Data
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂ နှစ်အတွင်း ဘာတွေဖြစ်ခဲ့သလဲ
လွန်ခဲ့သော ၂ နှစ် က
ဇန်နဝါရီ ၂၈
၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်တွင် စတင်ခဲ့သည့် စစ်အာဏာသိမ်းမှုသည် ယခုလ ကုန်လျှင် ၂ နှစ် တင်းတင်း ပြည့်တော့မည်ဖြစ်သည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အပေါင်းအပါတို့လက်ချက်ဖြင့် ၂ နှစ် အတွင်းမှာပင် တိုင်းပြည်သည် ဆယ်စုနှစ်များစွာ နောက်ပြန်ဆုတ်သွားခဲ့သည်။
စစ်ဘေးဒုက္ခသည် သန်းနှင့်ချီတိုးလာခဲ့သည်။ နိုင်ငံ၏ ထက်ဝက်ကျော်တွင် တိုက်ပွဲများဖြစ်ပွားနေသည်။ ဆင်းရဲ မွဲတေမှု တိုးလာသည်။ ရာဇဝတ်မှုများ ထူပြောလာခဲ့သည်။ လူငယ်ထောင်ပေါင်းများစွာ သေကြေခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားများ တိုးပွားလာခဲ့သည်။ နိုင်ငံတကာ ကုမ္ပဏီကြီးများ ထွက်ခွာသွားခဲ့သည်။ ထောင်ပေါင်း များစွာသော နေအိမ်များ မီးလောင်ပြာကျခဲ့သည်။
နောက်ဆုံးပြင်ဆင်ခဲ့သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအပါဝင် စစ်ခေါင်းဆောင်သည် ၂ နှစ်တာ ကာလအတွင်း ဥပဒေပေါင်းများစွာကို စိတ်ကြိုက်ပြင်ပြီး နိုင်ငံကို စစ်အုပ်ချုပ်မှု သက်ဆိုးရှည်စေရန် ကြိုးပမ်းနေဆဲဖြစ်သည်။
နိုင်ငံတကာနှင့် လေ့လာစောင့်ကြည့်သူများက လက်ခံထားသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းမှုကျူးလွန်ခဲ့ပြီး တိုင်းပြည်ကို အရေးပေါ်အခြေအနေကြေညာခဲ့သည်။ ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ကုန်လျှင် ယင်းတို့ လက်ခံကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအရ ပေးထားသည့် အရေးပေါ်ကာလ သက်တမ်း ကုန်ဆုံးပြီဖြစ်သည်။
ထိုအချိန်တွင် စစ်ခေါင်းဆောင်သည် ယင်းစိတ်ကြိုက် ရွေးကောက်ပွဲ ပုံစံတစ်ခုကို အသက်သွင်းလာပြီး နောက်ထပ် ရွေးကောက်ပွဲ အတုအယောင်တစ်ခုကို ပြုလုပ်ရန် စိုင်းပြင်းနေသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စုတို့ တိုင်းပြည်ကို အရေးပေါ်ကာလ ကြေညာကာ ခြယ်လှယ်ကြီးစိုးခဲ့သည့် ၂ နှစ်တာအတွင်း ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို BAP က စုစည်း ဖော်ပြလိုက်ပါသည်။
(ဖော်ပြပါ အချက်အလက်များသည် BAP နှင့် ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့များထံမှ ဖြစ်သည်။)