International
ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ဝန်ထုပ် ဝန်ပိုးဖြစ်နေသည့် ‘ပလတ်စတစ် ပြဿနာ’ ကြောင့် မွေးကင်းစမှ အိုရွယ်သူများထိ ကျန်းမာရေး ထိခိုက်နေ
လွန်ခဲ့သော ၁၅ နာရီ က
■ BAP၊ ဘာသာပြန်။
၁၉၅၀ ခုနှစ်နောက်ပိုင်း ပလတ်စတစ်ထုတ်လုပ်မှု အဆ ၂၀၀ ကျော် မြင့်တက်လာခဲ့ကာ ထုတ်ယူမှုမှ စွန့်ပစ်မှုအထိ အဆင့်တိုင်းတွင် ကျန်းမာရေးကို ထိခိုက်စေသည်ဟု Lancet ဆေးပညာဂျာနယ်၏ သုံးသပ်ချက်တွင် ဖော်ပြထားသည်။
ပလတ်စတစ်များသည် လူသားနှင့် ကမ္ဘာဂြိုဟ် ကျန်းမာရေးအတွက် “ပြင်းထန်ဆိုးဝါးသော၊ တိုးတက်များပြားလာသည့် သတိမထားမိကြသော အန္တရာယ်” တစ်ခု ဖြစ်သည်ဟု ကျွမ်းကျင်သူတို့၏ သုံးသပ်ချက်အသစ်တစ်ခုတွင် သတိပေးထားသည်။
ကမ္ဘာကြီးသည် “ပလတ်စတစ် ပြဿနာ” တစ်ခုအတွင်း ကျရောက်နေပြီဟု ၎င်းသုံးသပ်ချက်တွင် ကောက်ချက်ချထားသည်။
၎င်းပလတ်စတစ် ပြဿနာကြောင့် မွေးကင်းစမှ အိုရွယ်သူများထိ ရောဂါနှင့် သေဆုံးမှုများ ဖြစ်ပွားစေကာ တစ်နှစ်လျှင် အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ ကျန်းမာရေးနှင့် ဆက်နွယ်သော ထိခိုက်မှုများ ဖြစ်ပေါ်စေသည်ဟု ဆိုသည်။
၎င်းပြဿနာ ဖြစ်ပွားစေသည့် အကြောင်းမှာ ပလတ်စတစ် ထုတ်လုပ်မှု အရှိန် အလွန်မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။ ၁၉၅၀ နောက်ပိုင်း အဆ ၂၀၀ ကျော် မြင့်တက်လာခဲ့ကာ ၂၀၆၀ ခုနှစ်တွင် တစ်နှစ်လျှင် တန်ပေါင်း တစ်ဘီလီယံ အထိ ရှိလာကာ ယခုထက် သုံးဆ များပြားလာမည်ဟု မျှော်မှန်းထားသည်။ ပလတ်စတစ်မှာ အရေးတကြီး အသုံးဝင်မှုများ ရှိသော်လည်း သောက်ရေသန့်ဘူးနှင့် အသင့်စား အစားအစာဘူးများကဲ့သို့သော တစ်ခါသုံး လတ်စတစ်ထုတ်လုပ်မှုများ အလျင်အမြန် မြင့်တက်လာခဲ့သည်။
ရလဒ်မှာ ပလတ်စတစ် ညစ်ညမ်းမှုလည်း မြင့်တက်လာခြင်း ဖြစ်သည်။ ယခုအခါ ကမ္ဘာတစ်ခုလုံးတွင် ဧဝရတ်တောင်ထိပ်မှ သမုဒ္ဒရာ အနက်ဆုံးအပိုင်းအထိ တန်ပေါင်း ၈ ဘီလီလံ အထိ ညစ်ညမ်းမှုဖြစ်ပေါ်နေသည်ဟု သုံးသပ်ချက်တွင် ဖော်ပြထားသည်။ ၁၀ ရာခိုင်နှုန်း အောက်သာ ပြန်လည် သန့်စင် အသုံးပြုမှုများ ပြုလုပ်နိုင်ခဲ့သည်။
