bap-logo
Weekly

ဘီအေပီ၏တစ်ပတ်အတွင်း ပြည်တွင်း သတင်း ကောက်နုတ်ချက်

XpMtJSCNjtmFi-6_P7Sb9-image

လွန်ခဲ့သော တစ်နှစ် က

,သင်္ကြန်လို့ အများစုက ဝိုင်းပြီးသမုတ်ကြတဲ့ စစ်အာဏာသိမ်းမှုအောက်က စစ်မီးတောက်လောင်နေတဲ့ အခါ သမယ သင်္ကြန်ကာလ ပြီးဆုံးသွားခဲ့ပြီးတဲ့နောက်မှာတော့ ရာသီဥတု အပူမီးကို တစ်နိုင်ငံလုံး ကြုံတွေ့လာခဲ့ကြရ ပြန်ပါပြီ။

 

စစ်အာဏာရှင်တော်လှန်ရေးအားကောင်းနေတဲ့ နိုင်ငံအလယ်ပိုင်းနဲ့ အထက်အညာဒေသမှာ နေ့အပူချိန်များဟာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကနေ ၄၅ ဒီဂရီစင်တီဂရိတ်အထိတက်လာတာကို အပူချိန်ပြစာရင်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။ မကွေးတိုင်းက ချောက်မြို့နယ်ဆိုရင် ကမ္ဘာ့အပူဆုံးမြို့အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါ သေးတယ်။

 

မြန်မာနိုင်ငံအောက်ပိုင်းက တိုင်းနဲ့ ပြည်နယ်တွေမှာလည်း အပူချိန်တွေမြင့်တက်ခဲ့ပြီး မုတ်သုံကြို မိုးမရွာမချင်း ဒီအပူချိန်ဟာ ဆက်လက်မြင့်တက် သို့မဟုတ် တည်ရှိနေဦးမယ့်အခြေအနေမှာ ရှိနေပါတယ်။

 

နေ့ဘက် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်တက်လာနိုင်ပြီး ရေဓါတ်ခမ်းခြောက်ကာ ဝမ်းပျက်ဝမ်းလျှော၊ သွေးတိုးနဲ့ အပူရှပ်ပြီး လေသင်တုန်းပြဿနာများကြုံတွေ့ရလာနိုင်တဲ့အတွက် နေ့လည်နေ့ခင်း နေရောင်ကို တိုက်ရိုက်ထိတွေ့မှုကနေ အတတ်နိုင်ဆုံးရှောင်ရှားဖို့ မိုးလေဝသဆိုင်ရာ ကျွမ်းကျင်နားလည်သူများက တိုက်တွန်းထားပါတယ်။

 

စစ်မီးတောက်နေတဲ့ ခင်ဦးနယ်ထဲမှာတော့ စစ်ကောင်စီစစ်ကြောင်းကို ရှောင်ပြေးနေတဲ့ အသက် ၈၃ နှစ်အရွယ် အဖွားအိုတစ်ဦး ကြာသပတေးနေ့က ရေဓါတ်ခမ်းခြောက်၊ အမောဖောက်ကာ သေဆုံးခဲ့ရပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာလည်း အပူဒဏ်ကြောင့် လူသေဆုံးမှုတွေရှိခဲ့ပါတယ်။

 

ပဇီကြီးရွာ စစ်ကြောင်းထပ်အထိုးခံရပြီး လေယာဉ်နဲ့လည်း ထပ်အပစ်ခံရ

 

စစ်တပ်က လေယာဉ်နဲ့တိုက်ခိုက်လို့ ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် လူ ၁၇၀ ကျော် အစုလိုက် အပြုံလိုက် သေဆုံးခဲ့တဲ့ ပဇီကြီးရွာကို စစ်တပ်ကပဲ ကြာသပတေးနေ့က တိုက်လေယာဉ်နဲ့ထပ်ပစ်သွားခဲ့ပါတယ်။

 

ကန့်ဘလူမြို့အရှေ့တောင်ဘက်က ၂၆ မိုင်အကွာမှာရှိနေတဲ့ ပဇီကြီးရွာတဝိုက်ကို စစ်တပ်က ဧပြီ ၁၉ ရက် ကတည်းက အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးပြီး နောက်တစ်ရက်မှာပဲ လေယာဉ်နဲ့ထပ်မံပစ်ခတ်ခဲ့တာပါ။

 

