စစ်ဘီလူးကို အံတုနေသည့် တောင်ပံများ
လွန်ခဲ့သော ၃ နှစ် က
စက်တင်ဘာ ၂၄။
နေ့အပူချိန်က ၃၅ ဒီဂရီ စဲဆီးယပ် ရှိနေသည်။
ထိုပူပြင်းသည့် နေရောင်အောက်တွင် ဂျပန်တစ်ပတ်ရစ် နှစ်ခန်းတွဲ Surf ကားလေးက တစ်နေရာ ဆီသို့ ဦးတည် ရွေ့လျားနေသည်။ တအိအိသွားနေသည့် ထိုကားငယ်သည် ရိတ်သိမ်းပြီးသည်မှာ အတန်ကြာပြီဖြစ်သည့် လယ်ကန်သင်းရိုးများကို ဖြတ်ရသည်။
ထိုအချိန် နောက်တွင် ပါလာသူများက ပြုတ်မကျစေရန် ကားတွင်ရှိသည့် ဘောင်တန်းများကို တင်းတင်း ကိုင်ထားကြသည်။
လယ်ကွင်းများအလွန်တွင်တော့ နှစ်ဖက်စလုံးတွင် ခြုံနွယ်များရှိနေသည့် တောလမ်းကို ထပ်ဖြတ် ရသည်။ တောလမ်းသည် ဖိုးဝှီးကားတစ်စီးသွားနိုင်သည်ဆိုရုံမျှသာရှိသည်။ အချို့သော ခြုံနွယ်များက လမ်းပေါ်သို့ ထိုးထွက်နေပြီး ကားငယ်၏ ဘေးဘယ်ညာနှင့် ခေါင်မိုးကိုပင် လာတိုက်မိသည်အထိဖြစ်သည်။
မညီမညာ ချိုင့်ခွက်များရှိနေသည့်လမ်းတွင် အမြန်မောင်းခြင်းမဟုတ်သည့်တိုင် ဖုန်လုံးများက ကားနောက်တွင် ကျန်ခဲ့သည်။ ရုတ်တရက် ကားရပ်လိုက်ချိန်တွင် အဆိုပါ ဖုန်လုံးက ကားနောက်ခန်းတွင် ရှိသူများထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။
“ဒီလိုမျိုး ကားနောက်မှာလိုက်ပြီး သူပုန်လုပ်ရမယ်လို့ တစ်ခါမှ စိတ်မကူးဖူးဘူး”
ထူထဲသည့် အဝေးကြည့် ပါဝါမျက်မှန်တပ်ကာ ပြောက်ကျားဝတ်စုံ ဝတ်ထားသည့် အသက် ၂၆ နှစ်အရွယ် လူငယ်က ကားနောက်မြှီးတွင်ပါသည့် လူများအားလုံးကြားနိုင်လောက်သည့် လေသံဖြင့် ပြောလိုက်သည်။ ကားနောက်မြှီးတွင် ပါလာသူများမှာ အသက် ၂၀ မှ ၂၆ အတွင်း ရှိသည့် လူငယ် ၆ ဦး ဖြစ်သည်။
“ဖြစ်ချင်တာက အင်ဂျင်နီယာ မဟုတ်လား” ဟု အခြားတစ်ယောက်က ရယ်မောရင်း ပထမ လူငယ်၏ စကားကို တုန့်ပြန်သည်။ ထို့နောက်တွင်တော့ အခြားသော ထွေရာလေးပါးများပြောရင်း ဆူညံစွာဖြင့် လိုက်ပါလာကြသည်။
ထိုလူငယ်အဖွဲ့တွင် ဆံသားနက်နက် မတိုမရှည်၊ အသားညိုညို ပိန်ပိန်ပါးပါးဖြင့် အသက် ၂၁ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးလည်းပါသည်။
“၂၀၂၁ ဒီဇင်ဘာမှာ တောထဲရောက်လာတာ။ စရောက်လာတုန်းကတော့ လက်နက်ထုတ်လုပ်ရေး ဘက်မှာ” ဟု နေခြည်ဟု အမည်ရသည့် သူကဆိုသည်။ လက်ရှိတွင် အဖွဲ့၏ တိုက်ခိုက်ရေး လုပ်ငန်း များအတွက် အချက်အလက်များ စုဆောင်းခြင်း စောင့်ကြည့်ခြင်းများကို တာဝန်ယူထားရသည် ဟုလည်း သူက ပြောသည်။
“ဒီလိုမျိုး ကားနောက်မှာလိုက်ပြီး သူပုန် လုပ်ရမယ် လို့ တစ်ခါမှ စိတ်မကူးဖူးဘူး”
နေခြည် အပါအဝင် အားလုံးသည် “မစ်ရှင်ရှိတယ်” ဟူသည့် ညွန်ကြားချက်ရောက်လာပြီးနောက် မိနစ် ၃၀ ခန့်အတွင်း ယာယီ အခြေချစခန်းမှ ပြင်ဆင်ကာ ထွက်လာကြခြင်းဖြစ်သည်။ ယခုမစ်ရှင်သည် ဧပြီလ ပထမပတ်၏ သုံးရက်အတွင်း ဒုတိယမြောက် ဖြစ်သည်။
