bap-logo
Weather

စံချိန်တင် ပြင်းထန်သော အပူလှိုင်း ခံစားနေရသည့်အရှေ့တောင်အာရှ

1bek5h566aAB6RSrv47GC-image

လွန်ခဲ့သော ၁၅ ရက် က

အန္တရာယ်ရှိပြီး စံချိန်တင် ပူပြင်းသည့် အပူလှိုင်းကြောင့် အရှေ့တောင်အာရှတွင် ကျောင်းများ ပိတ်ခြင်း၊ ဓာတ်အားလိုင်းများ ထိခိုက်ခြင်း၊ အပူနှင့် ဆက်စပ်သည့် နာမကျန်းဖြစ်မှုနှင့် သေဆုံးမှုများ သိသာစွာ မြင့်တက်လာစေခဲ့သည်။

 

အိန္ဒိယမှ ဖိလစ်ပိုင်နိုင်ငံတို့အထိ ရက်များစွာ အပူချိန် ၁၀၀ ဒီဂရီမှ ၁၂၀ ဒီဂရိအထိ မြင့်တက်နေခဲ့ပြီး မြောက်ဘက် ဂျပန်နိုင်ငံတွင် ၉၀ ဒီဂရီထိ ရောက်ရှိခဲ့သည်။

 

"ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု သမိုင်းမှာ အပြင်းထန်ဆုံးဖြစ်ရပ်ကြောင့် အာရှတဝှမ်း စံချိန်တွေ ထောင်ချီပြီး ချိုးဖောက်ခဲ့ပါတယ်။" ဟု မိုးလေဝသသမိုင်းပညာရှင် Maximiliano Herrera က X တွင် ရေးသားခဲ့သည်။

 

ပြီးခဲ့သည့်အပတ် ဒေသတွင်း အပူလွန်ကဲမှုသည် မေလအစောပိုင်းထိ ဆက်လက်ဖြစ်ပေါ်နေမည်ဟု မျှော်မှန်းရသည်။ အချို့ဒေသများတွင် မတ်လမှ စတင်ကာ အပူချိန်သည် ပုံမှန်ထက် အပေါ်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။

 

ဖိလစ်ပိုင်နိုင်ငံမှ လူပေါင်း ၁၄ သန်းကျော် နေထိုင်ရာ လူဦးရေ အလွန်ထူထပ်သည့် မနီလာမြို့တွင် စနေနေ့က ၁၀၁. ဒီဂရီဖာရင်ဟိုက် (၃၈. ဆဲလ်ဆီးယပ်စ်) အထိ အမြင့်ဆုံး စံချိန်တင်ခဲ့သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ညအပူချိန် အမြင့်ဆုံးစံချိန်အဖြစ် ၈၅. ဒီဂရီ (၂၉. ဆဲလ်ဆီးယပ်စ်) ကို ကြုံတွေ့ခဲ့ရသည်။

 

ပြီးခဲ့သည့် အပတ်တွင် အပူချိန် ၁၀၉. ဒီဂရီ (၄၃ C) သို့ ရောက်ရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ်၌ တနင်္လာနေ့တွင် မူလတန်းကျောင်းများ ပိတ်ခဲ့ရသည်။

 

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ဧပြီလ အပူချိန် အမြင့်ဆုံးအဖြစ် ၁၁၀. ဒီဂရီ (၄၃. C) သို့ ရောက်ရှိခဲ့သည်။

 

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သည် အရှည်ကြာဆုံး ဧပြီလ အပူလှိုင်းကို ကြုံတွေ့နေရသည်ဟု Times of India က ဆိုသည်။ အိန္ဒိယမိုးလေဝသဌာနက မေလ ၂ ရက်နေ့အထိ ကာလကတ္တားမြို့ နှင့် အနီးဝန်းကျင်အတွက် အပူချိန်လွန်ကဲမှုကို အနီရောင်အဆင့် ကြေငြာခဲ့ကာ အပူချိန်မှာ ၁၁၄. ဒီဂရီ (၄၆ C) အထိ မြင့်တက်ခဲ့သည်။ Washington Post နှင့် အကျိုးအမြတ်မယူသည့် CarbonPlan အဖွဲ့၏ ရာသီဥတုပြောင်းလဲမှုအချက်အလက်များကို အကဲဖြတ်ချက်များအရ အိန္ဒိယသည် ၂၀၃၀ ခုနှစ်တွင် အပူချိန်မြင့်တက်မှုကြောင့် ထိခိုက်ခံစားရနိုင်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာဖွယ်ရှိသည်။