ပလတ်စတစ်သည် ၎င်းကို ပြုလုပ်ရာ ရုပ်ကြွင်းလောင်စာများမှ ထုတ်ယူခြင်း၊ အသုံးပြုခြင်း၊ စွန့်ပစ်ခြင်းစသည့် အဆင်းတိုင်းတွင် လူနှင့် ကမ္ဘာကို အန္တရာယ် ကျရောက်စေသည်ဟု သုံးသပ်ချက်တွင် ဖော်ပြထားသည်။ လေထုညစ်ညမ်းခြင်း၊ ဓာတုဗေဒ အဆိပ်သင့်ခြင်းနှင့် ခန္ဓာကိုယ်တွင်းသို့ အလွန်သေးငယ်သော မိုက်ခရိုပလတ်စတစ်များ ဝင်ရောက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ပလတ်စတစ်ညစ်ညမ်းမှုက ရောဂါသယ်ဆောင်နိုင်သော ခြင်ပေါက်ပွားမှုကိုလည်း တိုးမြင့်စေသည်။ ပလတ်စတစ်များအတွင်း တင်ကျန်နေသော ရေများသည် ခြင်များ ပေါက်ပွားရန် လွယ်ကူကောင်းမွန်နေသောကြောင့်ဖြစ်သည်။
ထင်ရှားကျော်ကြားသော ဆေးပညာဂျာနယ် Lancet တွင် ဖော်ပြထားသည့် ထိုသုံးသပ်ချက်မှာ နိုင်ငံများအကြား ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ် သဘောတူညီချက်ကို ဉပဒေကြောင်းအရ ချုပ်ဆိုရေး သဘောတူညီမှုရရှိရန် ခြောက်ကြိမ်မြောက် ဆွေးနွေးမှုမတိုင်မီ ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ၎င်းဆွေးနွေးမှုမှာ နောက်ဆုံအကြိမ်ဆွေးနွေးခြင်းလည်း ဖြစ်နိုင်သည်ဟု The Guardian တွင် ဖော်ပြထားသည်။ ယင်းဆွေးနွေးမှုမှာ အများဆုံး ပလတ်စတစ် ထုတ်လုပ်မှု သတ်မှတ်ချက်ကို နိုင်ငံပေါင်း ၁၀၀ ကျော်မှ သဘောမတူညီမှု ပြင်းထန်နေခြင်း၊ ဆော်ဒီအာရေဗျကဲ့သို့သော ရေနံနိုင်ငံများက အဆိုပြုချက်ကို ဆန့်ကျင်နေခြင်းတို့ကြောင့် ဖြစ်သည်။ ရေနံနိုင်ငံများနှင့် ပလတ်စတစ်လုပ်ငန်းများအတွက် လှုံ့ဆော်စည်းရုံးသူများက အထက်ပါ ဆွေးနွေးမှုများကို လမ်းကြောင်းလွဲသွားစေရန် ပြုလုပ်နေပုံကို The Guardian က မကြာသေးခင်က ဖော်ထုတ်ခဲ့သည်။
“ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အပေါ်မှာ အလွန်ပမာမဏ များပြားစွာ ကျယ်ပြန့်၊ ပြင်းထန်တဲ့ ထိခိုက်မှုရှိတယ်ဆိုတာ ကျွန်တော်တို့ သိရှိထားပါတယ်။” ဟု အစီရင်ခံစာသစ်ကို ဉီးဆောင်ပြုစုသူ၊ အမေရိကန်နိုင်ငံ ဘော့စတွန်ကောလိပ်မှ ကလေးအထူးကုနှင့် ကူးစက်ရောဂါဗေဒပညာရှင် ပါမောက္ခ Philip Landrigan က ပြောသည်။
ပလတ်စတစ်သဘောတူညီချက်တွင် လူသားနှင့် ကမ္ဘာမြေကျန်းမာရေးကို ကာကွယ်ရန် အစီအမံများ မဖြစ်မနေ ထည့်သွင်းရမည်ဟု ၎င်းက ပြောသည်။
“ထိခိုက်မှုက နစ်နာခံစားလွယ်တဲ့ လူထုအပေါ်မှာ အများဆုံး ပြင်းပြင်းထန်ထန် ကျရောက်နေပါတယ်။ အထူးသဖြင့် မွေးကင်းစနဲ့ ကလေးသူငယ်တွေအပေါ်မှာပါ။” ဟု ၎င်းက ပြောသည်။ “ဒါက လူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ ကုန်ကျစရိတ်တွေ ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်တို့ အရေးယူ တုန့်ပြန်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”