ဆယ်စုနှစ် ၇ ခုစာ လက်နက်ကိုင်တော်လှန်ရေးအတွေ့အကြုံရှိသည့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ (၆) သည် ၎င်းတို့၏ တော်လှန်ရေးခြေကုပ်နေရာတစ်ခုဖြစ်သည်။
ထိုနယ်မြေ၏ တောတောင်ထူထပ်သော ၅ မှ ၇ မီလီမီတာခန့်ရှိမည့် ခြင်ကြီးများနှင့် အရွယ်အစားစုံသည့် ပျားကောင်များရှိသည့်နေရာသည် ၎င်းတို့အဖွဲ့၏ စခန်း ဖြစ်သည်။ ထိုနေရာသည် နှစ်နှစ်အတွင်း တတိယမြောက် ရွေ့ပြောင်းလာသည့်နေရာတစ်ခုလည်းဖြစ်သည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သည့် နည်းပညာတက္ကသိုလ်ကျောင်းသား (ယင်းတို့၏ လုံခြုံရေးအရ တက္ကသိုလ်ကို ဖော်ပြလိုခြင်းမရှိပေ) ငါးဦး ဦးဆောင်ကာ အခြားအဖွဲ့ဝင် ၁၀ ဦး ရှိသည့် သူတို့ကို Spring UAV Force- G3 ဟု အမည်ပေးထားသည်။
“ငြိမ်းချမ်းစွာဆန္ဒပြမှုမှာပါခဲ့တယ်။ စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းမှုကို ကိုယ့်ရှေ့မှာမြင်ရတဲ့အခါ ကျွန်တော်တို့က လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့တယ်” ဟု အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ကိုပိုင်စိုးက ပြောသည်။
ထိုအဖွဲ့သည် လူသူလက်နက်တောင့်တင်းသည့် စစ်ကောင်စီတပ်ကို တောင်ပံပါသည့် fixed wing ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့ဖြစ်သည်။
“ကျနော် တစ်ယောက်ထဲ လက်နက်ကိုင်လို့ ဘာမှသိပ်ပြီးထူးခြားသွားမှာ မဟုတ်ဘူးလို့တွေးတယ်။ ကျနော်တို့က အင်ဂျင်နီယာကျောင်းသားတွေဖြစ်တဲ့အတွက် နည်းပညာကိုအသုံးချနိုင်ရင် တော်လှန် ရေးအတွက် အများကြီး အထောက်အကူပြုမယ်ထင်လို့ ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်” ဟု ကိုပိုင်စိုးကပြောသည်။
အာဏာမသိမ်းမီက ယင်းတို့၏ စာသင်ခန်းများတွင် သီအိုရီပိုင်းဆိုင်ရာ ရင်းနှီးကျွမ်းဝင်သည့် သူတို့သည် နည်းပညာအသုံးပြုကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်မည့် နည်းလမ်းများကို အင်တာနက်တွင် ရှာဖွေခဲ့ကြသည် ဟုဆိုသည်။ ထို့နောက် ဈေးကွက်အတွင်းရနိုင်သည့် ဒရုန်းများကို ပြုပြင်၍ စစ်ရေးအတွက် အသုံးပြုနိုင်ရန် ဖန်တီးခဲ့သည်ဟု ဆိုသည်။
Spring UAV Force- G3 ၏ စခန်းတွင်း အလုပ်ရုံငယ်မှာပင် ဗုံးကြဲလေယာဉ်အဖြစ် ပြုပြင်ထားသည့် fixed wing ဒရုန်းများသည် ၁ လီတာ ရေသန့်ဘူးအရွယ်ရှိ ဗုံးသီးတစ်လုံးကို တင်ဆောင်၍ တစ်နာရီလျှင် ကီလိုမီတာ ၆၀ မှ ၁၀၀ အကြားရှိသည့် အမြန်နှုန်းဖြင့်သွားနိုင်အောင် ဖန်တီးထားသည်။
ထို့ကြောင့် ၅ ကီလိုမီတာနှင့်အထက် အကွာအဝေးရှိရန်သူကို ၅ မိနစ်မှ ၁၀ မိနစ် အချိန်အတွင်း သွားရောက် တိုက်ခိုက်နိုင်သည်။
