Urban Life
ထောင်ကိုမကြောက်
လွန်ခဲ့သော ၇ နာရီ က
BAP၊ ဩဂုတ် ၁၉။
လူသုံးလေးဦး စားစရာအထုတ်အပိုးတွေနဲ့ အစုလိုက် ထိုင်ရာနေရာအနီးကို အထဲကလူတွေရဲ့ အပေါ်ပိုင်းကိုသာ မြင်ရတဲ့ အချုပ်ကားတစီးထိုးရပ်လာပါတယ်။
အဖြူရောင်အင်္ကျီလက်ရှည်၊ အညိုရင့်ရောင်လုံချည်ကို ဝတ်ဆင်ထားတဲ့ အသက် ၂၀ ကျော် အရွယ် အမျိုးသမီးတဦး ကားပေါ်ကနေ တလှမ်းချင်း ဆင်းလာပါတယ်။
ခြေထောက်မှာ သံခြေချင်းခတ်ထားပြီး ခြေချင်းက သံကြိုးကို သူရဲ့သေးသွယ်တဲ့ လက်ချောင်းတွေနဲ့ ကိုင်လျှက် လူအုပ်စုထိုင်နေရာကို တချက်ဝှေ့ကြည့်ရင်း တည်ငြိမ်စွာ ပြုံးပြလိုက်ပါတယ်။
"သမီးအမေဒီမှာအမေတို့ရှိတယ်နော်"
အသက် ၄၅ နှစ်ကျော်အရွယ်အမျိုးသမီးက သူ့သမီးဆိုသူကို ကြည့်ပြီး ပြောလိုက်တာပါ။
"ကျမသမီးလေးအတွက် ဒီကိုလာရတာ မျက်နှာမငယ်ဘူး။ ခိုးဆိုးနှိုက်တွေ၊ ပြည်သူကို ဒုက္ခပေးလို့ ကျတဲ့ အမူတွေ မဟုတ်ဘူး” လို့ ဘေးနားက အခြားသူတွေကြားအောင်ပြောလိုက်ပါတယ်။
"ထောက်ပို့လုပ်လို့ကျတဲ့ နိုင်ငံရေးမူ နိုင်ငံရေးအကျဥ်းသားမို့ ရုံးချိန်းရောက်တိုင်း အမြဲလာနေတာ"
သူ့သမီးရှိရာဖက်ကိုကြည့်ရင်း တည်ငြိမ်စွာ ပြောပြနေတာပါ။
ဒီနေရာဟာ ရန်ကုန်မြို့ရဲ့ တရားရုံးထုတ်ရာ ခရိုင်တရားရုံးနေရာတခုဖြစ်ပါတယ်။
အခြားအကျဥ်းသားတွေလည်း အချုပ်ကားပေါ်က ဆင်းလာကြပြီး ရဲတွေနဲ့အတူ တရားရုံးအချုပ်ခန်း နေရာကို သွားနေကြပါတယ်။
ဒီနေ့က တရားရုံးထုတ်တဲ့နေ့ပါ။
သူယုံကြည်ရာလုပ်တဲ့အတွက် ကျမဘယ်တော့မှ အပြစ်မတင်ဘူး။ ဒါကြောင့် သူ့ရုံးချိန်းတိုင်း ရောက်အောင်လာတာ။ သူဖမ်းခံရတုန်းက ၁၈ နှစ် ကျော်ပဲ ရှိသေးတာ
နိုင်ငံရေး အကျဥ်းသားတွေဟာ သူတို့ကိုစွဲထားတဲ့ အမူတွေကို တရားရင်ဆိုင်ဖို့အတွက် ခရိုင်တရားရုံး ရှိရာကို အင်းစိန်ထောင်ကနေ ရောက်လာကြတာပါ။
သံခြေချင်းခတ်ခံထားရတဲ့ အမျိုးသမီးငယ်က အကြမ်းဖက်ပုဒ်မတွေကို ရင်ဆိုင်နေရသူဖြစ်ပြီး၊ အခြားအမူနဲ့ အမိန့် ချမှတ်ခံထားရပြီးဖြစ်လို့ သံခြေချင်းခတ်ခံထားရတာဖြစ်ပါတယ်။
သူ့ကို နိုင်ငံတော်အကြည်ညိုပျက်စေမူ ၅၀၅ နဲ့ ၂ နှစ် ချမှတ်ခံထားရပြီး တော်လှန်ရေးအဖွဲ့တွေကို ထောက်ပို့တယ်လို့ဆိုကာ ၅၀ ညနဲ့ အမှုထပ်ရင်ဆိုင်နေရတာလို့ ရုံးချိန်းကိုလာတဲ့ မိခင်က ပြောပြပါတယ်။
"သူယုံကြည်ရာလုပ်တဲ့အတွက် ကျမဘယ်တော့မှ အပြစ်မတင်ဘူး။ ဒါကြောင့် သူ့ရုံးချိန်းတိုင်း ရောက်အောင်လာတာ။ သူဖမ်းခံရတုန်းက ၁၈ နှစ် ကျော်ပဲ ရှိသေးတာ"
