International
ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုသူကို ထိုင်းတရားရုံးမှ အာမခံ မပေး
လွန်ခဲ့သော ၃ နှစ် က
ဘုရင်စနစ်ကို ပြစ်တင်စော်ကားမှုဖြင့် ထောင် ၄ နှစ် အပြစ်ဒဏ် ချမှတ်ခံရသည့် တက်ကြွလှုပ်ရှားသူ ဥပဒေသမားတစ်ဦးကို ထိုင်းတရားရုံးမှ စနေနေ့တွင် အာမခံမပေးဘဲ ငြင်းပယ်လိုက်ကြောင်း ၎င်း၏ ရှေ့နေမှ ပြောကြားသည်။
အသက် ၃၉ နှစ်အရွယ်ရှိ လူ့အခွင့်အရေး ဥပဒေသမား Arnon Nampa သည် ၂၀၂၀ ခုနှစ် ဒီမိုကရေစီထောက်ခံ ဆန္ဒပြပွဲများတွင် ထိုင်းနိုင်ငံ၏ အာဏာပြင်းသည့် ဘုရင့်အခန်းကဏ္ဍအကြောင်း အများပြည်သူရှေ့ စကားစစ်ထိုးရန် တောင်းဆို၍ တားမြစ်ချက်များကို ချိုးဖျက် မိန့်ခွန်းပြောကြားကာ လူသိများသူဖြစ်သည်။ Arnon က အမှားမကျူးလွန်ခဲ့ကြောင်း ငြင်းဆိုထားသည်။
ဘုရင်စနစ်ကို ပြစ်တင်စော်ကားခြင်းနှင့် သက်ဆိုင်သည့် ဥပဒေဟု သိရှိကြသည့် ရာဇဝတ်ကျင့်ထုံး ၁၁၂ ကို ချိုးဖောက်မှုနှင့် စွပ်စွဲထားသည့် အမှု ၁၄ ခုနှစ်မှ ပထမဆုံးအမှုဖြင့် ၎င်းကို အင်္ဂါနေ့တွင် အမိန့်ချမှတ် ခံရခြင်းဖြစ်သည်။
“အာမခံပေးလျှင် ထွက်ပြေးလွတ်မြောက်သွားနိုင်ကြောင်း” စိုးရိမ်ရသည့်အတွက် Arnon ၏ အာမခံတောင်းဆိုမှုကို ငြင်းပယ်ကြောင်း အယူခံတရားရုံးမှ အမိန့်ကို စနေနေ့တွင် ဖတ်ကြားခဲ့သည်ဟု ၎င်း၏ ရှေ့နေ Krisadang Nutcharus က ပြောကြားသည်။
Krisadang က နိုင်ငံတော် တရားရုံးချုပ်တွင် အာမခံလျှောက်ထားရန် သို့မဟုတ် အယူခံဝင်လိုခြင်း ရှိ မရှိ Arnon နှင့် တိုင်ပင်သွားမည်ဟု ပြောကြားသည်။
ထိုင်းနိုင်ငံ၏ ဘုရင်စနစ် ပြစ်တင်စော်ကားခြင်း ဥပဒေသည် နန်းတော်(ဘုရင်စနစ်)ကို ဝေဖန်ခြင်းမှ ကာကွယ်ထားပြီး ဘုရင်စနစ်ကို ပြစ်တင်စော်ကားမှုပြုသည်ဟု တွေ့ရှိရမှုတိုင်းအတွက် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်သည့်အတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ပြင်းထန်လွန်သည်ဟု ကျယ်ပြန့်စွာ ရှုတ်ချခံထားရသည်။
ဘုရင်စနစ်ထောက်ခံသူဖြစ်ပြီး အာဏာသိမ်း၍ နောက်ပိုင်းတွင် ဝန်ကြီးချုပ်ဖြစ်လာသူ Prayut Chan-o-cha ကို ဖယ်ရှားရေး တောင်းဆိုခဲ့သည့် ၂၀၂၀ ခုနှစ်က ဘန်ကောက်မှ လူဦးရေ သိန်းချီသည့် ဆန္ဒပြပွဲများတွင် Arnon သည် လူငယ်များဦးဆောင်သည့် ဒီမိုကရေစီလှုပ်ရှားမှုမှ ခေါင်းဆောင်တစ်ဦးဖြစ်သည်။
ကိုးကား - Reuters
ပုံစာ - စက်တင်ဘာလ ၂၆ ရက်နေ့ ၂၀၂၃ ခုနှစ် ဘုရင်စနစ်ကို ပြစ်တင်စော်ကားမှုဖြင့် စွပ်စွဲခံရပြီး ထိုင်းနိုင်ငံ ရာဇဝတ်တရားရုံးသို့ ရောက်ရှိလာစဉ် လက်သုံးချောင်းထောင်အလေးပြုနှုတ်ဆက်မှု ပြုလုပ်ခဲ့သည့် ထင်ရှားသော တက်ကြွလှုပ်ရှားသူ Aron Nampa။ (Photo: REUTERS/Athit Perawongmetha/File Photo)
Burma Associated Press