စစ်ဆင်ဗုံးကြဲနိုင်ရန် ပြုပြင်သုံးနိုင်သည့် အမျိုးအစားတစ်ခုဖြစ်သော Multirotor ဟုခေါ်သည့် ပန်ကာလေးခုပါ ဒရုန်းများသည် တန်ဖိုးအားဖြင့် ကျပ် သိန်း ၂၀၀ ထက်မနည်း ရှိနေချိန်တွင် fixed wing ဒရုန်းများသည် မြေပြင် ထိန်းချုပ်မှု စနစ်အပါအဝင် ကျပ် သိန်း ၆၀ ဝန်းကျင်သာ ကျသင့်သည်ဟုဆိုသည်။
သို့ရာတွင် ကောင်းကင်အမြင့် မီတာ ၇၀၀ မှ ၁,၀၀၀ ဝန်းကျင်တွင် အရှိန်ဖြင့်ပျံကာ ဗုံးကြဲရသည့် Fixed Wing ဒရုန်းများသည် ပစ်မှတ်တိကျမှုတွင် Multirotor ဒရုန်းများလောက် တိကျမှုမရှိပေ။
ပစ်မှတ်လွဲချော်နိုင်မှုမှာ ၃ ကိုက်မှ အများဆုံး ၂၅ ကိုက်ဖြစ်သည်ဟု ဆိုသည်။
ထိုသို့ ပစ်မှတ်အားထိမှန်မှု အနီးစပ်ဆုံးဖြစ်ရန်အတွက် ဗုံးသီးချလေ့ကျင့်မှု အကြိမ် ၆၀ မှ ၈၀ နီးပါးအထိ လေ့ကျင့်ခဲ့သည်ဟု အဖွဲ့ဝင်များကဆိုသည်။
“ဘောလုံးကွင်းတစ်ကွင်းလုံး အပေါက်တွေဖြစ်သွားတဲ့အထိ လေ့ကျင့်ခဲ့တယ်” ဟု အဖွဲ့ ခေါင်းဆောင် ကိုပိုင်စိုးက ပြောသည်။
စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်ဟု သတ်မှတ်ထားမှုတွင် ၎င်းတို့ကို ဒရုန်းဖြင့် တိုက်ခိုက်မှု များလည်း ပါသည်။ စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ဒရုန်းများကြောင့် အရပ်သားနှင့် အရပ်ဖက် အဆောက်အဦ ထိခိုက်မှုများကို မကြာခဏ ဖော်ပြလေ့ ရှိသည်။
စစ်ကောင်စီ၏ စွပ်စွဲပြောဆိုမှုများကို Spring UAV Force-G3 အဖွဲ့က ငြင်းသည်။
စစ်ကောင်စီက အတိုက်အခံများကို သုံးစွဲသည့် “အကြမ်းဖက်သမား” ဆိုသည့် စကားလုံးသည် တော်လှန်ရေး တပ်ဖွဲ့ဝင်များအကြား တစ်ဦးနှင့်တစ်ဦး စနောက်သည့် စကားလုံးတစ်ခုထက် မပိုပေ။
“ကျနော်တို့ ဗုံးသီးသယ်သွားတဲ့ လေယာဉ်ဟာ လမ်းမှာ မတော်တဆဖြစ်ပြီး ပျက်ကျသော် လည်းကောင်း ဗုံးသီးပြုတ်ကျသော်လည်းကောင်း ဖြစ်လာရင် ပြည်သူတွေမထိအောင် Mission Plan ချကထဲက ပြည်သူတွေ ရှိတဲ့နေရာတွေကို ရှောင်ပြီး လုပ်ထားတာ။ ပြည်သူတွေမပြောနဲ့ ရန်သူ မိသားစုတွေနေတဲ့နေရာ အကြိမ်ကြိမ် ဖြတ်ပျံခဲ့ပေမဲ့ သူတို့ကိုထိခိုက်အောင် လုပ်ခဲ့တာလည်း မရှိဘူး” ဟု Spring UAV Force-G3 အဖွဲ့က တုန့်ပြန်သည်။
သို့ရာတွင် စစ်ဆင်ရေးပြုလုပ်နေသည့်အချိန်တွင် စစ်ကောင်စီ၏ Jammer ကြောင့်သော် လည်းကောင်း၊ ရာသီဥတုကြောင့်သော်လည်းကောင်း မြေပြင်ထိန်းချုပ်မှု စနစ်နှင့် ဒရုန်းအကြား စက္ကန့် ၃၀ နှင့်အထက် ယာယီ အဆက်အသွယ် ပြတ်တောက်မှုများ ရှိတတ်သည်ကိုတွေ့ခဲ့ရသည်။ အဆက်အသွယ်ပြန်ရသည့်အချိန်တွင် အဖွဲ့သားအားလုံး ပထမဆုံးသတိထားကြည့်မိသည်မှာ လေယာဉ်တွင် တပ်ဆင်ထားသည့် ဗုံးသီး မူလနေရာတွင် ရှိမရှိကို ဖြစ်သည်။