သံခြေချင်းခတ်ခံထားရသူ မိန်းကလေးရဲ့မိခင်ကပြောရင်းက ပါးပေါ်ကို စီးကျလာတဲ့ ချွေးတွေသုတ်ကာ ပြောပြပါတယ်။
တော်လှန်ရေးအဖွဲ့တွေကို ငွေနဲ့ပစ္စည်း ထောက်ပံ့တယ်ဆိုရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၀ နှစ်ကနေ တသက်တကျွန်းထိ ချခံရနိုင်ပါတယ်။
ပြည်တွင်းမှာ အန္တရယ်ကြားကနေ လုပ်ပေးနေရတဲ့ထောက်ပို့တွေဟာ မတရားအမိန့်ချခံ ရနေပေမယ့် သူတို့ယုံကြည်ရာကိုလုပ်ခဲ့တဲ့အတွက် နောင်တမရဘူးလို့ မိသားစုနဲ့သူငယ်ချင်းတွေကို မိန်းကလေးငယ် က ပြောပြပါတယ်။
အဲဒီနေ့ ရုံးချိန်းကိုလာရောက်သူတွေထဲမှာ သူတို့ မိသားစုဝင်တွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံရတာ အများအပြားပါဝင်နေတာတွေ့လိုက်ရပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမူပုဒ်မ ၅၀၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေဖြစ်တဲ့ ၅၀ ည/ ၅၀ စျ/ ၅၂ စတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရပြီး ထောင်ဒဏ်တသက်ထိချမှတ်နိုင်တဲ့ အမူတွေနဲ့ ရင်ဆိုင်နေကြရ တာပါ။
အကြမ်းဖက်ဥပဒေ ပုဒ်မတွေဟာပါ ပြဌာန်းကတည်းကပါပြီးသား ပုဒ်မတွေဖြစ်လို့ ဒါကို အသုံးချကာ စစ်အုပ်စုက သူတို့စိတ်ကြိုက် ပြစ်ဒဏ်ချမှတ်နေတာလို့ နိုင်ငံရေးအမူတွေလိုက်ပါဆောင်ရွက်နေတဲ့ တရားလွတ်တော်ရှေ့နေတွေက မှတ်ချက်ပြုပါတယ်။
“ဘယ်အစိုးရဖြစ်ဖြစ် တည်ဆဲအစိုးရတွေဟာ သူတို့ရဲ့ အတိုက်အခံတွေ မတရားအသင်း၊ အကြမ်းဖက်အဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်ရင် တရားစွဲကြမှာ” လို့ ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့တွေနဲ့ စစ်အုပ်စုအကြား စစ်ရေးအရပြင်းထန်နေတဲ့အချိန်ဖြစ်လာတာကြောင့် ထောက်ပို့ကဏ္ဍတွေကို အရင်ကထက်ပို စောင့်ကြည့်လာတာလို့ ပြောပါတယ်။
"ခုကာလမှာမှ ပြဌာန်းထားတာတော့မဟုတ်ဘူး၊ ဒီကာလကြတော့ နိုင်ငံရေးအရဖြစ်စေ စစ်ရေးအရ ဖြစ်စေ ပြိုင်ဆိုင်မူက ပြင်းထန်နေတယ်။ ဒီဖက် စစ်တပ်နဲ့ သူ့ကိုပြိုင်ဆိုင်နေတဲ့အင်အားစုတွေနဲ့က ပြင်းထန်လာတယ်၊ သူ့ဖက်ကလည်းလုပ်မှာပဲ" လို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။
ယာယီနားနေရမယ့် အချုပ်ခန်းရှိရာနေရာကို သွားမယ်ဆိုရင် အပေါက်ဝမှာရှိတဲ့ ရဲအချို့ကို ကျပ်ငွေ နှစ်ထောင်ခန့် ပေးရပါတယ်။ နောက်တနေရာမှာတော့ ပါလာတဲ့ဖုန်းတွေအပ်ရပြီး နှစ်ထောင်ကျပ် ထပ်ပေးရကာ စားစရာအချို့ကို ယူသွားခွင့်ရပါတယ်
