တော့များ၊ ကြိုးများ၊ ဂရပ်ဖစ်ကဒ်များနှင့် အခြားကိရိယာများ မြောက်ကိုးရီးယားအစိုးရသို့ တင်ပို့ခဲ့သည့်အတွက် Liaoning China Trade Industry Co. ကို ဇန်နဝါရီလတွင် ဘဏ္ဍရေးဌာန၏ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေး(OFAC) က ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့သည်။

 

Liaoning China Trade (LCT) က မြောက်ကိုးရီးယား၏ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လက်နက်ကုန်သွယ်ရေးအဖွဲ့အစည်းဖြစ်သည့် ပြည်သူ့တပ်မတော် ဝန်ကြီးဌာန၊ ဌာနအမှတ် ၅၃ ထံသို့ နည်းပညာကိရိယာများ တင်ပို့ခဲ့သည်ကို OFAC က တွေ့ရှိခဲ့သည်။

 

OFAC ၏ အရေးယူမှုတွင် ဌာနအမှတ် ၅၃၏ ရှေ့ထွက်ဗန်းပြကုမ္ပဏီ နှစ်ခုဖြစ်သောKorea Osong Shipping Co. နှင့် Chonsurium Trading Corporation တို့ကိုလည်း လာအိုနိုင်ငံတွင် မြောက်ကိုးရီးယား အိုင်တီလုပ်သား ကိုယ်စားလှယ်အဖွဲ့ကို လက်ခံထားသည့် အတွက် ထည့်သွင်းအရေးယူခဲ့သည်။ လာအိုနိုင်ငံတွင် မြောက်ကိုးရီးယား အိုင်တီလုပ်သားများကို စီမံခန့်ခွဲရသည့် Jong In Chol နှင့် တရုတ်နိုင်ငံ ရှန်ယန်းမှ Son Kyong Sik တို့ကိုလည်း ပိတ်ဆို့ဒဏ်ခတ်အရေးယူခဲ့သည်။ Son Kyong Sik မှာ ဌာနအမှတ် ၅၃ ၏ ရှေ့ထွက်ဗန်းပြကုမ္ပဏီ တရုတ်အခြေစိုက် Osong မှ ကိုယ်စားလှယ် အကြီးအကဲဖြစ်သည်ဟု စိစစ်သိရှိရသည်။

 

Strider က ၎င်းတို့၏ ရှာဖွေတွေ့ရှိချက်များကို အခြေခံ၍ အမေရိကန်အာဏာပိုင်များအနေဖြင့် ဆက်လက် ဖော်ထုတ်ရန် လိုအပ်နိုင်သည် နိဂုံးချုပ် ဖော်ပြထားသည်။ LCT နှင့် ချိတ်ဆက်နေသည့် ကုမ္ပဏီ ၃၅ ခုလုံးမှာ တရုတ်နိုင်ငံတွင် အခြေစိုက်ကြပြီး LCT ကဲ့သို့ပင် ကမ္ဘာအနှံ့ ဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ တင်ပို့ရေး လုပ်ဆောင်နေသည့် အလားတူ ကုန်သွယ်ရေးကုမ္ပဏီများ ဖြစ်ကြသည်။

 

ကိုးကား - Fortune

ပုံစာ - မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန် တရုတ်နိုင်ငံသို့ ၂၀၁၈ ခုနှစ်က လာရောက်စဉ်။

Burma Associated Press

 

 

ဆိုင်ဘာသူလျှိုပြုလုပ်မှု
မြောက်ကိုးရီးယား
တရုတ်

Share With
bap-logo