စစ်ဆင်ရေးတစ်ခုတွင် ဗုံးကြဲခွင့်မသာသည့်အတွက် လေယာဉ်ကို ပြန်ခေါ်ကာ တပ်ဆင်ထားသည့် ဗုံးသီးကို ယင်းတို့နှင့် မီတာ ၅၀၀ ခန့်အကွာ လယ်ကွင်းတစ်ခုအတွင်း ပစ်ချ ဖောက်ခွဲခဲ့ရသည့် ရုပ်သံဖိုင်ကိုလည်း ကြည့်ခွင့်ရခဲ့သည်။ ဗုံးသီးက လေယာဉ်နှင့် အတူ ပြန်ပါလာသည့် ဖြစ်စဉ် နှစ်ကြိမ်ရှိပြီဖြစ်ကြောင်းသိရသည်။ နှစ်ကြိမ်စလုံးတွင် အဖွဲ့သားများ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခြင်းကို ‘ကံကောင်းခြင်း’ ဟု မှတ်ယူကြသည်။
Spring UAV Force-G3 အဖွဲ့၏ စစ်ရေးအရတိုက်ခိုက်သည့် ပစ်မှတ်များမှာ စစ်ကောင်စီ လက်နက်ကြီး တပ်ဆင်ထားရာ နေရာများ၊ ရဲစခန်းများ၊ စစ်အခြေစိုက်စခန်းများနှင့် ယာယီ အခြေပြုနေရာများ ဖြစ်သည်ဟု ဆိုသည်။
ပြည်သူတွေမပြောနဲ့ ရန်သူ မိသားစုတွေနေတဲ့နေရာ အကြိမ်ကြိမ် ဖြတ်ပျံခဲ့ပေမဲ့ သူတို့ကို ထိခိုက်အောင် လုပ်ခဲ့တာလည်း မရှိဘူး
စစ်အာဏာသိမ်းပြီး ၄ လနီးပါး အကြာတွင် စတင်ဖွဲ့စည်းခဲ့သည့် Spring UAV Force-G3 ၏ ပထမဆုံး မစ်ရှင်ကို ၂၀၂၂ ဇူလိုင်လအတွင်းက ကော့ကရိတ်မြို့အခြေစိုက် အမှတ်(၉၇) ခြေလျင်တပ်ရင်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့သည်ဟုဆိုသည်။
“ကျုံဒိုး အမှတ် (၅၄၆) ခြေမြန်တပ်ရင်းကို ကြဲချတုန်းက စကစ ၁၃ ယောက် သေတယ်။ အဲဒီတုန်းက ကျနော်တို့ တစ်ဖွဲ့လုံး ထခုန်ပြီး ၅ မိနစ်လောက် ပျော်နေကြတာ” ဟု ယခုတိုင် ကျေနပ်နေသည့် ပုံစံဖြင့် အဖွဲ့ခေါင်းဆောင် ကိုပိုင်စိုးက ပြောသည်။
အချို့သောအကြိမ်များတွင် ရန်သူ့ဝင်းထဲသို့ ဗုံးသီးကျ ပေါက်ကွဲသည်ဟု ဒရုန်း ရုပ်သံမှတ်တမ်းများ အရ သိနိုင်သော်လည်း ထိခိုက်မှုကို အတည်ပြုနိုင်ခြင်းမရှိဟုဆိုသည်။ စစ်ကောင်စီထံမှ ထိခိုက် ကျဆုံးမှု စာရင်းကို ယုံကြည်စိတ်ချရသည့် အတွင်းသတင်းပေးများထံမှ ရယူကြသည်။
ဒရုန်းမှ ကြဲကျမည့် ဗုံးသီးကို ယခင်က အီနာဂါဟုခေါ်သည့် လက်နက်ငယ်တွင် ထည့်ပစ်သည့် ဗုံးသီးကို သုံးခဲ့ကြသည်။ သို့ရာတွင် အီနာဂါသည် ရန်သူထိခိုက်မှုနည်းသည့်အတွက် Spring UAV Force-G3 အဖွဲ့ က NUG လက်အောက်ခံ ဂဠုန်စစ်ကြောင်းမှ ဗုံးသီး ထုတ်လုပ်သူများနှင့်တိုင်ပင်၍ ဒီဇိုင်းဆွဲကာ လက်လုပ် တီထွင် အသုံးပြုခဲ့သည်ဟုဆိုသည်။
“ထိခိုက်မှုနည်းတဲ့ ဗုံးသီးသေးသေးတွေနဲ့ ရန်သူ့ကို သွားမစချင်ဘူး။ လုပ်မဲ့လုပ်တော့လည်း အဝေးရောက် ထိပ်ပေါက်ဖြစ်တဲ့အထိလုပ်ချင်တာ” ဟု ကိုပိုင်စိုးက အားတက်သရော ပြောသည်။
Fixed Wing ဒရုန်းဖြင့် တိုက်ခိုက်မှုသည် စစ်ပွဲတစ်ခု၏ အဖြေကို များစွာပြောင်းလဲနိုင်သည့် စွမ်းအား မရှိသေးသော်လည်း ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ၏ အဟုန်နှင့် လက်နက်ကြီး ပစ်ခတ်မှုများကို အခိုက်အတန့် ဟန့်တားနိုင်ခြင်းဖြင့် မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို အထောက်အကူပေးသည်ဟု Spring UAV Force-G3 အဖွဲ့က ယုံကြည်ထားသည်။