ခရိုင်တရားရုံးချိန်းရှိရာနေရာကို ရောက်လာသူတွေထဲမှာ ‘မမေ’ လည်း ပါပါတယ်။
သူငယ်ချင်းဖြစ်သူ ထောက်ပို့လုပ်လို့ဆိုပြီး ဖမ်းဆီးခံခဲ့ရပြီး နောက်ဆုံးအမိန့်ချမယ့်နေ့ကို သူရောက်အောင် လာခဲ့တာပါ။
အင်ဂျင်နီယာဘာသာရပ်နဲ့ ကျောင်းပြီးထားတဲ့ သူငယ်ချင်းဟာ တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ အမူနဲ့ အဲဒီနေ့ရုံးချိန်းမှာ ထောင် ၁၀ နှစ် ချမှတ်ခံလိုက်ရပါတယ်။
"သူပိန်သွားတယ်၊ နောင်တမရပေမယ့် ၁၀ နှစ်တောင်ကျတော့မယ်ဆိုတော့ မိသားစုနဲ့မတွေ့ရမှာမို့ သူမျက်ရည်တော့ကျနေတယ်၊ တကယ့်နှမြောစရာလေးတွေ"လို့ မမေက ပြောပါတယ်။
တရားရုံးရဲ့ ယာယီအချုပ်ခန်းထဲမှာ အချုပ်သားတွေကို သူ့မြို့နယ်အလိုက်ထားပါတယ်။
တရားသူကြီးမရောက်ချိန် ခေတ္တနားနေချိန်မှာ မိသားစုဝင်တွေ၊သူငယ်ချင်းတွေက တွေ့ဆုံခွင့် ဆယ်မိနစ်ခန့် ရကြပါတယ်။
ယာယီနားနေရမယ့် အချုပ်ခန်းရှိရာနေရာကို သွားမယ်ဆိုရင် အပေါက်ဝမှာရှိတဲ့ ရဲအချို့ကို ကျပ်ငွေ နှစ်ထောင်ခန့် ပေးရပါတယ်။
နောက်တနေရာမှာတော့ ပါလာတဲ့ဖုန်းတွေအပ်ရပြီး နှစ်ထောင်ကျပ် ထပ်ပေးရကာ စားစရာအချို့ကို ယူသွားခွင့်ရပါတယ်။
ဒီထက်ပို အချိန်ကြာတွေ့ချင်ရင်တော့ တာဝန်ကျအရာရှိနဲ့ ရဲလုံခြုံရေးအဖွဲ့တွေကို ငွေကျပ် ခုနှစ်သောင်း ပေးပြီး ကြိုတင်ခွင့်တောင်းခံ တွေ့ရတာမျိုးလည်းရှိပါတယ်။
ခုနှစ်သောင်းပေးရတာဟာ ဝင်ငွေနည်းမိသားစုတွေအတွက် များပြားလှတဲ့ပမာဏဖြစ်ပေမယ့် နောက်ဆုံး ရုံးချိန်း အမိန့်ချမယ့်နေ့မို့ မရမက ရှာဖွေလာကြတာလို့ ပြောပြကြပါတယ်။
စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေအပါဝင် သူတို့ကိုဆန့်ကျင်တဲ့အဖွဲ့တွေကို ထောက်ပံ့သူတွေကို ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီးနှိပ်စက်နေပေမယ့် လူငယ်တွေရဲ့တော်လှန်လိုတဲ့ စိတ်ကို ဟန့်မတားနိုင်ဘူးလို့ ထောင်ဝင်စာကူသူ နိုင်ကျဥ်းဟောင်းတွေက ပြောပါတယ်။
"ထောက်ပို့လုပ်တာ ထောင်တသက် ကျမယ်ဆိုတာသိတယ်၊ တနိုင်ငံလုံးအော်ခဲ့ကြတဲ့ ပါးစပ်တွေက နိုင်ကျဥ်း သုံးသောင်းမပြည့်ဘူး။ အမှန်တရားကို မြတ်နိုးတယ်၊ စစ်ကြောရေးသေဆုံးခြင်း မှတ်တိုင်တွေ ကနေ အသက်မြော့မြော့နဲ့ ထောင်ထဲရောက်သွားတယ် ၊ ထောင်ထဲရောက်သွားလည်း ဆက်လုပ်နေတယ် ကိုယ်တိုင်လည်းလုပ်တယ်"လို့ထောင်ဝင်စာကူပေးနေတဲ့ နိုင်ကျဥ်းဟောင်း အမျိုးသမီးတဦးက ပြောပါ တယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်စဉ် စတင်ချိန်ကနေ ၂၀၂၅ခုနှစ် ဩဂုတ် ၁၅ ရက်အထိ ကာလအတွင်း သေဆုံး ခဲ့ရသူ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ခုနှစ်သောင်းကျော် (၇,၀၆၆) ဦး ရှိခဲ့ပြီး ဖြစ်ပါတယ်။
