Politics
အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းအပါအဝင် ၊ ၄ ဦးကို အပြီးသတ်အမိန့် ချမှတ်
လွန်ခဲ့သော ၂ နှစ် က
ဒီဇင်ဘာ ၂၈
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းအပါအဝင်၊ ၄ ဦးကို ယခုရက်ပိုင်း အတွင်း စစ်ကောင်စီလက်အောက်ခံ တရားရုံးများမှ အပြီးသတ်အမိန့်များ ချမှတ်ခဲ့ကြောင်းသိရသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်က ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌမဆုရည်လင်းကို နောက်တိုးစွပ်စွဲချက် ပုဒ်မ ၄၂၀ - က နှင့် ၄၆၈ တို့အရ ထောင်ဒဏ် ၄ နှစ်ကို တစ်ပေါင်းတည်း ၂ နှစ် ကျခံစေရန် ယနေ့တွင် အမိန့်ချခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်သမဂ္ဂရုံးမှ သိရသည်။
မဆုရည်လင်းကို ယခင်က ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ချမှတ်ထား ခဲ့ပြီးဖြစ်ကာ၊ လက်ရှိထောင်ဒဏ်အပါအဝင် စုစုပေါင်းထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။
မဆုရည်လင်းအပြင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများဖြစ်သည့် မရွှေရည်ဝင်း၊ ကိုဉာဏ်ဝင်းထက် နှင့် ကိုလင်းထက်ကိုကိုတို့ သုံးဦးကိုလည်း ဒီဇင်ဘာ ၂၆နှင့် ၂၇ ရက်များတွင် ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက် ညကြည့်မြင်တိုင်နေအိမ်တွင် အကြမ်းဖက်ဖမ်းဆီးခံခဲ့ရသည့် မရွှေရည်ဝင်းကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ် ၃ နှစ်၊ ဧပြီလ ၁၂ ရက်တွင် ဖမ်းဆီးခံခဲ့ရသည့် အရှေ့တိုင်းပညာအထူးပြုကျောင်းသား ကိုလင်းထက်ကိုကိုအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-ည ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဇွန်လ ၃၀ ရက်က ဒေါပုံမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် ကိုဉာဏ်ဝင်းထက်အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃ ဖြင့် ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၅၁ - ဂ ဖြင့် ထောင်ဒဏ် ၈ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည့်အပြင်၊ ထပ်တိုးပုဒ်မဖြင့် နောက်ဆက်တွဲ တရားစွဲဆိုထားကြောင်းလည်း သမဂ္ဂရုံးမှ ဆိုသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ အဖမ်းဆီးခံကျောင်းသား/သူများအား ယခုနှစ် နောက်ဆုံးရက် သတ္တပတ်တွင် အပြီးသတ်အမိန့်များ ချမှတ်နေပြီး၊ အမြင့်ဆုံးထောင်ဒဏ်မှာ ၂၆ နှစ် ဖြစ်သည်။