စစ်ရေးပစ်မှတ်များကို ဗုံသီးကြဲတိုက်ခိုက်ရန်အတွက် အမျိုးသားညီညွတ်ရေးလက်အောက်ခံ တပ်ရင်းတစ်ခု ဖြစ်သည့် ဂဠုန်စစ်ကြောင်းမှူးများ၏ အမိန့်အတိုင်းဆောင်ရွက်သည်ဟုလည်း ၎င်းတို့က ဆိုသည်။
၎င်းတို့အဖွဲ့အနေဖြင့် ယနေ့ အချိန်အထိ ဒရုန်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၀ ကျော် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ဟုလည်း သိရသည်။ ထိုတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက် အကျအဆုံးများသည်ဟု အတိအကျ ပြော၍ ရသည်မှာ တိုက်ခိုက်မှု၏ ၁၀ ရာခိုင်နှုန်းခန့် ရှိသည်ဟုဆိုသည်။
ထိခိုက်မှုနည်းတဲ့ ဗုံးသီးသေးသေးတွေနဲ့ ရန်သူ့ကို သွားမစချင်ဘူး။ လုပ်မဲ့လုပ်တော့လည်း အဝေး ရောက် ထိပ်ပေါက်ဖြစ်တဲ့အထိလုပ်ချင်တာ
စစ်ရေးပစ်မှတ်များကို ပိုမိုထိရောက်စွာတိုက်ခိုက်နိုင်ရန်အတွက် သူ့ထံတွင် စိတ်ကူး အစီအစဉ်များ ရှိသည်ဟု Spring UAV Force-G3 အဖွဲ့မှ လေယာဉ် တည်ဆောက်သူ တစ်ဦးဖြစ်သည့် ကိုကျော်ဝဏ္ဏက ပြောသည်။
သစ်ဝါးများဖြင့် ပြုလုပ်ထားပြီး တာလပတ်မိုးထားသည့် သာမာန် ဆိုင်ကယ်ပြင်ဆိုင်တစ်ခုစာ အကျယ်ရှိသည့် နေရာသည် ကိုကျော်ဝဏ္ဏ၏ လေယာဉ်တည်ဆောက်ရေး အလုပ်ရုံဖြစ်သည်။ ခြောက်ပေခန့်သာ အမြင့်ရှိသည့် အလုပ်ရုံ၏ဘယ်ဘက်တွင် တစ်ဝက်တစ်ပြတ်ဖွင့်ထားသည့် စက္ကူပုံးများ၊ စမ်းသပ်ပျံသန်းရင်း ပျက်ကျထားသည့် Fixed Wing များနှင့် စင်ပေါ်တွင် တင်ထားသည့် အခြားသောလေယာဉ်ငယ် အဟောင်းများဖြင့် ပြည့်နှက်နေသည်။ ထိုကျဉ်းမြောင်း ရှုပ်ပွနေသည့် အလုပ်ရုံတွင် လူငယ် လေးငါးဦးခန့်သည် ချွေးတလုံးလုံးဖြင့် ကြပ်တည်းစွာ အလုပ် လုပ်ကြရသည်။
စစ်ကောင်စီအား တိုက်ခိုက်ရန်အတွက် လတ်တလောတည်ဆောက်နေသည်မှာ ကာမီကာဇေဟု ခေါ်သည့် စစ်ရေးပစ်မှတ်များရှိရာကို ထိုးစိုက်ဖျက်ဆီးမည့် လေယာဉ်ငယ်တစ်စင်းဖြစ်သည်။
“ဗုံးသီးကြဲချတာ အကြိမ်ကြိမ်သွားတိုက်လို့ရပေမဲ့ ထိရောက်မှု အားနည်းတယ်၊ ပိုပြီးထိရောက်မှု ရှိအောင် ရည်ရွယ်ပြီးလုပ်တာ” ဟု စွပ်ကျယ်လက်ပြတ်ဝတ်ထားသည့်တိုင် အလုပ်ရုံ၏ အပူချိန် ကြောင့် ချွေးတစ်လုံးလုံး ဖြစ်နေသည့် ကိုကျော်ဝဏ္ဏက ပြောသည်။
သူတည်ဆောက်နေသည့် လေယာဉ်၏ အစိတ်အပိုင်း ထက်ဝက်ခန့်ကို 3D ပရင်တာဖြင့် ဒီဇိုင်းဆွဲကာ ကိုယ်တိုင် ပြုလုပ်ပြီး ကျန်အစိတ်အပိုင်းများကိုမူ ပြည်ပနိုင်ငံများမှဝယ်ယူ၍ တရားမဝင် လမ်းကြောင်းများမှ တင်သွင်းရသည်ဟု ဆိုသည်။
Spring UAV force-G3 အတွက် ကိုယ်တိုင်တည်ဆောက်သည့် လေယာဉ် ၇ စင်းရှိပြီဖြစ်သည့် ကိုကျော်ဝဏ္ဏက လေယာဉ်တစ်စင်း တည်ဆောက်ရန် အချိန် တစ်ပတ်ခန့် ယူရသည်ဟုဆိုသည်။