ထောက်ပို့လုပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)နဲ့ တရားစွဲ ထောင်ကျနေသူတွေထဲမှာ ဖုန်းကနေ ငွေပို့ငွေလွှဲစနစ်ကိုခြေရာခံကာ ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးခံရသူတွေထဲမှာမှ Kpay အသုံးပြုသူတွေ အများဆုံး ပါဝင်နေတာ တွေ့နေရပါတယ်။ တရားစွဲဆိုခံရသူအများစုဟာ ငွေလွှဲအကောင့်တွေ ပိတ်သိမ်းခံရပြီးတဲ့ နောက်မှာမှ ဖမ်းဆီးခံရတာကို အများအပြား တွေ့ရပါတယ်။
ဒီလိုဖိနှိပ်စောင့်ကြည့်မှုတွေရှိပါလျှက် ပြည်တွင်းမှာနေပြီး ထောက်ပို့အလုပ် ဆက်လုပ်နေသူတွေ အဖို့တော့ ထောင်ထဲမှာ ရှိနေသူတွေ လွတ်လာတဲ့ထိ ဆက်လုပ်နေမှာလို့ ပြောပါတယ်။
"စစ်ကြောရေးကနေ အသက်တွေမသေလို့ထောင်ထဲကနေ ပြန်ထွက်လာတဲ့ နိုင်ကျဥ်းအချို့က ထောင် ထမင်းဟင်းတွေ စားသောက်လာရတော့ ထောင်သွေးတွေက အကျဥ်းဦးစီးတို့ ရဲတို့ကို မကြောက်ဘူး၊ ကိုယ့်ကိုယ်ကိုထက် ထောင်ထဲက သူတို့ကို ပိုချစ်တယ်ကြတယ်၊ နှလုံးသားတွေက ထောင်ထဲမှာ ကျန်ခဲ့တယ်၊ ဒါကြောင့် ထောက်ပို့တွေ ဆက်လုပ်နေကြတာ " လို့ လက်ရှိ အချိန်ထိ ထောက်ပို့ လုပ်နေသူတဦးက ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့စာရင်းအရ ၂၀၂၅ ခုနှစ် အတွင်း လုံလောက်တဲ့ ဆေးကုသမူမရရှိတာကြောင့်ထောင်အတွင်းသေဆုံးသူ(၁၇)ဦးအထိ ရှိလာပါတယ်။
ဒီအထဲမှာ နှစ်ရှည်ပြစ်ဒဏ်ကျခံနေရသူ အများအပြားပါဝင်နေပါတယ်။
"ထောင်ထဲရောက်တဲ့သူတွေထဲက သေဆုံးတာ ရှိတယ်၊ သေဒဏ်တွေလည်း မကြောက်တော့ဘူး"လို့ လက်ရှိ ပြည်တွင်းကနေ ထောက်ပို့ဆက်လုပ်နေသူ နိုင်ကျဥ်းဟောင်းတဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ သူတို့လက်လွှတ်ထားရတဲ့မြို့တွေကိုပြန်ရဖို့အတွက် အပြင်း အထန် ထိုးစစ်ဆင်နေတဲ့အချိန်ကာလ ဖြစ်နေပါတယ်။
စစ်ကောင်စီဖက်ကလည်း စစ်မှုထမ်းအင်အား ထပ်မံတိုးချဲ့တာ၊ လေကြောင်းပစ်ကူတွေနဲ့တိုက်ခိုက်လို့ ပြန်ပေးရတဲ့မြို့တွေ ရှိလာတာကြောင့်တော်လှန်ရေးအဖွဲ့တွေ အားလျော့လာတာမျိုးရှိနေတယ်လို့ နိုင်ငံရေး စိတ်ဝင်စားသူတွေက သုံးသပ်ကြပါတယ်။
ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပို့နေသူတွေ အင်အားချိနဲ့အောင် ပြစ်ဒဏ်တွေ ချနေတာလို့ ပြောပါတယ်။