ပလတ်စတစ် ၉၈ ရာခိုင်နှုန်း ကျော်မှာ ရုပ်ကြွင်းလောင်စာ ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မီးသွေးတို့မှ ပြုလုပ်ရသည်။ စွမ်းအင် အများအပြား အသုံးပြုရသည့် လုပ်ငန်းစဉ်ကြောင့် ရာသီဉတုပြောင်းလဲမှုဖြစ်စဉ်တွင် ကာဗွန်ဒိုင်အောက်ဆိုက် တစ်နှစ်လျှင် တန်ချိန် ၂ ဘီလီယံ အထိ ထုတ်လွှတ်ခဲ့သည်
ရေနံနိုင်ငံများနှင့် ပလတ်စတစ်လုပ်ငန်းများက ပလတ်စတစ်များကို ပြန်လည်သန့်စင် အသုံးပြုရာတွင် အလေးပေးသင့်သည်၊ ထုတ်လုပ်မှုလျှော့ချရေးကို အလေးမပေးသင့်ဟု ငြင်းခုံခဲ့ကြသည်။ သို့သော် ဓာတုဗေဒနည်းအရ ရောထွေးပေါင်းစပ်နေသော ပလတ်စတစ်များမှာ စက္ကူ၊ ဖန်၊ သံမဏိနှင့် အလူမီနီယံတို့ကဲ့သို့ မဟုတ်ဘဲ အလွယ်တကူ ပြန်လည်သန့်စင်အသုံးပြုရန် မဖြစ်နိုင်ပေ။
အစီရင်ခံစာတွင် “ပလတ်စတစ်ညစ်ညစ်ညမ်းမှု ပြဿနာမှ ပြန်လည်သန့်စင်အသုံးပြုခြင်းနည်းလမ်းကို အသုံးမပြုနိုင်သည်မှာ ယခုအခါ ထင်ရှားလာပြီ ဖြစ်သည်။” ဟု ဖော်ပြထားသည်။
ပလတ်စတစ် ၉၈ ရာခိုင်နှုန်း ကျော်မှာ ရုပ်ကြွင်းလောင်စာ ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မီးသွေးတို့မှ ပြုလုပ်ရသည်။ စွမ်းအင် အများအပြား အသုံးပြုရသည့် လုပ်ငန်းစဉ်ကြောင့် ရာသီဉတုပြောင်းလဲမှုဖြစ်စဉ်တွင် ကာဗွန်ဒိုင်အောက်ဆိုက် တစ်နှစ်လျှင် တန်ချိန် ၂ ဘီလီယံ အထိ ထုတ်လွှတ်ခဲ့သည်။ ၎င်းပမာဏမှာ ကမ္ဘာ့ စတုတ္ထ ညစ်ညမ်းမှုအများဆုံး ထုတ်လွှတ်သူ ရုရှားနိုင်ငံထက် ပိုမို များပြားသည်။ ပလတ်စတစ်ထုတ်လုပ်မှုက လေထုညစ်ညမ်းမှုကိုလည်း ဖြစ်စေသည်။ စီမံခန့်ခွဲမှု မလုပ်နိုင်သော ပလတ်စတစ်အမှိုက်များ၏ တစ်ဝက်က လေထုဟင်းလင်းပြင်ထဲသို့ လောင်ကျွမ်းရောက်ရှိသွားကာ လေထုညစ်ညမ်းမှု တိုးမြင့်လာစေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပလတ်စတစ်တွင် ဖြည့်စွက်ပစ္စည်းများ၊ ဆိုးဆေးများ၊ မီးတားပစ္စည်းများ၊ ချုပ်ဆေးများအပါအဝင် ဓာတုပစ္စည်း အမျိုးပေါင်း ၁၆,၀၀၀ ကျော် အသုံးပြုရသည်။ များစွာသော ပလတ်စတစ် ဓာတုပစ္စည်းများမှာ လူ့အသက်ရွယ်စုံတွင် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများနှင့် ဆက်နွယ်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် ပလတ်စတစ်တွင်းမှ မည်သည့်ဓာတုပစ္စည်းကြောင့်ဆိုသည်ကို ပွင့်လင်းမြင်သာစွာ မသိရပါ။