စစ်တပ်က စစ်ကြောင်းဝင်ပြီးတဲ့နောက် ပဇီကြီးနဲ့အနီးတဝိုက်ရွာများက ရွာသူရွာသားတွေ နေအိမ်တွေကို စွန့်ခွာ ထွက်ပြးနေကြတဲ့အတွက် ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

 

ရွာသူရွာသားအများစုဟာ ၎င်းတို့ မိသားစုဝင်တွေ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေ ကြရသလို သေဆုံးသူများအတွက်လည်း ရက်လည်ဆွမ်းသွပ်တောင် မလုပ်နိုင်ကြသေးပါဘူး။

 

ပဇီကြီးဖြစ်စဉ်ကို ဝေဖန်လို့ သတင်းစာဆရာ၊ သရုပ်ဆောင် အဆိုတော်များ ဖမ်းဆီးအမှုဖွင့်ခံရ

 

စစ်အာဏာသိမ်းမှုမတိုင်ခင်က ထုတ်ဝေခဲ့တဲ့ The Voice Weekly ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ထင်ရှားတဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ အဆိုတော် ရွှေရည်သိန်းတန်၊ မေလသံစဉ်နဲ့ သရုပ်ဆောင် မေပန်းချီတို့ဟာ ပဇီကြီးဖြစ်စဉ်အပေါ် ဝေဖန်မှုပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ခဲ့ပါတယ်။

 

၎င်းတို့ လေးဦးလုံးဟာ သင်္ကြန်မတိုင်ခင် ရက်ပိုင်းကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပဇီကြီးကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ လူမှုကွန်ယက်မှာဝေဖန်းရေးသားခဲ့တဲ့အတွက် ကြာသပတေးနေ့မှာ ဆူပူအောင်လှုံ့ဆော်မှုအဖြစ် နာမည်ကြီးတဲ့ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံခဲ့ရတယ်လို့ ပြည်တွင်းသတင်းဌာနတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။

 

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ဆိုပြီး လူပေါင်း ၂၁,၄၆၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ၃,၈၈၂ ဦးသာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

 

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံရေးသမား မဆိုစလောက်သာပါဝင်

 

ဧပြီလ ၁၇ ရက်မှာကျရောက်တဲ့ မြန်မာနှစ်ကူး နှစ်ဆန်း ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံခြားသာ ၉၈ ဦး အပါအဝင် တစ်နိုင်ငံလုံးကထောင်တွေကနေ အကျဉ်းသူ၊ အကျဉ်းသား ၃,၀၀၀ ကျော် လွှတ်ပေးခဲ့ပါတယ်။

 

စစ်တပ်က လွှတ်ပေးခဲ့တဲ့ အကျဉ်းသားအများစုဟာ စစ်ဥပဒေ၊ ရဲစည်းကမ်းဥပဒေအရ ထောင်ကျနေသူ၊ မူးယစ်မှုနဲ့အခြားရာဇဝတ်မှုများကြောင့် ထောင်ကျနေသူများသာဖြစ်ကြပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံခဲ့ရသူများ၊ NLD ပါတီဝင်များနဲ့ နိုင်ငံရေးအကျဉ်းသားအများစုတော့ မပါဝင်ခဲ့ပါဘူး။

 

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဩစတေးလျစီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်နဲ့ အမှုတွဲခံခဲ့ရတဲ့ NLD အစိုးရလက်ထက် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတစ်ယောက်သာ ပြန်လွတ် လာတဲ့သူတွေထဲမှာ ပါဝင်လာတာ တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ဦးကျော်ဝင်းဟာ ထောင်ဒဏ် နှစ် ချမှတ်ခံထားရပြီး လွတ်ရက်စေ့ခါနီးမှာပြန်လွတ်လာတာဖြစ်ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် စုစုပေါင်း ၁၇,၅၆၃ ဦးကတော့ မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်တွေထဲမှာ ဆက်လက်အကျဉ်းချခံထားရဆဲပါ။

 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံတချို့ လက်ခံကြားနာရန် တရားလွှတ်တော်ချုပ်ဆုံးဖြတ်

 

စစ်တပ်က ဖမ်းဆီး တရားစွဲဆိုမှုများ ပြုလုပ်ပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုစုစုပေါင်း ၁၉ မှု အတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပါတယ်။ အမှုအားလုံးအတွက် အယူခံနဲ့ ပြင်ဆင်မှုတက်ထားခဲ့ ပေမယ့် အများစုဟာ ပယ်ချခံထားရပါတယ်။

