Weekly
နှစ်သစ်ဆုတောင်း
လွန်ခဲ့သော ၂ နှစ် က
၂၀၂၂ခုနှစ် ကုန်ဆုံးလို့ ၂၀၂၃ ခုနှစ်ကို ရောက်ရှိခဲ့ပါပြီ။ ပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ နှစ်သစ်တစ်ခုကို ရောက်ရှိလာခဲ့ပါပြီ။ အခုဆိုရင် စစ်အာဏာရှင် လက်အောက်မှာ ကူးပြောင်းခဲ့ရတဲ့ နှစ်သစ်ကူးပင် ၂ နှစ်တောင် ရှိခဲ့ပါပြီ။
မည်သို့ပင် နှစ်သစ်တွေကို ရောက်လာခဲ့ပါစေ အာဏာရှင်လက်အောက်မှာ ရှိနေသမျှကာလပတ်လုံး ပြည်သူ လူထုအတွက် လွပ်လပ်ပျော်ရွှင်ဖွယ် နှစ်သစ်တစ်ခု မဖြစ်နိုင်တာကတော့ အသေချာပါပဲ။
ပြည်သူလူထုအနေနဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်လုံးမှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ နိုင်ထက်စီးနင်း ကျူးလွန်မှု တွေကို အဆုံးစွန်ထိ ခါးစည်းရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ဝေဟင်၊ မြေပင်ကနေ စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ရမ်းကား ပစ်ခတ်မှုတွေ၊ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ်မီးရှို့ခံရမှုတွေနဲ့ အမျိုးသမီးတွေ အဓမ္မ ပြုကျင့်မှုတွေအထိ လူ့အခွင့်အရေး၊ ကလေး သူငယ်အခွင့်အရေးများစွာကို ဆုံးရှုံးခဲ့ကြပြီးဖြစ်ပါတယ်။
နှစ်ဟောင်းမှာ မီးရှူးမီးပန်းသံတွေအစား လက်နက်သံ၊ ကျည်သံတွေ များပြားခဲ့ပါပြီ၊ သဘာ၀ အလှတရားနဲ့ ဓလေ့ထုံးတမ်းလေ့လာစရာနယ်မြေတွေအစား မီးလောင်ပြင်တွေများခဲ့ရပါပြီ။ ဒါတွေဟာ တော်လှန်ရေးအောင် မြင် ပြီးဆုံးချိန် မရောက်ခင်ထိ ကြုံတွေ့ ရင်ဆိုင်နေကြရဦးမှာ မလွဲဧကန်ပါပဲ။
တစ်ဖက်မှာလည်း အာဏာရှင်မလိုလားသူ ပြည်သူတွေအနေနဲ့ မလျော့သောဇွဲနဲ့ တိုက်ပွဲ၀င်နေကြဆဲဖြစ်ပြီး၊ အာဏာရှင်က နည်းမျိုးစုံနဲ့ ဖိနှိမ်ထားတဲ့ကြားကနေ စပရိန်တွေလို ရုန်းကန် ထကြွနေကြဆဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် နှစ်သစ်ကို ပြောင်းသွားပေမယ့် ကြုံရမှာက ကြုံကြရဦးမှာဖြစ်ပြီး၊ ရင်ဆိုင်ရမှာတွေလည်း ရင်ဆိုင်ကြရဦးမှာဖြစ်ပါတယ်။ သို့သော် “ကံ” ဆိုတာ အလုပ်၊ ကြိုးစားမှုဆိုပါက လူထုအားနဲ့ မလျော့စတမ်း ဆက်လက် တွန်းလှန်နေသမျှ တနေ့ အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းနိုင်မည်မှာ မုချပင် ဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေ အာဏာရှင်လက်အောက်မဟုတ်သော နိစ္စဓူ၀ ဘ၀ဖြတ်သန်းမှုတွေကို နှစ်သစ်မှာ ကြုံကြရပါစေ လို့ တော်လှန်ပြည်သူများအတွက် ဘီအေပီက နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါရတယ်။ ကျန်းမာပျော်ရွှင် ပြီး၊ ဘေးဘယာကင်းဝေးတဲ့ နှစ်သစ်ကူးအချိန်အခါသမယ ဖြစ်ပြီး လွှတ်လပ်ပျော်ရွှင်ဖွယ် ၂၀၂၃ ခုနှစ်ဖြစ်ပါစေ။ အာဏာရှင်အဆုံးသတ်ကျဆုံးသော နှစ်သစ်ဖြစ်ပါစေ။