ယခု စမ်းသပ်တည်ဆောက်နေသည့် ကာမီကာဇေမှာ အမြင့်ဆုံး မီတာ ၇၀၀ တွင် ၁ မိနစ်လျှင် ၁ ကီလိုမီတာနှုန်းဖြင့် အကွာအဝေး ၁၅ ကီလိုမီတာအထိသွားနိုင်သည်ဟုဆိုသည်။
“ပိုကောင်းတဲ့ အီလက်ထရောနစ်ပစ္စည်းတွေရှိရင် Jammer ကို ခံနိုင်ရည်ရှိအောင်၊ အလေးချိန် များများတင်ပြီး ပိုဝေးဝေးသွားနိုင်အောင် လုပ်လို့ရတယ်” ဟုလည်း ကိုကျော်ဝဏ္ဏက ပြောသည်။
နည်းပညာပိုင်းဆိုင်ရာ အခက်အခဲနှင့် လိုအပ်သည့် အီလက်ထရောနစ်ပစ္စည်းများရရှိနိုင်မှု အခက်အခဲကြောင့် Spring UAV Force G-3 အဖွဲ့၏ အလုပ်ရုံမှထွက်သည့် ကာမီကာဇေ ဒရုန်းများသည် စမ်းသပ်ဆဲအဆင့်မှာ ပင်ရှိနေသည်။
စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ရန်အတွက်မူ တရားမဝင်လမ်းကြောင်းများမှ ရရှိသည့် fixed wing ဒရုန်းများကို ပြုပြင်ကာ သုံးစွဲနေရဆဲဖြစ်သည်။
“အချို့ ပြည်ပကနေ ပုဂ္ဂလိက လေယာဉ်တစ်စင်း၊ နှစ်စင်းလှူတာရှိတယ်၊ NUG ရဲ့ ကမ်ပိန်း တစ်ခုကနေလည်း သိန်း ၃၀၀ တစ်ခါရဖူးတယ်။ အခြား အသိမိတ်ဆွေတွေကလည်း ကူညီကြတာ အနည်းငယ်ရှိတယ်” ဟု ရန်ပုံငွေ ရှာဖွေရေးတာဝန်ခံတစ်ဦးဖြစ်သည့် ကိုမင်းညိုက ပြောသည်။ အဆိုပါ ကမ်ပိန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ နောက်ဆုံးထုတ်ပြန်ခဲ့သည့် DragonFly နှင့်တော့ မသက်ဆိုင်ဟုလည်း ဆိုသည်။
DragonFly Project သည် လေကြောင်းရန်ကာကွယ်ရေးအတွက် NUG နှင့် နိုင်ငံတကာမှ အလှူငွေ ကောက်ခံသူများ ကမကထလုပ်ကာ ကောက်ခံသည့် ရန်ပုံငွေလှုပ်ရှားမှုတစ်ခုဖြစ်သည်။
ထိုမှရငွေများအနက် ဒေါ်လာ ၁ ဒသမ ၄ သန်းကျော်ကို လေကြောင်းရန်ကာကွယ်ရေးအတွက် သုံးစွဲထားပြီး တန်ပြန် လေကြောင်း တိုက်ခိုက်ရေးအတွက် ဒေါ်လာ ၈ သိန်း သုံးစွဲထားသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရက ယခုနှစ် မတ်လ ၃၀ ရက်က ကြေညာခဲ့သည်။
-
စခန်းမှထွက်လာပြီး ၄၅ မိနစ်ခန့်အကြာတွင် စစ်ကောင်စီလှုပ်ရှားစစ်ကြောင်း ပစ်မှတ်ကို ပစ်ခတ်နိုင်မည့် အကွာအဝေးသို့ ရောက်ခဲ့သည်။ ထိုနေရာသည် ကွေ့ကောက်စီးဆင်းနေသည့် ဟောင်သရောမြစ်၏ သောင်ခုံတစ်ခုအနီးတွင်ဖြစ်သည်။ မြစ်အတွင်း ဘဲများကိုတွေ့ရသည့်အတွက် ရွာနှင့်သိပ်မဝေးသည့်နေရာဟု ဆိုနိုင်သည်။
ဒရုန်းအဖွဲ့သားများက စက္ကူပုံးရှည်အတွင်း ထည့်လာသည့် ဗုံးကြဲလေယာဉ်ငယ်ကို မိနစ်ပိုင်းအတွင်း အမြန်တပ်ဆင်သူက တပ်ကြသည်။ ဒေတာစောင့်ကြည့်ရသည့် အသက် ၂၁ အရွယ် အမျိုးသမီး တစ်ဦးဖြစ်သည့် မနေခြည်နှင့် ယင်းနှင့် မတိမ်းမယိမ်း အသက်အရွယ်ရှိ ဒရုန်းမောင်းနှင်မည့်သူက Mission Planer ဖြင့် လေယာဉ်သွားမည့် လမ်းကြောင်း ဗုံးကြဲမည့်နေရာတို့ကို သတ်မှတ်ကြသည်။ ခေတ်မီ မော်တော်ကားစက်ရုံ တစ်ခုမှ Robot များကဲ့သို့ သူ့တာဝန်နှင့်သူ အချိန်ကိုက် လုပ်ဆောင် နေကြသကဲ့သို့ပင်။
