Politics
စစ်ကောင်စီကို လေကြောင်းပိုင်နက်များ အသုံးပြုခွင့်မပေးဖို့ အိမ်နီးချင်းနိုင်ငံများကို NUG တောင်းဆို
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၁၇
မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့လေကြောင်းပိုင်နက်များအား စစ်ကောင်စီ၏ ဆိုးရွားသော လေကြောင်း တိုက်ခိုက်မှုများအတွက် အသုံးပြုခွင့်မပေးရန် NUG ကတောင်းဆိုခဲ့ ကြောင်းသိရသည်။
ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်များတွင် စစ်ကောင်စီတပ်မှ ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ် တည်ရှိရာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ Camp Victoria ကို ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် အရပ်သားအများ အပြားထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးမှုများရှိခဲ့ပြီး၊ အခြေခံအဆောက်အအုံများလည်း ထိခိုက် ပျက်စီးခဲ့ပြီးနောက် NUG က ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုတွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၏လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်အသုံးချမှု ဖြစ်ပေါ်ခဲ့သည့်အတွက် စစ်ကောင်စီသည်အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်များကိုကျူးကျော် အသုံးပြုကာ တိုက်ခိုက်မှုများကို ကျူးလွန်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း၊ အခြားသော အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏ လေပိုင်နက်များကိုလည်း ကျူးကျော် အသုံးပြုခဲ့သည်များကို တွေ့ရှိခဲ့ရကြောင်း NUG ကဆိုသည်။
" ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ပြည်သူတို့၏အသက်အိုးအိမ်များ ဘေးကင်း လုံခြုံရေးကို ရှေးရှုကာ မြန်မာပြည်သူတို့၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့၏လေပိုင်နက်များကို အသုံးပြု၍ မြန်မာနိုင်ငံ ပြည်သူများကို လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်နေခြင်းများ ကျူးလွန်နေသည့် အကြမ်းဖက် စစ်အုပ်စု၏ လုပ်ရပ်များအား ခွင့်ပြုခြင်း မပြုပါရန်" ဟု NUG က မေတ္တာရပ်ခံတောင်း ဆိုခဲ့သည်။
အဆိုပါတောင်းဆိုမှုသည် အရပ်သားများနှင့် အများပြည်သူပိုင် အဆောက်အအုံများကို တိုက်ခိုက်ခြင်းအား ဆန့်ကျင်ရှုံ့ချ ထားသည့်ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ်-၂၆၆၉ အရ ဖြစ်ပြီး၊ ယင်းဆုံး ဖြတ်ချက်တွင် အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်နေခြင်းကို ချက်ချင်းရပ်တန့်ရန်၊ အကြမ်းဖက် လုပ်ရပ်များ ဆက်လက်ဖြစ်ပေါ်နေခြင်းကို တားဆီးဟန့်တားရန်တောင်းဆိုသည့် အချက်များ ပါဝင်ကြောင်းသိရသည်။