Politics
ဓာတ်ပုံသတင်းထောက်ကို "အကျည်းတန်"သည့် ထောင်ဒဏ်ပေးမှု စာနယ်ဇင်းစောင့်ကြည့်သူများ ရှုံ့ချ
လွန်ခဲ့သော ၂ နှစ် က
ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခြင်းသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း ဂျာနယ်လစ်များအပေါ် ချမှတ်သည့် ပြစ်ဒဏ်များအနက် အပြင်းထန်ဆုံးဖြစ်သည်။
ယခုသီတင်းပတ်အတွင်း မြန်မာစစ်တပ်အာဏာရှင်တို့က ဓာတ်ပုံသတင်းထောက်တစ်ဦးကို ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အပြင်းထန်ဆုံးဖြစ်သည့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည့်အပေါ်တွင် စာနယ်ဇင်းလွတ်လပ်ခွင့်လှုပ်ရှားသူအဖွဲ့များက ပြစ်တင်ရှုံ့ချလိုက်သည်။
ဒေသတွင်း မြန်မာသတင်းဌာနတစ်ခုဖြစ်သည့် Myanmar Now မှ ဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်သူ ကိုစိုင်းဇော်သိုက်ကို ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း စစ်ခုံရုံးမှ ဗုဒ္ဓဟူးနေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်။
ကိုစိုင်းဇော်သိုက်သည် မေလက မြန်မာနိုင်ငံအနောက်ဘက်ဒေသ ရခိုင်ပြည်နယ်တွင် လူပေါင်း ၁၈၄ ဦး သေဆုံးခဲ့ပြီး အိမ်ပေါင်း သောင်းချီ ပျက်စီးခဲ့သည့် မိုခါဆိုင်ကလုံးနောက်ဆက်တွဲ ထိခိုက်မှုများကို သတင်းယူ နေစဉ် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းကို တရားခွင်စစ်ဆေးမှုမပြုမီ ရှေ့နေ၊ မိသားစုတို့နှင့် တွေ့ဆုံခွင့်မပေးဘဲ အာဏာသိမ်းစဉ်က စတင်၍ အခြားသော ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၅,၀၀၀ နည်းတူ ဖမ်းဆီးထိန်းသိမ်း ထားခဲ့သည်ဟု Myanmar Now ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ကိုစိုင်းဇော်သိုက်ရဲ့ Myanmar Now က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်တော်တို့က သူ့ကို နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးခံရတဲ့အတွက် စိတ်ထိခိုက်မှု အများကြီးဖြစ်ရပါတယ်။” ဟု Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "သူ့ကို ချမှတ်လိုက်တဲ့ ပြစ်ဒဏ်က မြန်မာစစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ သတင်းစာလွတ်လပ်ခွင့် လုံးဝပယ်ဖျက်လိုက်တယ်ဆိုတာ ဖော်ပြနေတာဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းသမားတွေအတွက် သူတို့ရဲ့ သက်မွေးလုပ်ငန်းပိုင်းဆိုင်ရာအတွက် ကြီးမားတဲ့ အဖိုးအခ ပေးဆပ်ရတယ်ဆိုတာ ပြသတာဖြစ်ပါတယ်။”
ဓာတ်ပုံသတင်းထောက်ကို "တရားမဝင် သတင်းဌာနနှင့် ဆက်သွယ်ခြင်း”နှင့် သဘာဝဘေးအန္တရာယ်စီမံမှု ဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ အပါအဝင် အခြားသော မတူညီသည့် ဥပဒေပုဒ်မလေးခုဖြင့် ကနဦးစွဲဆိုမှု ခံခဲ့ရသည်။
သတင်းသမားများ ကာကွယ်ရေးကော်မတီမှ Shawn Crispin က ကိုစိုင်းဇော်သိုက်အပေါ် ချမှတ်မှုသည် "အကျည်းတန်” ပြီး "ဒေါသဖြင့် ရမ်းကားခြင်း” ဟု ဖော်ပြသည်။ နယ်စည်းမခြားသတင်းသမားများအဖွဲ့မှ Cédric Alviani က မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် သတင်းသမားများကို ကြောက်ရွံ့မှု အထွဋ်အထိပ်သို့ ရောက်စေရန် ရည်ရွယ်ကြောင်း၊ ဓာတ်ပုံသမားသည် "အာဏာပိုင်များက နှိပ်ကွပ်ညှင်းပန်း ရမည့်အစား သူရဲကောင်းကဲ့သို့ ဆက်ဆံရမည်ဖြစ်ကြောင်း” ဖော်ပြခဲ့သည်။
နိုင်ငံရေးနှင့် စီးပွားရေး တံခါးဖွင့်ခဲ့သည် ၂၀၁၀ ခုနှစ်များတွင် လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သော လွတ်လပ်သည့် သတင်းမီဒီယာကဏ္ဍသည် အာဏာသိမ်းယူခဲ့စဉ်က စ၍ စစ်အာဏာရှင်တို့၏ ချက်ချင်းလက်ငင်း ပြစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။ အာဏာသိမ်းပြီးနောက် လွတ်လပ်သော မီဒီယာဌာန ၁၃ ခု လုပ်ကိုင်ခွင့် အသိမ်းဆည်းခံခဲ့ရပြီး သတင်းသမား ၁၅၆ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ဖမ်းဆီးထိန်းသိမ်းခံ သတင်းသမားသတင်း အချက်အလက် မီဒီယာရပိုင်ခွင့်စောင့်ကြည့်ရေးအဖွဲ့၏ အချက်အလက်များအရ သိရပြီး မေလအထိ အနည်းဆုံး ၅၀ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု သိရသည်။ အများစုမှာ ပုဒ်မ ၅၀၅ ကအရ လှုံ့ဆော်မှုဖြင့် စွဲချက်တင်ခံကြရသော်လည်း အချို့မှာမူ အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မများဖြင့်လည်း စွဲချက်တင်အရေးယူခံကြရသည်။
အာဏာသိမ်းယူပြီး မကြာမီတွင် Myanmar Now ရုံးခန်းကို စစ်တပ်အာဏာပိုင်များက ဝင်ရောက် စီးနင်းခဲ့ကြသည့်နောက်ပိုင်း ထုတ်လုပ်ခွင့်လိုင်စင် ရုပ်သိမ်းခံခဲ့ရသော်လည်း အခြားသော ပြည်တွင်း သတင်း ဌာနများကဲ့သို့ပင် လျှို့ဝှက်ပုန်းကွယ်လုပ်ကိုင်သည့်ပုံစံအဖြစ် ပြောင်းလဲခဲ့ကြပြီး အကျဉ်းအကျပ်ထဲမှ အန္တရာယ် ရှိသည့် အခြေအနေများနှင့် လုပ်ကိုင်နေကြသည်။ Myanmar Now မှ ဗီဒီယိုသတင်းထောက် မကေဇွန်နွေး သည်လည်း ရန်ကုန်တွင် အာဏာသိမ်းဆန့်ကျင့်သည့် ဆန္ဒပြပွဲကို သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်း လအတန်ကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။
ကိုးကား - The Diplomat