ဒရုန်း မလွှတ်တင်မီ အလျား ၃ ပေ နီးပါးရှိ လေယာဉ်၏ တောင်ပံတွင်ရှိသော ပန်ကာနှစ်ခု၏ လည်အား၊ တောင်ပံများ၏ အလုပ်လုပ်ပုံနှင့် အလေးချိန် ညီမျှမှုကို စစ်ဆေးကြသည်။ ထို့နောက် အသင့်ယူဆောင်လာသည့် ငွေရောင် လက်လုပ်ဗုံးသီးကို လေယာဉ် ဗိုက်အောက်မှနေ၍ တပ်သည်။ တပ်ထားသည့် ဗုံးသီးခိုင်မခိုင် အဖြုတ်အတပ် သုံးကြိမ်လုပ်ကြည့်သည်ကိုတွေ့ရသည်။
ပိုကောင်းတဲ့ အီလက်ထရောနစ်ပစ္စည်းတွေရှိရင် Jammer ကို ခံနိုင်ရည်ရှိအောင်၊ အလေးချိန် များများတင်ပြီး ပိုဝေးဝေးသွားနိုင်အောင် လုပ်လို့ ရတယ်
၁၅ မိနစ်အတွင်း ဗုံးသီးတပ်လေယာဉ်သည် လွှတ်တင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
“၅၀” ”၇၀” “၉၀” တစ်ယောက် ကျယ်ကျယ်လောင်လောင်ဖြင့် လေယာဉ်တောင်ပံများတွင် တပ်ဆင်ထားသည့် မော်တာများ၏ အရှိန်နှုန်းကို အော်ပြောနေသည်။
ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းရှိသည့် အသက် ၂၅ အရွယ် လူငယ်တစ်ယောက်က လေယာဉ်ကို ပွေ့ထားကာ အခြားတစ်ယောက်က မြေပြင်တွင် ဒူးထောက်လျှက် လေယာဉ်ဝမ်းအတွင်း တပ်ဆင်ထားသည့် ဗုံးသီးမှ safe pin ကို ဖြုတ်သည်။ ထို safe pin ဖြုတ်သည့် လူငယ်ကပင် ပွေ့ထားသူထံမှ လေယာဉ်ကို လက်ပြောင်းယူလိုက်သည်။
အရှိန်နှုန်းကိုအော်ပြောနေသည့် လူထံမှ “၉၀” ဟူသည့် အသံကိုကြားသည်နှင့် လက်နှစ်ဖက်ဖြင့် ကိုင်ထားသည့် အလေးချိန် ၆ ကီလိုဂရမ်နီးပါးရှိသည့် လေယာဉ်ကို ဒူးကိုညွတ်ကွေးခြင်းဖြင့် ခန္ဓာကိုယ်၏ အားကိုယူကာ မျက်နှာချင်းဆိုင်အရပ်သို့ အားကုန်ပစ်လွှတ်လိုက်သည်။
ဗုံးသီးတပ်လေယာဉ်ငယ်သည် ငြိမ့်ခနဲအောက်သို့ အနည်းငယ်ဆင်းပြီးနောက် ကောင်းကင်သို့ ဦးမော့ကာ တရှိန်ထိုး ထိုးတက်သွားသည်။
ဗုံးသီးတပ်ထားသည့် လေယာဉ်ကို ကိုင်ပစ်သည့် လူငယ်သည်လည်း အသက် ၂၁ နှစ်အရွယ်သာ ရှိသေးသည်။ လေယာဉ် ပစ်တင်နေသည်မှာ ၂၅ ကြိမ်ထပ်မနည်းရှိနေပြီး ထိုသို့ ပစ်တင်ရသည်ကို စိုးရိမ်မှုမရှိဟုဆိုသည်။
“ကိုယ့်ထက်ငယ်တဲ့လူတွေလည်း ဒီထဲမှာရှိတယ်။ ဒီထဲမဝင်ရင် လိပ်ပြာမသန့်လို့ ဝင်လာတာ” ဟု နွေဦးဟု အမည်ပေးထားသည့် လူငယ်က တိုတိုရှင်းရှင်းပြောသည်။
လေယာဉ်မတက်မီကပင် ကွန်ပြူတာမော်နီတာကို တောက်လျှောက်ကြည့်နေသည့် ဒေတာသမား မနေခြည် ကလည်း လေယာဉ်ငယ်၏ လမ်းကြောင်း၊ အမြင့်ပေ၊ အမြန်နှုန်းများနှင့် တပ်ဆင်ထားသည့် ဗုံးသီး၏ အခြေအနေကို အားလုံးကြားအောင် တောက်လျှောက် အော်ပြောနေသည်။
၅ မိနစ်ခန့်အကြာတွင် သတ်မှတ်ထားသည့်ပစ်မှတ်အရောက် ဗုံးသီးကို လေယာဉ်မှ ဖြုတ်ချ လိုက်သည်။ ထိုသို့ ဖြုတ်ချလိုက်သည်ကိုလည်း လေယာဉ်တွင်တပ်ထားသည့် ကင်မရာမှတဆင့် စောင့်ကြည့်နေသည့် ဖုန်းမျက်နှာပြင်တွင် တွေ့နေရသည်။