"ထိန်းချုပ်ထားတဲ့ နယ်မြေတွေ စွန့်လွတ်ပေးလိုက်ရတာတွေရှိတယ်၊ ကောင်းတဲ့အလားလာတွေတော့ မဟုတ်ဘူး၊ ဒါတွေကို ဘယ်လိုပြုပြင်ကြမလဲ၊ တဖက်ကလည်း အကြောင်းပြချက်က ပြည်သူတွေရဲ့ အထောက်ပံ့နည်းလို့၊ ကျည်မလုံလောက်လို့၊ လက်နက်မလုံလောက်လို့ ဆုတ်ပေးလိုက်ရတယ် ပြောတယ်၊ ဒါလဲမှန်တယ်၊ ရှေ့ဆက်ပြီး ဒီအရေးကိစ္စတွေမှာ ပြည်သူတွေဘယ်လောက်ထိ စိတ်ဝင်စားကြမလဲ၊ ဘယ်လောက်ထိထောက်ပံ့နိုင်မလဲ၊ ပြည်သူတွေထောက်ပံ့မူနည်းသွားခဲ့ရင် တဖက်က ဖိဖိစီးစီးနဲ့ဆောင်ရွက်လာခဲ့ရင် ခုလိုနယ်မြေတွေတခုပြီး တခု ဆုံးရှုံးသွားရင် အစကနေ ပြန်စရတော့မယ့် အနေအထားမျိုးပြန်သွားရလိမ့်မယ်" လို့ နိုင်ငံရေးအမူတွေကို လိုက်ပါဆောင်ရွက်ပေး နေတဲ့ ဥပဒေအကျိုးဆောင်တဦးက ပြောပါတယ်။
မကြာသေးခင်ကပဲ စစ်ကောင်စီက သူတို့ကို ဆန့်ကျင်နေသူတဦးဖြစ်တဲ့ အဆိုတော်ချမ်းချမ်းရဲ့ ပစ္စည်းတွေကို ရောင်းချပြီးထောက်ပို့လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးကာ ထောင်နှစ်ရှည်ချမှတ်တဲ့ ဖြစ်ရပ်ကို လူသိရှင်ကြား ချပြထားပါတယ်။
ပြည်ပကသူတွေအဖို့ ထောက်ပို့လုပ်ငန်းစဥ် လုပ်နေတယ်ဆိုတာကို ချပြလို့ရနေပေမယ့် ပြည်တွင်းမှာ နေထိုင်ပြီး ထောက်ပို့လုပ်နေသူတွေကတော့ သူတို့ ဘာလုပ်နေတယ်ဆိုတာကို ချပြဖို့ မဖြစ်နိုင်ပါဘူး။
ထောက်ပို့လုပ်လို့ ဖမ်းဆီးခံရချိန် စစ်ကြောရေးမှာ နှိပ်စက်ဒဏ်ကြောင့် သေသူသေ၊ စစ်ကြောရေးက ထွက်လာချိန်ကြပြန်ရင်လည်း နှစ်ရှည်ပြစ်ဒဏ်ချမှတ်ခံနေရပေမယ့် ရပ်တန့်ဖို့ စိတ်ကူးမရှိဘူးလို့ တရားရင်ဆိုင်နေရတဲ့ ထောက်ပို့နေသူတွေက ပြောပါတယ်။
-
ခရိုင်တရားရုံးဝင်းအတွင်း ပင်မအဆောက်အဦးရဲ့ နောက်ကျောအဆောင် ဝန်းကျင်နေရာမှာတော့ ဝင်လာမယ့်အချုပ်ကားပေါ်က ပါလာမယ့်သူတွေထဲမှာ မိသားစုဝင်တွေ ပါလာမလားဆိုပြီး မျော်နေကြပါတယ်။
နောက်ထပ်အချုပ်ကားတစီး ထိုးရပ်လာပါပြီ လက်နက်အပြည့်စုံကိုင်ထားတဲ့ ရဲနှစ်ယောက် ဆင်းလာပါတယ်။
အချုပ်ကားပေါ်ကနေ လူငယ်နဲ့ လူလတ်ပိုင်းအရွယ် ၇ ဦး ဆင်းလာပါတယ်။
သူတို့ကို အမိန့်ချမယ့် ရုံးချိန်းနေရာကို ရောက်လာကြတဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေရှိရာဆီကို တချက်လှည့်ကြည့်ပြီး တရားရုံး အချုပ်ခန်းရှိရာနေရာဆီကို တရွေ့ရွေ့ လိုက်ပါသွားကြပါတယ်။
Top News
လွန်ခဲ့သော ၇ နာရီ က
လွန်ခဲ့သော ၇ နာရီ က
လွန်ခဲ့သော ၄ ရက် က