 

ဒီအမှုတွေထဲကမှ NLD အစိုးရလက်ထက် ရဟတ်ယာဉ်ငှားရမ်း၊ ဝယ်ယူမှုနဲ့ သက်ဆိုင်တဲ့ အဂတိမှု ငါးမှု၊ ၂၀၂၀ ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှုနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားစေမှု စုစုပေါင်း အမှု မှုအတွက် အယူခံနဲ့ ပြင်ဆင်မှုများကို ကြားနာဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ခဲ့ပါတယ်။

 

ကြားနာမည့်ရက်ကိုတော့ သတ်မှတ်ထားခြင်းမရှိသေးပါဘူး။

 

လက်ရှိမှာ အသက် ၇၈ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်အတွင်းက အဆောက်အအုံငယ်တစ်ခုမှာ တစ်ဦးတည်းချုပ်နှောင်ခံထားရပြီး သူ့ရဲ့ ရှေ့နေများနဲ့ မတွေ့ရတာ လေးလနီးပါး ရှိလာခဲ့ပြီဖြစ်ပါတယ်။

 

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူစေးဖိုး သွေးတိုးလို့ ဆေးရုံတက်ရ

 

ဒေါ်အောင်ဆန်းစုကြည်ထက် အသက် ၁၂ နှစ်ခန့်ကြီးတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ မူတူစေးဖိုးဟာသွေးတိုးဝေဒနာကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မှာ ဆေးရုံတင်လိုက်ရပါတယ်။

 

အသက် ၉၀ အရွယ်ရှိပြီဖြစ်တဲ့ မူတူးဆေးဖိုးဟာ ပူပြင်းတဲ့ရာသီဥတုကြောင့် သွေးတိုးဝေဒနာ ခံစားခဲ့ရခြင်း ဖြစ်ကာ ရက်ပိုင်းအကြာမှာပဲ သက်သာလာတာကြောင့် ဆေးရုံကနေဆင်းပြီး အိမ်ကို ပြန်ရောက်သွားခဲ့ပါပြီ။

 

ရိုဟင်ဂျာအမှု ခုခံမယ့်ရက်ကို နောက်နှစ်ထဲကိုရွှေ့ပေးဖို့ စစ်ကောင်စီ၏ တောင်းဆိုချက် ICJ ပယ်ချ

 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ မြန်မာဘက်က ခုခံ ချေပလွှာ တင်ပြဖို့ ဆိုပြီး ဧပြီ ၂၄ ရက် ကို နောက်ဆုံးရက်အဖြစ် တရားရုံးက ကနဦးတုန်းက သတ်မှတ်ခဲ့ပါတယ်။

 

စစ်ကောင်စီကတော့ ရုံးချိန်းကို နောက်နှစ်ဖေဖော်ဝါရီလအထိ ရွှေ့ပေးဖို့ ပြီးခဲ့တဲ့ မတ်လအတွင်းက တောင်းဆို ခဲ့ပြီး တရားရုံးဖက်က လက်မခံခဲ့ပါဘူး။ အဲဒီအစား ပြင်ဆင်ချိန်ကို မူလ ဧပြီ ၂၄ ကနေ မေလကိုပြောင်းလဲပြီး နောက်ထပ်တစ လပဲ အချိန်ထပ်တိုးပေးခဲ့ပါတယ်။

 

မြန်မာကို တရားစွဲတဲ့ ဂမ်ဘီယာနိုင်ငံဘက်က တင်သွင်းတဲ့ အဆိုလွှာက ရှည်လျားနေတာ၊ အမှုကိစ္စ အချက် အလက်တွေကို ဘာသာပြန်ဖို့ အချိန်လိုအပ်တာနဲ့ မြန်မာဘက်က အချက်အလက်မပြည့်စုံသေးတာ စသဖြင့် အကြောင်းပြချက်တွေကြောင့် အချိန်တိုးတောင်းတာဖြစ်ကြောင်း တရားရုံးရဲ့ ဧပြီလ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

Photo- ခင်ဦးမြို့နယ်သတင်းပြန်ကြားရေး (ခင်ဦးမြို့နယ်မှ နွေအပူအောက်က စစ်ရှောင်ပြည်သူများ)

Burma Associated Press

စစ်ကောင်စီ
ပြည်ခိုင်ဖြိုး ပါတီ
အောင်ဆန်းစုကြည်
အကျဉ်းသား
စစ်ကိုင်း

Share With
bap-logo