 

မြန်မာနိုင်ငံတွင် ၁၁၄. ဒီဂရီ (၄၆ C) အထိ မြင့်တက်ခဲ့ပြီး နေရာအများအပြားတွင် အမြင့်ဆုံးစံချိန်တင် အပူချိန်မြင့်တက်ခဲ့သည်။ အပူချိန်ညွှန်းကိန်းမှာ လူသားများ ရှင်သန်နိုင်သည့် ကန့်သတ်ချက်ရောက်လုနီးနီး ရောက်ရှိခဲ့သည်။

 

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် အပူစံချိန်အများအပြားကို ချိုးဖောက်ကျော်လွန်ခဲ့သည်။ အစိုးရက ဓာတ်အားပေးမှု မငြိမ်သက်ခြင်းအတွက် သတိပေးခဲ့ပြီး ကျောင်းများ ရက်အတန်ကြာ ပိတ်ခဲ့သည်။

 

ထိုင်းနိုင်ငံတွင် "အဆုံးမရှိသည့် စံချိန်တင် အပူ” ကို တွေ့မြင်နေရကြောင်း မတ်လမှ စတင်ကာ အပူချိန်စံချိန်တင် မြင့်တက်မှုများအပေါ် Herrera က မှတ်ချက်ပြု ရေးသားခဲ့သည်။ ၂၀၂၃ ခုနှစ် တစ်ခုလုံးတွင် အပူကြောင့် သတိလစ်သေဆုံးသူ ၃၇ ဦး ရှိခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလ ၁၇ ရက်အတွင်း လူပေါင်း ၃၀ သေဆုံးခဲ့ရသည်ဟု ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

 

ယင်းကဲ့သို့ ကြာရှည်သော အပူချိန်မြင့်တက်မှုအတွက် တစ်ခုသော တွန်းအားပေးမှုမှာ ပုံမှန်မဟုတ်သော သမုဒ္ဒရာရေ ပူနွေးမှုကြောင့် ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင် အပူချိန် စံချိန်တင် မြင့်တက်နေသည်ဟု အရီဇိုးနားတက္ကသိုလ်မှ မိုးလေဝသပါမောက္ခ Kim Wood က X တွင် ရေးသားခဲ့သည်။

 

ကမ္ဘာကြီးသည် ၁၁ လ ဆက်တိုက် အပူဆုံးလသို့ ရောက်ရှိလာဖွယ်ရှိသည်။ အပူဆုံးနှစ် သို့မဟုတ် ဒုတိယအပူဆုံးနှစ် စံချိန်ကိုလည်း မြင်တွေ့ရဖွယ်ရှိသည်။ ဆောင်းရာသီတွင် အထွတ်အထိပ်ရောက်ခဲ့သော အယ်လ်နီညို ရာသီဥတုပုံစံသည် လူသားများကြောင့် ဖြစ်ပေါ်သည့် ရာသီဥတုပြောင်းလဲမှုကြောင့်‌ ဖြစ်ပေါ်နေသော အပူချိန်ကို ပို၍ မြှင့်တင်ပေးခဲ့သည်။

 

ကိုးကား - The Washington Post

ပုံစာ - တနင်္ဂနွေနေ့ မနီလာမြို့တွင် ပူပြင်းသည့် ရာသီဥတုတွင် ရေချိုးနေသည့် လူတစ်ဦး။ (Earvin Perias/AFP/Getty Images)

 Burma Associated Press

အရှေ့တောင်အာရှ
အပူလှိုင်း

Share With
bap-logo