ဖြုတ်ချပြီး စက္ကန့်ပိုင်းမျှအကြာတွင် အကွာအဝေး ၉ ကီလိုမီတာ မှ ကျယ်လောင်သည့် ‘ဝုန်း’ ဆိုသည့် ပေါက်ကွဲသံကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရသည်။
တိုင်ပင်ထားသည့်အလား လေယာဉ်တစ်ဖွဲ့သားလုံး ‘ဝိုး’ ဟု အော်ကြသည်။
ထိုနေ့က fixed wing ဖြင့် နှစ်ကြိမ်သွားကြဲသည်တွင် စစ်ကောင်စီပစ်မှတ်ကို ထိခိုက်ခြင်း မရှိကြောင်း သတင်း ပြန်ကြားရသည်။
ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီပစ်မှတ်အား ကြီးမားစွာထိခိုက်မှုမရှိသည့် တိုက်ခိုက်မှုများကို ဒေသခံအချို့က များစွာဘဝင်မကျပေ၊
အကြောင်းမှာ စစ်ကောင်စီဘက်က တော်လှန်ရေးအဖွဲ့များ ရှိမည်အထင်ဖြင့် ကျေးရွာများအတွင်း လက်နက်ကြီး ဖြင့် ပြန်လည် ပစ်ခတ်တတ်သည့်အတွက်ဖြစ်သည်။ ထိုသို့ ပစ်ခတ်သည့် အတွက်လည်း အနီးနားရှိ ဒေသခံ နေအိမ်များ ထိမှန်ခဲ့သည့် ဖြစ်စဉ်များ အကြိမ်ကြိမ် ရှိခဲ့သည်။
“သူတို့ ဗုံးကြဲပြီး ပြန်သွားရင် ကျန်တာက အမိုးတို့ အတွက်ပဲ ( စစ်ကောင်စီ ရမ်းသမ်းပစ်လိုက်သည့် လက်နက်ကြီး ကို ဆိုလိုသည်)” ဟု ကော့ကရိတ်ကျေးရွာအတွင်း နေထိုင်သည့် အသက် ၆၀ ဝန်းကျင် အမျိုးသမီးက စိုးရိမ်ကြောင့်ကြသည့် ဟန်ဖြင့် ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး-KNUက အာဏာသိမ်းပြီး ၂ နှစ်တာအတွင်း ကရင်ပြည်နယ်တွင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှု ၇၅၈ ကြိမ် ရှိခဲ့ပြီး နေအိမ် ၂၂၇ လုံးပျက်စီးသွားသည့်အပြင် ပြည်သူ ၁၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု ယခုနှစ် ဧပြီ ၅ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
သူတို့ ဗုံးကြဲပြီး ပြန်သွားရင် ကျန်တာက အမိုးတို့ အတွက်ပဲ ( စစ်ကောင်စီ ရမ်းသမ်းပစ်လိုက်သည့် လက်နက်ကြီး ကို ဆိုလိုသည်)
ဗုံးသီးတပ်ထားသည့် လေယာဉ်ကို ကိုင်ပစ်သည့် လူငယ်သည်လည်း အသက် ၂၁ နှစ်အရွယ်သာ ရှိသေးသည်။ လေယာဉ် ပစ်တင်နေသည်မှာ ၂၅ ကြိမ်ထပ်မနည်းရှိနေပြီး ထိုသို့ ပစ်တင်ရသည်ကို စိုးရိမ်မှုမရှိဟုဆိုသည်။
၂၀၂၁ ခုနှစ် တွင် စတင်ခဲ့သည့် မြန်မာ့နွေဦးသည် လက်နက်ကိုင်လမ်းစဉ်ကို ပြောင်းလဲလာသည်မှာ အရှိန်တစ်ခု ရရှိနေပြီဖြစ်သည်။
ခေတ်မီတိုက်လေယာဉ်များ၊ ဖျက်အားပြင်းသည့် လက်နက်ကြီးများနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရက်စက်ကြမ်းကြုတ်သည့် စစ်သားများကို တော်လှန်ရေးတပ်သားများက ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်ဖြင့် ခုခံတော်လှန်နေဆဲပင်။
***အသိပေးချက်***
ဤသတင်းဆောင်းပါးသည် ယခုနှစ် ဧပြီလတွင် BAP က သွားရောက်ရေသားထားခြင်းဖြစ်ကာ အသုံးပြုထားသည့်နာမည်များသည် တစ်ဦးချင်း၏ လုံခြုံရေးအရ ပြောင်းလဲထားးသည့် အမည် များသာ ဖြစ်သည်။
Burma Associated Press