သန္ဓေသား၊ မွေးကင်းစနှင့် ငယ်ရွယ်သော ကလေးများသည် ပလတ်စတစ်နှင့် ဆက်နွယ်သော ထိခိုက်မှုများ မြင့်မားစွာ ဆက်နွယ်နေသည်ဟု ယူဆရကြောင်း လေ့လာအကဲဖြတ်ချက်က တွေ့ရှိရသည်။ကိုယ်ဝန်ပျက်ကျခြင်း၊ အချိန်မတိုင်မီ မွေးဖွားခြင်း၊ မိခင်ဝမ်းတွင်း သေဆုံးခြင်း၊ မွေးရာပါချို့ယွင်းခြင်း၊ အဆုတ်ကြီးထွားမှုချို့ယွင်းခြင်း၊ ကလေးငယ်ဘဝတွင် ကင်ဆာဖြစ်ပွားခြင်း၊ နောက်ပိုင်းတွင် ကိုယ်ဝန်ဆောင်ပြဿနာများကြုံရခြင်းစသည့် အန္တရာယ်များ မြင့်တက်လာသည်။
ပလတ်စတစ်သည် မိုက်ခရိုနှင့် နာနိုပလတ်စတစ်များအဖြစ် ပြိုကွဲသွားပြီး ရေ၊ အစားအသောက်နှင့် အသက်ရှူခြင်းတို့မှတဆင့် လူ့ခန္ဓာကိုယ်တွင်း ဝင်ရောက်သွားလေ့ရှိသည်။ ၎င်းအမှုန်အမွှားလေးများကို သွေး၊ ဉီးနှောက်၊ မိခင်နို့၊ အချင်း၊ သုက်ရည်နှင့် ရိုးတွင်းခြင်ဆီတို့တွင် တွေ့ရသည်။ ၎င်းတို့၏ လူ့ကျန်းမာရေးအပေါ် သက်ရောက်မှုကို အများအပြား မသိရှိရသေးသော်လည်း လေဖြတ်ခြင်းနှင့် နှလုံးနှလုံးရုတ်တရက်ဖောက်ပြန်မှုတို့နှင့် ဆက်စပ်နေပြီး သုတေသီတို့က ကြိုတင်ကာကွယ်မှုဖြင့် ချဉ်းကပ်ရန်လိုအပ်သည်ဟု ဆိုသည်။
ပလတ်စတစ်ကို ဈေးပေါသော ပစ္စည်းဟု ရှုမြင်လေ့ရှိသော်လည်း ကျန်းမာရေးထိခိုက်မှုများ၏ ကုန်ကျစရိတ်များကို ထည့်သွင်းတွက်ချက်လျှင် ဈေးနှုန်းကြီးမြင့်သည်ဟု သိပ္ပံပညာရှင်တို့က ထောက်ပြသည်။ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ပလတ်စတစ် ဓာတုပစ္စည်း သုံးခုမျှသာ ဖြစ်သောPBDE၊ BPA နှင့် DEHP တို့၏ ကျန်းမာရေးထိခိုက်မှု ခန့်မှန့်ခြေသည် တစ်နှစ်လျှင် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံရှိသည်။
လေ့လာအကဲဖြတ်ချက်အသစ်သည် အစီရင်ခံစာအတွဲများမှ အစကနဦဖြစ်ပြီး ပလတ်စတစ်၏ ထိခိုက်မှုများကို ပုံမှန် စောင့်ကြည့်လေ့လာသွားမည်ဖြစ်သည်။ အထက်တန်းရှေ့နေတစ်ဉီးဖြစ်ပြီး အစီရင်ခံစာ ပူးတွဲရေးသားသူ Margaret Spring က “ဒီအစီရင်ခံစာတွေက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဆုံးဖြတ်ချက်ချမယ့်သူတွေကို အဆင့်တိုင်းမှာ ပလတ်စတစ်ညစ်ညမ်းမှုကို ဖြေရှင်းနိုင်မယ့် ထိရောက်တဲ့ မူဝါဒတွေ တည်ဆောက်ဖို့ ခိုင်မာပြီး အမှီအခိုကင်းတဲ့ အချက်အလက်အရင်းအမြစ်တွေ ပေးပါလိမ့်မယ်။” ဟု ဆိုသည်။
ကိုးကား - The Guardian
ပုံစာ - အိန္ဒိယနိုင်ငံ မွမ်ဘိုင်း ရှိ Mithi မြစ်ကမ်းပါးတွင် လူတစ်ဉီး အမှိုက်များ ဆယ်ယူနေစဉ်။ Photograph: Indranil Aditya/NurPhoto/Shutterstock
Burma Associated Press