bap-logo
Local News

သမဂ္ဂဗဟိုအလုပ်အမှုဆောင်မဝတ်ရည်အောင် ထောင်ရွေ့ ပြောင်းခံရပြီး နောက်ကျန်းမာရေးအခြေအနေစိုးရိမ်နေရ

_NrXZtzRTuXhsPBwVI_rI-image

လွန်ခဲ့သော ၃ နှစ် က

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်သည် ထောင်ရွှေ့ ပြောင်းခံရပြီးသည့်နောက် ကျန်းမားရေးအခြေအနေ စိုးရိမ်နေရကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံက သိရသည်။

"မဝတ်ရည်အောင်ရဲ့ ကျန်းမာရေးအခြေအနေအရ အပြင်ဆေးရုံမှာ ကုသမှုလိုတယ်လို့ မိသားစုဝင်တွေက တောက်လျှောက် စာတင်တာတွေ ပြုလုပ်နေပေမယ့် အခုထိပြင်ပမှာ ကုသခွင့်မရသေးဘဲ ထောင်ဆေးရုံမှာပဲ ဖြစ်သလို ထားထားတဲ့ သဘောရှိပါတယ်"ဟု ယင်းသမဂ္ဂ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မဝတ်ရည်အောင်သည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ ၅၀၅(က) ဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်က ထောင်ဒဏ် (၃) နှစ် ချမှတ်ခံထားရသည့်အပြင်၊ ပုဒ်မ ၅၂(က) ဖြင့်လည်း စွဲချက်တင်ခံထားရသည်။

ထို့အပြင် သူမကို ဖမ်းဆီးထားသည့် အင်းစိန်ထောင်မှ ဒိုက်ဦးထောင်သို့ ယခုနှစ် ဧပြီလ ၂၄ရက်တွင် ပြောင်းရွှေ့ခံခဲ့ရပြီး၊ အောက်တိုဘာလ ၂၄ ရက်တွင် အင်းစိန်ထောင်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။

ယင်းနောက် ယခုလို ကျန်းမာရေးအခြေအနေ စိုးရိမ်ရကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံက သိရသည်။

" ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့ပြီးနောက် အခုကျန်းမာရေးအခြေအနေက ပိုဆိုးနေတယ်။ အချိန်ကြာမြင့်စွာ မကြာခဏ သတိလစ်သွားတတ်တယ်။ နောက်ဆုံးအကြိမ်မှာ (၂၂) နာရီ ကြာတဲ့အထိ သတိလစ်သွားပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့အတွက်ကြောင့် စိုးရိမ်ရတဲ့ အခြေအနေ ရှိနေပါတယ်"ဟု သမဂ္ဂ၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မဝတ်ရည်အောင်သည် မတရားဖမ်းဆီးခံရပြီး (၃) လအတွင်း လေဖြန်းသွားသည့်အတွက် ထောင်တွင်းဆေးရုံ တင်ခဲ့ရကြောင်း၊ စစ်ကြောရေးတွင် အကြမ်းဖက် နှိပ်စက်မှုများကြောင့် ဦးနှောက်တွင် အကြိတ်တည်သည်ဟု ယူဆကာ ကျန်းမာရေး စစ်ဆေးရန် မိသားစုက ဆေးကုသခွင့် လျှောက်ထားခဲ့သော်လည်း ယနေ့အထိ ခွင့်ပြုခြင်းမရှိခဲ့ကြောင်း သိရသည်။

Burma Associated Press

နိုင်ငံရေး
ပညာရေး

Share With
bap-logo